ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)

အိပ်မပျော်နိုင်ကြသော လူများအဖို့ တစ်ညတာကာလကို ကုန်လွန်နိုင်ခဲလှ သည်ဟူ၍ စိတ်၏လှည့်စားချက်အရ အထင်ရောက်ရှိကာ စိတ်နှင့်ကိုယ် ပင်ပန်းခြင်းတို့ကို ဖြစ်စေခဲ့၏။

ထိုနည်းတူစွာ တစ်ညတာ၊ သို့မဟုတ် ဆယ့်နှစ်နာရီကာလအဖို့ တစ်ညတာ၏ ဒုက္ခအန္တရာယ်ကို ရင်ဆိုင်နေရသူများအနေဖြင့် တစ်ညကို တစ်လ ထင်စေခဲ့သလို တစ်နာရီပြီး တစ်နာရီ ရောက်ရှိရန်အရေးမှာလည်း ရောက်ခဲလှသည်ဟူ၍ ထိုညကာလကို မုန်းတီး ရွံရှာစေခဲ့၏။

စာရေးသူအနေဖြင့် ထိုတစ်ညတာ အန္တရာယ်ကိစ္စများကို စစ်သားဘဝ၊ မုဆိုးဘဝတို့၌ မလွှဲမရှောင်သာစတမ်း ရင်ဆိုင်ကြုံတွေ့ ခဲ့ရပေသည်။

မုဆိုးဘဝတစ်လျှောက်၌ စာရေးသူအနေဖြင့် အနိုင်ဘက် ထိုးစစ်ဘက်က အောင်ပွဲရယူခဲ့သလို ခံစစ်ဘက်မှ အရှုံးဘက်ကလည်း နေရသည့် အကြိမ်များစွာ ရှိခဲ့ပေသည်။

မုဆိုးအကြောင်းကို နားမလည်သူများအနေဖြင့် သားကောင်ကြီးငယ်တို့ကို သေနတ်သမားမုဆိုးက အပွဲပွဲတိုင်းတွင် အနိုင်ဘက်ကချည်းနေရသည်။ သားကောင်ကြီးငယ်တို့အား ခေါင်းမထောင်နိုင်အောင် မုဆိုးက အထက်စီးမှ အရေးသာ နိုင်နင်းနေကြသည်ဟူ၍ တစ်သမတ်တည်း အထင်ရှိကြပေ၏။

တကယ့် တကယ် အရေးအခင်းများ၌ တောကို အစိုးရသော သားကောင်ကြီးငယ်တို့နှင့် စွန့်စားခြင်း၊ ပစ်ခတ်ခြင်း သတ္တိကိုရင်းသော စိတ်ဓာတ်တို့ဖြင့် တောတွင်းသိုရောက်ရှိလာခဲ့သည့် မုဆိုးတို၏ အကင်းပါးနပ်မှု၊ ကြိုတင်တွက်ချက်နိုင်မှု၊ လျင်မြန်ဖျတ်လတ်မှု၊ ဇွဲ သတ္တိ ဝီရိယ ပိုကဲမှုတို့၏ ယှဉ်ပြိုင်ပွဲ၊ အဆုံးအဖြတ်ပွဲသာလျှင် အဖြေထွက်စေ၏။

စာရေးသူ၏ တောတွင်းအတွေ့ အကြုံတို့မှ ရရှိခဲ့သည့် လက်တွေ့သင်ခန်းစာများအနက် သားကောင်ကြီး ငယ်တို့သည် တောတောင်ခရီးလမ်းပန်း မြေမျက်နှာပြင်အနေအထား ကျွမ်းကျင်မှုတို့၌ မနုဿလူသားမုဆိုးတွေထက် သာလွန်ကြောင်းကိုမူ ပွင့်လင်းရိုးသားစွာ ဝန်ခံရပေမည်။

လူသားမုဆိုးတွေက သားကောင်ကြီးငယ်တို့ထက် သာလွန်ချက်မှာ စဉ်းစားတွေးခေါ်သည့် ဉာဏ်တစ်ခုသာလျှင် ဖြစ်ပါသည်။

