ကျွန်တော်၏အမဲလိုက်သက်တမ်းတစ်လျှောက် အမဲရှားပါးသည့်တောရယ်လို့ ကြုံဖူးခြင်းရှိခဲ့၏။ မည်မျှပင် သားကောင်ရှားသည်ဆိုငြား တစ်ကောင်တစ်လေတော့ဖြင့် မဖြစ်မနေ ရအောင်ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့၏။
ယခု မဟူကြိုးဝိုင်းအတွင်း ရောက်နေကြသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်သော်လည်း မည်သည့်သားကောင်ခြေရာမျိုးမှ ခံ၍ပင် မရချေ။ ပါလာသည့် ရိက္ခာခြောက်လည်း ကုန်လုပြီး လမ်းပြကြီး စောမောင်စိုးဖွေကျွေးနေသည့် ကြက်လေး၊ ငှက်ကလေးများကိုလည်း မျှတစားနေရင်း အမဲကြီးပစ်ရမည့်နေ့ကိုမျှော်လင့်နေကြရ၏။
ကျွန်တော်တို့ ရက်ရှည်(ခုနှစ်ရက်တစ်ပါတ်)အမဲပစ်ထွက်ကြလျင် တစ်ရက်နှစ်ရက်အတွင်း သားကောင်ကြီးတစ်ကောင်ကောင်ကိုတော့ဖြင့် ပစ်ခတ်ရရှိနေကျဖြစ်သည်။
စောမောင်စိုးကတော့ သုတ်ကိုင်းကြော့ကွင်း၊ ကပ်ဘိတို့ဖြင့် ထောင်ချောက်ဆင်ကာ ကြက်ကလေး၊ ရစ်ကလေး၊ တောကြောင် အစရှိသည်ဖြင့် တောတောင်ငယ်ကလေးများကို ဖမ်းဆီးကျွေးမွေးနေ၍ ရိက္ခာစို မပြတ်ဖြစ်နေတော့၏။
“ကျွန်တော်တော့ တောပြောင်းချင်ပြီ”
လင်းမြင့်လှိုင်က ပြောလာသည့်ကို ကျွန်တော်က ခေါင်းကိုတွင်တွင်ရမ်းရင်း …
“ဒီလောမှာပဲ သားကောင်တစ်ကောင်လောက်ရအောင် ရှာပစ်မယ်ဗျာ။ ကျွန်တော်တို့ရာဇဝင်မှာ အမဲမရဘဲ တောထဲကထွတ်လေ့ မရှိစေရဘူး”
သည်တွင် လင်းမြင့်လှိုင်က ပြုံးလျက်
“ဟုတ်တယ် … သားကောင်မရှိတဲ့ တောဆိုတာ မရှိ။ ရှားတာပဲ ဖြစ်ချင်ဖြစ်မယ်။ သားကောင် တစ်ကောင် မရမခြင်း ဒီစခန်းက မပြန်တော့ဘူးဗျာ။စိန်လိုက် …”
“ဖျောင်း”
လင်းမြင့်လှိုင်စကားဆုံးသည်နှင့် နှစ်ယောက်သား လက်ဝါးချင်း ရိုက်လိုက်ကြသည်။
“ကဲ … နေဝင်လုပြီ။ သားကောင်အရိပ်အရောင် မပြောနဲ့။ ခြေရာလတ်လတ်ဆတ်ဆတ်တောင် မတွေ့ ဘူး။ ဘယ်လိုတောမျိုးပါလိမ့်ဗျာ”
သို့ဖြင့် နှစ်ယောက်သား သေနတ်ကိုယ်စီသိုင်းလွယ်လျက် စခန်းသို့ ပြန်ခဲ့ကြရပြန်၏။ လမ်းတွင် လင်းမြင့်လှိုင်က ညည်းညည်းညူသဖြင့်
“အဲဒါ အကြောင်းမဟုတ်ဘူး။ ဒီကနေ့ မြည်းဖို့မပြောနဲ့၊ စားဖို့တောင်ရှိမှာမဟုတ်ဘူး”
ဟုပြောလေ၏။
ယခင်ရတ်တွေက ကြက်ကလေး၊ ငှက်ကလေးများရနေခြင်းကြောင့် အရက်နှင့်မြည်းခြင်း၊ ရိက္ခာခြောက်များနှင့် ရောနှောစားနေရခြင်းဖြစ်ပေမင့် ယနေ့အတွက်မူ စခန်းတွင် ဆန်အနည်းငယ်မှလွဲ၍ မည်သည့်စားဖွယ်ရိက္ခာခြောက်မျှ မရှိခြင်းကိုသိနေသဖြင့် သို့စိတ်ဓါတ်နေကာ ညည်းညူလာခြင်းဖြစ်သည်။
ကျွန်တော်က နှုတ်ခမ်းတွန့်ရုံပြုံးလျက်
“စောမောင်စိုးတစ်ယောက်လုံး ရှိသေးဗျာ”
ပြောလိုက်သည်။
“သူကော နေ့တိုင်း ကြက်၊ ငှက် ရနိုင်ပါ့မလားဗျ။ သူမွေးထားတဲ့ အကောင်တွေမှ မဟုတ်တာချည်း”
“ဒါလဲ ဟုတ်တာပဲ။ မနေ့ကတောင် ဘာကောင်မှမရလို့ တစ်နေ့ကကျန်တဲ့ ‘ရစ်’သားချက်လေးကို မျှစားလိုက်ရတယ်”
“အမြည်းအတွက်မရှိပေမယ့် ဗိုက်ဖြည့်ဖို့အတွက်တော့ လိုရမယ်ရဆိုသလို တောင်အုန်းဖူးတွေ ခုတ်လာသေးတယ်”
သို့ဖြင့် စကားတပြောပြောလျှောက်ခဲ့ကြသည်။
စခန်းသို့ ပြန်ရောက်ကြသည်တွင် လမ်းပြကြီးစောမောင်စိုးတစ်ယောက် ငှက်တစ်ကောင်အမွှေးနှုတ်နေသည်ကို လှမ်းကဲကြည့်လိုက်ပြီး ကျွန်တော်က …
“အတော်ပဲဗျို့ … လက်သီးဆုပ်လောက်ရှိတဲ့ ငှက်ကလေးကို တစ်ခြမ်းမီးကင်လုပ်မယ်။ ကျန်တစ်ခြမ်းကို တောင်အုန်းဖူးနဲ့ရောချက်ဗျာ”
ဟု ပြောလိုက်ကာ တောင်အုန်းအဖူးကိုယူ၍ စောမောင်စိုးကို လှမ်းပေးလိုက်သည်။
“ဟာ… ဆရာလေးကလဲ နှမြောစရာ။ ဒီ ‘ငူ’က ဘယ်လောက်စားကောင်းတယ်မှတ်လဲ။ သူချည်းချက်မယ်ဗျာ။ အကောင်းဆုံးဖြစ်အောင် ချက်ပေးမယ် ဟင်းချက်ကိုပဲ အမြည်းလုပ်တော့”
ကျွန်တော်ပေးသည့် တောင်အုန်းဖူးကို လှမ်းယူရင်းပြောလာသဖြင့် …
“အကောင်သေးသေးလေးဗျာ။ ဘယ်နှယ့်လုပ် သုံးယောက်စားလောက်မှာလဲ။ ဒါကြောင့် တောင်အုန်းဖူးလေးနဲ့ ရောချက်ခိုင်းတာပေါ့”
ဟု ကျွန်တော်ကပြောလိုက်သည်နှင့် စောမောင်စိုးက တအံ့တဩဟန်ဖြင့် မော့ကြည့်ပြီး …
“ဘယ့်နှယ်ပြောပါလိမ့် ဆရာလေးရယ်။ ဒီတစ်ကောင်ကို ကျွန်တော်တို့ ဗိုက်ရိုက်စားတောင် နောက်တစ်နေ့အတွက် ကျန်နိုင်သေးတယ်”
ဟု ပြန်ပြောလာသည်ကြောင့် ခေါင်းကို ခါရမ်းရင်း
“ဘာလဲ ဟင်းဖတ်လေးတစ်ဖတ်ကို နမ်းလိုက်။ ထမင်းတစ်လုတ် ကောက်စားလိုက် လုပ်ရမှာလား”
ဟု မေးလိုက်သည်။
“ကဲ … ဆရာလေး၊ ဒါဖြင့် ဒီလိုလုပ်မယ်။ ကျွန်တော် သူ့ချည်း ချက်မယ်။ ဆရာလေးတို့နှစ်ယောက် ဝဝလင်လင်စားပြီး ကျန်တာမှဘစားမယ်ဗျာ။ ဘယ့်နှယ့်လဲ အရသာရှိတဲ့ ငူသားချက်လေး စားစေချင်လို့ပါ။ ဒီတစ်ကောင်ချက်ကိုလဲ ဆရာလေးတို့နှစ်ယောက် ကုန်အောင်စားနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ပြောတာ ယုံစမ်းပါဗျာ”