ကျွန်တော်အဖို့ တစ်ညတာအန္တရာယ်ကို တစ်လကြာမြင်စေခဲ့သည်ဟူ၍ အထင်ရှိခဲ့သည့်ဖြစ်ရပ်တစ်ခုကို အလျဉ်းသင့်၍ ရေးသားဖော်ပြခြင်းဖြင့် စာဖတ်ပရိသတ်များအား ထိုစဉ်က ကိုယ်တွေ့ကြုံခဲ့ရသည့် စိတ်နှလုံး တုန်လှုပ် ဆင်းရဲ ပင်ပန်းဒဏ်ကို ထပ်တူထပ်မျှ ရင်တဖိုဖိုနှင့် ခံစားကြရပေလိမ့်မည်။

တောတစ်ပြင်လုံးမှာ အုံ့မှိုင်းရီဝေနေတော့သည်။ မျှော်ကြည့်လိုက်တိုင်း နှင်းထုက ကာဆိုင်းနေသလို သစ်ရိပ်ဝါးရိပ်တွေအောက်ဝယ် နေပြောက်နှင့် ဝေးခဲ့လေပြီ။ တောရိပ် တောင်ရိပ်များအောက်ဝယ် အအေးဓာတ်က မင်းမူလျက် ကျွန်တော်တို့မုဆိုးတစ်စုကို ခိုက်ခိုက်တုန်မျှ ချမ်းနေစေခဲ့သည်။

အကယ်၍သာ သားကောင်ကြီးများကို ပစ်ခတ်မှုအာရုံနှင့် ဆုံးဖြတ်ချက်မရှိစတမ်း ကျွန်တော်တို့လူစု အနေဖြင့် ဤလှေကားတောင်မြှောင်နှင့် ကြက်သီးထမြှောင်များသို့ ရောက်ရှိခဲ့ပါမူ အအေးဓာတ်ပြင်းပြမှုကြောင့် မီးဖိုဘေးမှ မထတမ်းကွေးကာ နေမိမည်ဖြစ်၏။

သို့သော် ကျွန်တော်တို့မုဆိုးဝါသနာကြောင့်သာ အချမ်းအအေးနှင့် ပင်ပန်းမှုဒဏ်ကို အလူးအလဲခံရင်း သေနတ်တပြင်ပြင် ခြေလှမ်းသွက်သွက်နှင့် တစ်တောဝင် တစ်တောထွက် ချီတက်နေရပေ၏။

ဖော်ပြပါ မြှောင်နှစ်မြှောင်ကား ပျဉ်းမနားအနောက် နယ်နိမိတ် ပဲခူးရိုးမကျောကြီး၏ အရှေ့ဘက်ခြမ်းကို မေးတင်နေသော နာမည်ကြီး သစ်တောကြီးများပင်ဖြစ်၏ ။

ကျွန်တော်နှင့် ဦးဘိုးဟန်တို့ဦးဆောင်ကာ တပ်ကြပ်ကြီး သန်းထွန်း၊ တပ်ကြပ် မောင်ပု၊ တပ်ကြပ် မောင်နု၊ မောင်တင်၊ ရဲဘော်ကျော်လှိုင်၊ ထမင်းချက် ဦးနုတို့ လူစုသည် ငါးလိုက်ချောင်း၏ အရှေ့ဘက်ကမ်းခြေတွင် ရွာပြုလုပ်ထားသည့် ဦးဘိုးဟန်၏ ဆရာသမား မုဆိုးကြီး ဦးလှကျော်၏ ဇာတိချက်မြုပ်ဒေသဖြစ်သည့် မိုးစွေရွာတွင် စခန်းချကာ ဖော်ပြပါ လှေကားတောင် ကြက်သီးထမြောင်ဒေသဆီသို့ ပြောင်နှင့် ဆင်များကို ပစ်ခတ်ရန် ချီတက်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုနေ့အဖို့ ကျွန်တော်၊ ဦးဘိုးဟန်၊ တပ်ကြပ်ကြီးသန်းထွန်း၊ တပ်ကြပ်မောင်နုနှင့် လမ်းပြရွာသားနှစ်ဦးစီ အပါအဝင် မုဆိုးနှစ်ဖွဲ့ခွဲ၍ တောင်နှင့်မြောက် ရက်ကန်းခတ် ခြေရာခံနည်းအတိုင်း ပြောင်နှင့် ဆင်ကြီးများကို စတင်ခြေရာခံကာ ရှာဖွေခဲ့ကြသည်။