သို့ သူက ရဲရဲဝံ့ဝံ့ပြောလာသဖြင့်
“ကောင်းပြီလေ … မင့်သဘောသာ လုပ်ပါတော့ကွာ”
ဟု ပြောလိုက်ကာ ကျွန်တော်သည် စခန်းတဲပေါ်သို့ တက်လိုက်ပြီး ကြမ်းခင်းပေါ်သို့ လှဲချ ကိုယ်လက်ဆန့်လိုက်သည်။
တစ်အောင့်အကြာတွင် စခန်းအောက်ဘက် တစ်ဖာလုံခန့်တွင်ရှိ ကျောက်အိုင်လေးတစ်ခုတွင် ရေသွားချိုးကြသည်။ ပြီးနောက် စောမောင်စိုး ချက်ပြုတ်နေစဉ်တွင် ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် တဲပေါ် တွင် အမြည်းမပါ ရေဖြေင့်ရောကာ အရက်သောက်ရင်း စကားပြောနေသည်။
ဤသည်ကို စောမောင်စိုးကကြည့်ကာ ပြုံးရင်း
“ဆရာလေးတို့က ဟင်းအကျက်တောင် မစောင့်ဘူး။ အမြည်းမပါ ဘာမပါဗျာ။
ကျွန်တော်က
“အဲလိုလဲ မဟုတ်ပါဘူးကွာ။ ဒီငူလေးတစ်ကောင်ကို ငါတို့က အမြည်းလုပ်လိုက်ရင် ထမင်းကို ဘာနဲ့သွားစားရမှာတုန်း”
ဟု ပြောလိုက်ပြန်၏။ ကျွန်တော့်စကားကြောင့် စောမောင်စိုးက
“အောင်မလေး ဆရာလေးရယ်။ စိတ်ကြိုက်မြည်း၊ စိတ်ကြိုက်စားစမ်းပါ။ ကုန်အောင်မစားနိုင်ပါဘူး”
ဆိုကာ မီးဖိုပေါ်မှ ဟင်းအိုးအဖုံးကိုဖွင့်ကာ ပန်းကန်တစ်ခုတွင်းသို့ ငူသားချက်များ ခပ်ထည့်ကာ ကျွန်တော်တို့ထံယူလာပေးရင်း
“သိပ်တော့မနူးလောက်သေးဘူး။ ဒါပေမယ့် စားလို့တော့ရပြီ။ ငူသားဘယ်လောက်ကောင်းသလဲ မြည်း ကြည့်ချီ”
ပြုံးရွှင်စွာဖြင့် ပြောလေသည်။
စောမောင်စိုးယူလာပေးသည့် ငူသားဆီပြန်ချက်ဟင်းကို အမြည်းလုပ်ကာ ဆက်သောက်လိုက်ကြသည်။
ဟင်းကျက်လုလောက်တွင် ကျွန်တော်တို့တစ်လုံးကုန်သွားချေပြီ ဖြစ်၍
“ကျက်လျှင်ဖြင့် စားကြစို့ဗျာ။ ခင်ဗျားလဲ တစ်ခါထဲဝင်စား။ ဒီလိုပဲ မျှတစားကြတာပေါ့”
လို့ပြောလိုက်သည်။
စောမောင်စိုးသည် ပြုံးဖြီးဖြီးမျက်နှာပေးဖြင့်တဲပေါ်သို့ ဟင်း ထမင်းအိုးများကို ယူလာချေတော့၏။
ဟင်းအိုးအဖုံးဖွင့်လိုက်သည်နှင့် သင်းပျံ့မွှေးကြိုင်သော ရနံ့က နှာဝသို့ တိုးဝင်လာတော့၏။
“အားပါး… တယ်မွှေးပါကလား”
ပြောပြောဆိုဆို ဟင်းအိုးကို လှမ်းကြည့်လိုက်သည်။
“ဟင်”
“ငူသားချက်တွေ တစ်အိုးကြီးပါလား၊ ဘယ်လိုဖြစ်တာပါလိမ့်၊ ငူလေးတစ်ကောင်က ဘယ့်နှယ့် ဒီလောက်များများဖြစ်သွားရပါလိမ့်”
သို့ ဖြစ်၍. . .
“ခင်ဗျားမှန်မှန်ပြော ဒါ ‘ငူ’ဘယ်နှစ်ကောင်ချက်တုန်း”
မျက်မှောင်ကြုံ့၍ တည်တည်တန်တန် မေးလိုက်သည်။
“ဟင် … စောစောက ဆရာလေးတို့လဲမြင်သားနဲ့ တစ်ကောင်ထဲပေါ့ဗျ။ ဘာဖြစ်လို့တုန်း”
“ဟ.. လက်သီးဆုပ်လောက်ရှိတဲ့ ကောင်လေးက ဒီလောက်များများ ဖြစ်လာနိုင်ပါ့မလား”
လင်းမြင့်လှိုင်က သံသယဖြင့်မေးလိုက်ပြန် ၏။ သည်တော့သူက ပြုံးစစဖြင့်
“ငုသားက ကျစ်တယ်။ ချက်လိုက်တော့ ပွတက်လာတာပေါ့။ ဒါကြောင့် အများကြီးဖြစ်လာတာ”
“ဟင် … အဲလောက်တောင်ပဲလား”
ဟင်းအိုးကိုကြည့်ရင်း တအံ့တဩဖြစ်ကြရသည်။ ထကယ်လည်း စောမောင်စိုးပြောစကားမှန်ပါသည်။
ကျွန်တော်တို့နှစ်ယောက် မူးမူးဖြင့်စားလိုက်သည်မှာမနည်း။ စောမောင်စိုးသည်လည်း ခေါင်းမဖော်တမ်းစားနေသည်ကို တွေ့ ရ၏။ ဒါတောင်မှ ထမင်းလက်စသိမ်းလိုက်သည့်အခါ အိုးထဲတွင် ငူသားချက်
အနည်းငယ်ကျန်နေသေး၏။
“ကဲ … ကျွန်တော်ပြောတာယုံပြီလား”
ရယ်လို့ ဝင့်ကြွားစွာဖြင့် စောမောင်စိုးက ပြောရင်းအိုးခွက်ပန်းကန်တို့ကို ဆေးကြောရန် သိမ်းယူသွားလေတော့သည်။
စားသောက်ပြီးသည်နှင့် ထင်းမီးပုံနံဘေးတွင် ဆေးလိပ်ဖွာရင်း စကားစမြည်ထိုင်ပြောနေကြစဉ်တွင် စောမောင်စိုးက. .