ဆင်၊ ကြံ့၊ ပြောင်၊ စိုင်၊ ကျားစသည့် ကြီးငါးကြီးကို ရှာဖွေခြေရာခံရာ၌ တစ်ရက် နှစ်ရက်နှင့် ရုတ်တရက် ရှာဖွေ၍မတွေ့ တတ်ပါ။ ရေကြည်ရာ မြက်နုရာဆိုသလို သားကောင်ကြီးများသည် တစ်ကောင်ချင်းသော် လည်းကောင်း၊ အုပ်ဖွဲ့ ၍သော်လည်းကောင်း ရာသီလိုက် မှည့်ကြ ပွင့်ကြ ဖူးကြသည့် သစ်လွင်သော သစ်သီးသစ်ရွက်များရှိရာ တောတောင်ဒေသများသို့မနားတမ်း တစ်နေလျှင် အဖျင်းဆုံး မိုင်သုံးဆယ်ပတ်လည် လှည့်လည်ရှာဖွေ စားသောက်လေ့ရှိကြသည်ကြောင့် တစ်ရက် နှစ်ရက်နှင့် ရှာဖွေ၍ မတွေ့တတ်ခြင်း ဖြစ်ပါသည်။ ထိုနေ့အဖို့ ခြေရာခံခြင်း အလုပ်အနေဖြင့် တော်သင့်လောက်ပြီဟုယူဆကာ ကျွန်တော်က ဦးဘိုးဟန်နှင့် လမ်းပြလုပ်သူကို ရွာဘက်သို့လှည့်၍ပြန်ရန် အချက်ပေးလိုက်ရ၏။

“ကဲ ပြန်ခတ် ခတ်သွားကြရအောင်၊ တွေ့တဲ့ ဆတ်ကြီးကြီး အကောင်ကို ဟင်းအဖို့ ပစ်ကြရအောင်”

ဟု ဦးဘိုးဟန်က ပြောလိုက်ပြီး ခြေလှမ်းသွက်သွက်နင်းကာ ရွာဆီသို့ ပြန်လှည့်ခဲ့ကြသည်။

ကျွန်တော်လည်း ရွာတွင် ကျန်ရစ်ခဲ့သည့် မနေ့က ကိုယ်ပူခေါင်းကိုက်နေသူ ရဲဘော်ကျော်လှိုင်ကို သတိရမိသည်ကြောင့်

“ကျော်လှိုင်တော့ နေကောင်းပါလိမ့်မယ် ထင်ပါရဲ့ ဦးဘိုးဟန်။ မောင်တင်၊ မောင်ပု နဲ့ ဦးနုတို့ကို စခန်းစောင့်ရင်း ကျော်လှိုင်ကို ပြုစုကုသကြဖို့ ထားရစ်ခဲ့ရတယ်”

ဟု ပြောလိုက်ရာ

“မနက်က ကျုပ်တို့ထွက်လာခါနီး စမ်းကြည့်တော့ အပူသိပ်မကျဘူးဗျ၊ အခြေအနေ ကြည့်တာပေါ့ဗျာ”

ဟု ဖြေကြားလိုက်ပြီး ရွာဆီသို့ ခပ်သုတ်သုတ်နှင်ခဲ့ကြသည်။

နေကလည်း အနောက်တောင်ဆွယ်ပေါ်သို့ မေးတင်နေလေပြီ။ ကျွန်တော်တို့လူစုသည် မည်သူမျှ စကားမပြောဘဲ ရှေ့နောက် တန်းကာ အရှေ့တောင်ယွန်းယွန်း မိုးစွေရွာဆီသို့ တစ်နာရီ လေးမိုင်နှုန်းအရ ပြန်ခဲ့ကြသည်။