“ကျွန်တော် ဒီည အိပ်တန်းဝင်ငှက်သွားပစ်မလို့”
ဆိုလာသဖြင့်
“ဘယ့်နှယ့် ညဘက်ကြီး ငှက်ပစ်ရမှာတုန်း”
သို့ပြောလာသည့် လင်းမြင့်လှိုင်ဘက်သို့ သူသည်မျက်နှာမူလိုက်ကာ –
“စခန်းနောက်ဘက်တောထဲနေ့လည်ခင်းက ဝင်ကြည့်ကာ ငှက်အိပ်တန်း တွေ့ ခဲ့တယ်။ စခန်းနဲ့ ဘာမှမဝေးလောက်တဲ့ ဝါးတောလေးထဲမှာ အောက်ခြေမှာ ငှက်ချေးလတ်လတ်ဆတ်ဆတ်တွေ အများကြီးဆို တော့ အုပ်စုလိုက်ဖွဲ့နေကြတဲ့ ငှက်တွေအိပ်တန်းဖြစ်မယ်။ ကျွန်တော့်အထင်တော့ ဝါးရောင်းငှက်အုပ်ရဲ့ အိပ်တန်းဖြစ်လိမ့်မယ်”
“ဘယ်အချိန်သွားမှာတုန်း။ အန္တရာယ်များပါတယ်။ သွားမနေပါနဲ့”
ကျွန်တော်ကပြောလိုက်သည်။
“ညဦးပိုင်းလောက်ပါ။ ဘာမှ အန္တရာယ်မရှိလောက်ပါဘူး။ စခန်းနဲ့ဝေးတာမှ မဟုတ်တာ။ နက်ဖြန်အတွက် သေချာတဲ့ရိက္ခာပေါ့ဗျာ”
သို့ဆိုလာတော့လည်း အဟုတ်ပေသားဟု တွက်လိုက်ပြီး …
“ဒါဖြင့် ဒီလိုလုပ်။ ခင်ဗျားတစ်ယောက်တည်း မသွားနဲ့။ ကျွန်တော် လိုက်ခဲ့မယ်”
“ကျွန်တော်လဲ လိုက်မှာပေါ့ဗျာ”
လင်းမြင့်လှိုင်ကပါပြောလေသည်ကြောင့် သုံးယောက်သား ထိုညဦးပိုင်းတွင် ငှက်ပစ်ထွက်ခဲ့ကြတော့သည်။
ညဦးပိုင်းအချိန်ဖြစ်သည်ကြောင့် လိုရမယ်ရ သေနတ်များယူလာခဲ့ကြသည်။ စောမောင်စိုးကတော့ လောက်လေးဂွနှင့် လေးသီးများ ထည့်ထားသည့်သူ၏ ပုလိုင်းနှင့်ဖြစ်၏။
သူပြောသလိုပင် စခန်းနှင့်မဝေးလှ ဆိုငြား စခန်းနှင့် နီးနီးတော့ မဟုတ်ချေ။ ၄ဖာလုံသာသာခန့်တော့ဖြင့် ရှိမည်ထင်၏။
ထိုငှက်အိပ်တန်းဝင် ဝါးတောအစပ်နား ရောက်လာသည်တွင် စောမောင်စိုးက လေသံသဲ့သဲ့ဖြင့်
“စကားမပြောကြနဲ့တော့ဗျို့”
ဟုသတိပေးလာသည်။
ဝါးတောထဲဝင်လိုက်သည်နှင့် သူသည် မြေပြင်ကိုသာ ငုံ့ကြည့်ရင်း သွားနေ၏။ ကျွန်တော်တို့သည် သေနတ်ကိုင်အမဲကြီးပစ်မုဆိုးကြီးများဖြစ်သော်လည်း လောက်လေးဂွကိုင် ငှက်ပစ်မုဆိုးနောက်သို့ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် လိုက်ခဲ့ကြရတော့သည်။
“ရှူး”
သူကရှေ့သွားနေရာမှ ရုတ်တရက်ရပ်လိုက်ပြီး ကျွန်တော်တို့ ဘက်လှည့်ကာ တိုးတိတ်နေရန် နှုတ်ခမ်းနှင့်ကပ်၍ လက်ညှိုးထောင်ပြပြီး ထိုလက်ညှိုးကပင် သူ့ခေါင်းကိုကျော်၍ ဝါးပင်ကိုင်းဖျားထံသို့ ညွှန်ပြ လာသဖြင့် မော့ကြည့်လိုက်သည်။