ကံတရားကား အလွန်ဆန်းကြယ်လှပါ၏။ တစ်နေ့လုံး သားကောင်တစ်ကောင်မျှပင် ပစ်ခတ်ခွင့်မရခဲ့သော ကျွန်တော်တို့ မုဆိုးများအဖို့ မိုးစွေရွာသို့ရောက်ရန် ခြောက်ဖာလုံခန့်အကွာ ငါးလိုက်ချောင်း၏ အရှေ့ဘက်ကမ်းကို ဖြတ်၍ ကူးခါနီးဆဲဆဲတွင် ရှေ့ဆုံးမှဦးဘိုဟန်က ချောင်း၏အထက်ပိုင်းကို တစ်ချက်မျှော်၍ကြည့်လိုက်ပြီး အရေးတကြီး ဖျတ်ခနဲ သူ၏လက်တွင်းမှ .၄ဝ၄ မော်ဇာရိုင်ဖယ်ကို ထိုးချိန် ချိန်လိုက်သည်။

ကျွန်တော်က ချောင်းကမ်းပါးထိပ်မှ ရိပ်ခနဲမြင်လိုက်ရသည်။ တခဲနက် ပေါက်ကွဲသံကြီးကြောင့် မုဆိုးတစ်စုသည် အရေးတကြီး ချောင်းထဲသို့ အပြေးအလွှားဆင်းလိုက်ကြသည်။

“နှိပ်ဟ၊ တကယ်တန်းတဲ့ ဘကြီးဟန်ဟေ့”

ထားဝယ်သံဝဲဝဲနှင့် တပ်ကြပ်ကြီး သန်းထွန်းက ချောင်းအထက်ဆီသို့ ရှေ့ဆုံးမှ ပြေးတက်လိုက်သည်တွင် ကျွန်တော်က ဝါးပင်များကြားမှ လျှော၍ဆင်းကာ ချောင်းအထက်ပိုင်းဆီသို့ လှမ်း၍ကြည့်လိုက်မိသည်။ ခြေလက်တွေ တဆတ်ဆတ်ဖြစ်လျက် အသက်ငင်ကာ လဲနေသည့် ချိုကြီးကားကားနှင့် ဆတ်ကျွဲကြီးတစ်ကောင်ကို ကိုက်တစ်ရာ့ငါးဆယ်ခန့် အကွာတွင် တွေ့လိုက်ရ၏။

“တစ်နေ့လုံး ပင်ပန်းလာတာကွ၊ ဟင်းကောင်းမြက်မြက်မစားရရင် ဘယ်ဖြစ်ပါ့မလဲ”

ဟု ဦးဘိုးဟန်က ရယ်မောသံကြီးဖြင့် ပြောလိုက်သည်။

“တို့ခြေသံတွေကြားရလို့ ချောင်းကူးမယ့်ဆဲဆဲ ဘသားချောက နောက်ပြန်အလှည့်မှာ ဖြတ်ပစ်ထည့် လိုက်ရတယ်”

ခြောက်စထောင် ချိုကားကားကြီးနှင့် ပိဿာရှစ်ဆယ်ခန့် အသားထွက်မည့် ဆတ်ထီးကြီးဆီသို့ ကျွန်တော်တို့လူစု ရောက်ရှိခဲ့ကြသည်တွင် ထားဝယ် သန်းထွန်းသည် အမဲလိုက်ဓားမြှောင်ကိုထုတ်ကာ အရေးတကြီး ပေါင်ထိပ်မှ အရေကိုခွဲထုတ်ပြီး ဆတ်သားနှစ်ပိဿာခန့်ကို လှီးယူလိုက်ပါသည်။

ရွာသို့ထမ်းယူရန် ဝါးခုတ်ကြ၊ နှီးဖျာကြနှင့် အတော်ကလေးကြာသွားပြီးမှပင် ကျွန်တော်တို့ မုဆိုးတစ်စု မိုးစွေရွာသို့ နေဝင်ပြီးမှ ဆိုက်ရောက်ခဲ့
ကြသည်။

ကျွန်တော်သည် စခန်းချရာ မိုးစွေရွာခေါင်း၏ နေအိမ်ပေါ်သို့ တက်ရောက်ခဲ့ပြီး ဖျားနေသော ကျော်လှိုင်၏ အခြေအနေကို အကဲခတ်လိုက်သည်။