ဝါးပင်တို့၏ အမြင့် ရှိလှမှ ဆယ့်ငါးပေသာသာပင်။ ဝါးပင်ပျိုတော ဖြစ်၏။ ထိုကိုင်းဖျားများတွင် ငှက်များ အိပ်တန်းဝင်နေကြသည်။ နှစ်ကောင်ပူး အဖိုအမအတွဲတွေကို ပြတ်ပြတ်သားသားမဟုတ်သော်ငြား ရိုးတိုးရိပ်တိပ် မှုန်ဝါးဝါး ကောင်လုံးမြင်ရ၏၊
“ကဲ … ဆရာလေး တစ်စုံတွဲခြင်းကို မီးထိုးပေးဗျာ. . အဲ … ကျွန်တော်တစ်ချက်ပစ်ပြီးတာနဲ့ မီးကိုချက်ချင်းပိတ်နော်”
သို့ဆိုလာသဖြင့် လင်းမြင့်လှိုင်က သူ့ လက်တွင်းရှိ ဓါတ်မီးဖြင့် ငှက်တစ်စုံတွဲကို ထိုးလိုက်သည်။ မီးရောင်ကြောင့် မျက်လုံးလေးများ ပွင့်လာကာ ကြောင်ငေးနေကြသည်။
စောမောင်စိုးတွက်ထားသလို ဝါးရောင်းငှက်များဖြစ်ကြသည်။ ဝါးရောင်းငှက်သည် ဇရက်များနှင့် ခပ်ဆင်ဆင်တူ၏။ အုပ်စုဖွဲ့နေတတ်ကြ၏။
တဒင်္ဂအချိန်ကလေးမှာပင် ‘ဖောက်’ကနဲ အသံနှင့်အတူ အဖို အမ မသိရသော ငှက်တစ်ကောင်သည် အမွှေးတို့ဖွာလန်ကျဲကာ မြေပြင်ပေါ်သို့ ဘုတ်ကနဲကျလာ၏။ လင်းမြင့်လှိုင်သည်လည်း ထိုးမီးကိုမှိတ်လိုက်သည်။
ထိုအသံ လှုပ်ရှားမှုကြောင့် ငှက်အချို့တောင်ပံတဖျတ်ဖျတ်ခတ်ကာ ဝါးပင်ထိပ်ဖျားသို့ လန့်ပျံရင်း အော်ဟစ်လိုက်ကြ၏။ ကျွန်တော်တို့က ကျောက်ရုပ်လို ငြိမ်သက်နေလိုက်ကြ၏။ အတန်ကြာတွင် ထပျံသည့်ငှက်အချို့ ပြန်လည်ဆင်းသက် ကိုင်းဖျားထက်တွင် နားလိုက်ကြပြန်၏။
တစ်ခဏအကြာတွင် လင်းမြင့်လှိုင်က မီးထိုးပြလိုက်ပြန်၏။ စောမောင်စိုးက ပစ်ချလိုက်ပြန်၏။ ကျလာပြန်ပြီ တစ်ကောင်။
ထိုသို့ဖြင့် ကျွန်တော်တို့သည် ငှက်ရှစ်ကောင်၊ ဆယ်ကောင်ခန့် ရချေပြီဖြစ်သည်။ သို့ဖြစ်သည် ကြောင့် …
“တော်ပြီ ပြန်ကြမယ်”
လင်းမြင့်လှိုင်က တိုးတိုးကပ်ပြောလာ၏။
“နေပါဦး … နောက်သုံးလေးကောင် ပစ်ချေဦးမယ်ဗျာ”
စောမောင်စိုးက ဝါးကိုင်းဖျားသို့ မော့ကြည့်မပျက် ပြောလာသဖြင့် လင်းမြင့်လှိုင်က မည်သို့မျှမပြောတော့ဘဲ အိပ်တန်းဝင်ငှက်တစ်စုံရှိရာသို့ မီးလှမ်းထိုးလိုက်ပြန်၏။ ထုံးစံအတိုင်း စောမောင်စိုးက သူ့ လောက်လေးခွကို ဆွဲဆန့်လိုက်ချိန်မှာပင် …
“ဘုတ် … ဘုတ် … ဘုတ်”
“ဘာသံပါလိမ့်”
ပြောရင်း လင်းမြင့်လှိုင် ထိုးမီးကိုပိတ်လိုက်ကာ ကျွန်တော့်ကို မေးဆတ်ပြပြီး နားစွင့်နေလိုက်သည်။
ထိုတဘုတ်ဘုတ်သံကြောင့် စောမောင်စိုးသည်လည်း ငှက်တိုပစ်ရန် ချိန်ရွယ်ထားသည့် လောက်လေးခွသားရေကြိုးကို ပြန်လျော့လိုက်ပြီး စိုးထိတ်ဟန်ဖြင့် …
“ဘာသံတုန်းဗျ”
ရယ်လို့ မေးလာသဖြင့်
“ဘာမှန်းမသိဘူး၊ ငြိမ်ငြိမ်နေ ၊ ကိုလင်း လိုရမယ်ရ သေနတ်မောင်း တင်ထားဗျာ။ သတိတော့ မလစ်စေနဲ့”
လင်းမြင့်လှိုင်ကို သတိပေးရင်း ကျွန်တော်သည်လည်း လက်တွင်းရှိ သေနတ်မောင်းထိန်းခလုတ်ကို ညင်သာစွာ တင်လိုက်သည်။
“ချောက် … ချောက်”
“ဘုတ် … ဘုတ်”
ကံအားလျော်စွာပင် သေနတ်မောင်းတင်သံနှင့် ထွက်ပေါ်လာသည့် ‘ဘုတ် … ဘုတ်’ အသံသည် တစ်ပြိုင်တည်း ဖြစ်သွား၏၊
“ကိုလင်း ကျွန်တော့်အထင်တော့ ဟင်းကောင် (ကျား) ထင်တယ်၊ သားကောင်ချောင်းနေတာဗျ။ ကျွန်တော်တို့ကို ချောင်းနေတာများလား”
“မပြောတတ်ဘူး။ အသံကို သေသေချာချာနားထောင်။ ဘယ်နားလောက်ဆီကဆိုတာ သိဖို့အရေးကြီးတယ်။ ဒါမှ တိတိကျကျ ပြောနိုင်မယ်”
ကျွန်တော်တို့သုံးယောက်နားစွင့်နေလိုက်ကြသည်။ အသံသည် တိတ်ဆိတ်ငြိမ်သက်နေပြန်၏။
“ကျွန်တော်တို့ ဒီနားက မြန်မြန်ခွာရင်ကောင်းမယ်ထင်တာပဲ”
ပြောပြောဆိုဆို စောမောင်စိုးသည် လာလမ်းသို့လှည့်ကာ ရှေ့မှ ဦးဆောင်ထွက်သွားရန်အပြုတွင် – – –
“ဝေါင်း”
အနီးကပ်ကြားလိုက်ရသည့် ကျားဟိန်းသံကြောင့်
“ကိုလင်း … အဲဒီဘတ်ကို မီးထိုး … မီးထိုး”
ကျွန်တော့်သတိပေးသံကြောင့် လင်းမြင့်လှိုင်သည် ကပျာကသီ မီးထိုးလိုက်သည်။ စောမောင်စိုးဦးတည်သွားမည့် လမ်းကြော၏ ၁၅ဒီဂရီ ကျကျနေရာလောက်သို့ဖြစ်၏။
“ဟာ”
ရုတ်တရက်မြင်လိုက်ရသည့် မြင်ကွင်းကား ကျားကောင်သည် ရှေ့မှ မောင်စိုးကို ခုန်အုပ်ရန် ဟန်ပြင်နေပြီဖြစ်၏။ ကျွန်တော်သည် ရင်ထိတ်သွားသည့်ကြားမှပင် သေနတ်မောင်းကို ကပျာကသီ ဆွဲညှစ်ချလိုက်သည်။
ပစ်မှတ်ကို သေသေချာချာချိန်ရွယ်ရန်အလို့ငှာ အချိန်မရလိုက်သည်ကြောင့် ပစ်ချက်သည် ချက်ကောင်းကိုမထိသော်ငြား ကျားကောင်သည် စောမောင်စိုးကို ခုန်အုပ်လိုက်နိုင်ပေမင့် သူ၏တင်ပါးဆုံရိုးသို့ သေနတ်ကျည် ထိုးဖောက်ဝင်ရောက်သွားသဖြင့် ချိန်မှတ်နေရာသို့ ရောက်မလာဘဲ စောမောင်စိုးနှင့် လက်တစ်ကမ်းအကွာလောက်တွင် ဘုတ်ကနဲ ပြုတ်ကျသွားရှာ၏။