ကျော်လှိုင်၏ အသက်ရှူသံမှာ ပြင်းနေသလို ကောင်းကောင်းသတိမရတော့ပါ။ သူနာပြုအတတ် တတ်ကျွမ်းသည့် ရဲဘော်မောင်တင်သည် ကျွန်တော်အားကပ်၍ အဆုတ်အအေးမိသည့် နမိုးနီးယားရောဂါဖြစ်ကြောင်း သတင်းပို့ပါသည်။

ကျွန်တော်တို့တွင်ပါလာသည့် ဆေးဝါးနှင့် စိတ်မချရမှန်းကိုသိရ၍ ကျော်လှိုင်အား အဖျားဒီဂရီတိုင်းလိုက်ရာ တစ်ရာလေးရှိကြောင်း တွေ့ရ တော့သည်။

ထိုကြောင့် ဦးဘိုးဟန်ကိုခေါ်လိုက်ပြီး ကျော်လှိုင်အား ပျဉ်းမနားရှိ တပ်တွင်းဆေးရုံသို့ အမြန်ဆုံးပို့ရန် စီစဉ်လိုက်ကြရ၏။

သယ်ယူပို့ဆောင်ရေး ပြဿနာကား ခက်ခဲလှပါသည်။ ကျွန်တော်တို့လာစဉ်က စီးဆင်၊ ဝန်တင်ဆင် ငါးစီဖြင့် ရောက်ရှိလာခဲ့သော်လည်း ထိုဆင်များကို ငလိုက်ချောင်းအောက်ပိုင်းရှိ တိုက်ရွာအနီး ဦးမင်းဒင်၏ ဆင်စခန်းသို့ ပြန်လွှတ်လိုက်ခဲ့သည့်အတွက် ရုတ်တရက် ဆင်နှင့်ပို့ရန် ခဲယဉ်းပြန်တော့သည်။

ရဲဘော်ကျော်လှိုင်ကို တပ်ရင်းဆေးရုံသို့ အမြန်ဆုံးရောက်အောင် ပို့နိုင်ရန် စီစဉ်ရ၏။ မိုးစွေရွာခေါင်းကြီးနှင့် ဦးလှကျော်တို့လူစုကလည်း လိုသမျှ အကူအညီများ ပေးကြပါသည်။

ကျွန်တော်၏ အစီအစဉ်မှာ ရှစ်မိုင်မျှဝေးသော တိုက်မရွာသို့ ရဲဘော်ကျော်လှိုင်အား ပုခက်တွင်ထည့်ကာ လူထမ်းနှင့်ပိုစေပြီး တိုက်မမှ ဦးမင်းဒင်ဆင်စခန်းသို့ စီးဆင်ခေါ်ယူပြီး ဆင်ပေါ်တွင် တင်ဆောင်၍ သရက်တောစခန်းရှိ တပ်ရင်းဆေးရုံသို့ တင်ပို့ပေးရန်ဖြစ်ပါသည်။

မိုးစွေရွာမှ ရွာသား ဆယ်နှစ်ယောက် အသင့်ရှိနေသည်ကြောင့် ကျွန်တော်တို့ ညစာကို ဆတ်သားဟင်းတစ်ပန်းကန်နှင့် ခပ်သုတ်သုတ် စားသောက်လိုက်ကြပြီး ရဲဘော်ကျော်လှိုင်ကိုလည်း ရှိစုမဲ့စု ဆေးကောင်း
များကို တိုက်ကျွေးကာ ခရီးထွက်ရေးအတွက် ပြင်ဆင်လိုက်ကြသည်။

ရဲဘော်ကျော်လှိုင်နှင့် အကူရဲဘော် မောင်တင်ကို လမ်းတစ်လျှောက်လုံးတွင် ဆေးဝါးတိုက်ကျွေးပြုစုရင်း ပျဉ်းမနားအထိလိုက်ပို့စေရန် စီစဉ်သတ်မှတ် လိုက်ရ၏။