သို့ပေမင့် သူ၏ရှေ့လက်ဖြင့် လှမ်းပုတ်လေသည် ကြောင့် စောမောင်စိုးသည် လျှပ်တပြက်တိမ်းရှောင် လိုက်သော်ငြားလည်း ကျားကောင်လှုပ်ရှားမှုက သူ့ထက်လျှင်မြန်ဖျတ်လတ်သဖြင့် ခါးရိုးမှသည် တင်ပါးထိတိုင် အသားတို့ ဖွာလံကျဲ သွေးစိမ်းရှင်ရှင်ထွက် လဲကျသွားရှာ၏။
ကံကောင်းသည်ကား သူလဲကျသွားခြင်းသည် ကျားကောင်၏ ဆန့်ကျင်ဘက် လက်လှမ်းမမီမြေပြင်သို့ဖြစ်၏။ သို့ကြောင့် ကံကောင်းလှပေ၏ဟု ပြောရခြင်းဖြစ်သည်။
သည့်နောက် …
“ဒိန်း”
လဲကျနေရာမှ ပြန်လည်ကုန်းထပြီး စောမောင်စိုးအား ကျားနာခဲ ခဲလာဟန်ပြုနေသည့် ကျားကောင်ကို ကျွန်တော်သည် လက်တွင်းသေနတ်ဖြင့် အနီးကပ်ပစ်ချလိုက်သည်။
နှလုံးသားတည့်တည့်သို့ ချိန်ရွယ်ပစ်လိုက်ခြင်းကြောင့် ကျားကောင်သည် လုံးဝငြိမ်သက်သွားတော့၏။ အမြီးကလေးပင် ယဲ့ယဲ့မလှုပ်နိုင်ချေပြီ။ သည်တော့မှ လင်းမြင့်လှိုင်သည် လဲကျနေသည့် စောမောင်စိုး ထံပြေးသွားလေ၏။
ကျွန်တော်သည် ကျားကောင်ကို အတန်ကြာစူးစိုက် ကြည့်လေပြီးမှ စောမောင်စိုးအား ပွေ့ပိုက်ထားသည့် လင်းမြင့်လှိုင်အနီးသို့ ကပ်သွားလိုက်ရင်း …
“ဒဏ်ရာ တော်တော်ပြင်းလား”
ဟု စိုးရိမ်စိတ်များစွာဖြင့် မေးလိုက်သည်။
“တော်သေးဗျာ … အရေခွံလွှာ ကွာသွားရုံတင်မို့ပေါ့”
ဟု ပြန်ပြောလာသည့် စကားသံကြောင့် ရင်တွင်ဆို့နေသည့် အလုံးကြီး ကျသွားရတော့၏။
တကယ်တော့ ကျွန်ထော်တို့သည် သားကောင်ရှား၍ ရိက္ခာပြတ်နေကြသဖြင့် ဝမ်းရေးအလို့ငှာ ငြိမ်းချမ်းစွာ အိပ်စက်နေကြသော ငှက်မောင်နှံတွေကို သွားရောက်ဒုက္ခပေးသတ်ဖြတ်ခဲ့ကြသလို ကျားကောင် သည်လည်း သားကောင်ရှားသော တောအတွင်း အစာအဟာရပြတ်လတ်နေသည်ကြောင့် ကျွန်တော်တို့လူသားတွေကို သူ့အတွက် အာဟာရအလို့ ငှာ မဖြစ်မနေ သတ်ဖြတ်စားသောက်ရုံမှလွဲ၍ အခြားနည်းလမ်းမရှိတော့သဖြင့် ဖြစ်ချိမ့်မည်။
သက်ရှိသတ္ထဝါတို့သည် အသက်ရှင်နေနိုင်ရေးအတွက် ရှာဖွေစားသောက်နေကြရာတွင် ရှာဖွေရန် ခက်ခဲလာသည့်အခါ ‘လူ့စည်း ဘီလူးစည်း’ ရယ်လို့ မရှိလေတော့ဘဲ ကြံမိကြံရာ ကြံတတ်ကြစမြဲပါ တကား …
ဇလွန်မြို့နယ်မဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၂၀၀၁
– ပြီး –
စာရေးသူ – ကိုပိုက်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