ကျွန်တော်၊ ဦးဘိုးဟန်၊ တပ်ကြပ်ကြီးသန်းထွန်း၊ မောင်ပုတို့က အနွေးထည်များဝတ်ဆင်ကြပြီး ရေဘူး၊ ခရီးလမ်းတစ်လျှောက်အဖို့ ရေနွေး ဓာတ်ဘူး၊ စားစရာ၊ လက်နှိပ်ဓာတ်မီးလေးလက်နှင့် ဓာတ်ခဲများကို အရံသင့် စီစဉ်လိုက်စေသည်။ မိုးစွေစခန်းတွင် မောင်နုနှင့် ထမင်းချက် ဦးနုတို့ကို အစောင့်ထားခဲ့ပြီး ခရီးထွက်ရေး အဆင်သင့်အခြေအနေသို့ ဖန်တီးလိုက်ရ၏။

ဦးဘိုးဟန်က ကျွန်တော့်အား

“နေမကောင်းတဲ့ကျော်လှိုင်ကို အပို့သွားတုန်းမှာ လမ်းမှာတွေ့တဲ့ သားကောင်မပစ်ကြရင် ကောင်းမယ်။ သေနတ်သံတွေကြားတော့ လူမမာ စိတ်ချောက်ချားအောင် လုပ်သလိုဖြစ်နေမှာ စိုးရတယ်ဗျ”

ဟု ပြောလိုက်ရာ ကျွန်တော်ကလည်း

“ကောင်းပါတယ်၊ ဒါပေမယ့် ခုအချိန်ဟာ ပြာသိုလမို့ ဦးဘိုးဟန် မိတ်ဆွေကြီးတွေကို ကောင်းကောင်း သတိပြုရမယ်။သူတို့ရဲ့ မိတ်လိုက်တဲ့အချိန်အခါကြီးမို့ တစ်နေရာမှာ တွေ့ချင်တွေ့နိုင်တယ်၊ ဒီလမ်းစခန်းက သူတို့စားကျက် လမ်းမကြီးတွေဗျ”

ဟု ပြန်၍ပြောလိုက်ရာ နှစ်ဦးစလုံး ရယ်မောမိကြသည်။

မိုးစွေနှင့် တိုက်မရွာအကြားဝယ် သုံးရာသီမရွေး ကျားခြေရာတွေ တွေ့ နိုင်သည့်ပြင် ပထမတန်း ကျားပေါများသော တောတောင်ဒေသလည်း ဖြစ်ပေသည်။

ကျွန်တော်က ကျားမှစ၍ ကြီးငါးကြီးအတွက် စိတ်ချရသော .၄၇ဝ နှစ်လုံးပြူးရိုင်ဖယ်ကို ဆွဲယူသလို ဦးဘိုးဟန်ကလည်း ညပစ်ခတ်ရေးတွင် စူးရှလှသည့် ၁၂ ဗို့ ဘရောင်နင်း မောင်းပြန်သေနတ်ကို လွယ်လိုက်ပါသည်။ သန်းထွန်းနှင့် မောင်ပုတို့က .၃၇၅ မက်နမ်ရိုင်ဖယ်နှင့် .၄၁၆ ရိုင်ဖယ်တစ်လက်စီကို ဆွဲကိုင်လိုက်ကြပါသည်။

ကျွန်တော်က လက်ပတ်နာရီကို ကြည့်လိုက်ရာ ညရှစ်နာရီအချိန်သို့ ပြနေသည်ကြောင် ရေနံချေးစိမ်ထားသည် မီးခွေများဖြင့် ရှေ့မှ ရွာသားတစ်ဦးနှင့် သန်းထွန်းတို့က လမ်းပြခေါ်ဆောင်ကာ တောလမ်းခရီး မှပင် တိုက်မရွာဆီသို့ စတင်၍ ခရီးထွက်ခဲ့ကြပါသည်။

ရာသီဥတု အခြေအနေကလည်း ရက်ရက်စက်စက်အေးနေသလို နှင်းတွေက ကိုးရပ်ခွင်လုံးကို ပိတ်နေပါတော့သည်။ မိုးစွေရွာသားများအနေနှင့်လည်း ဂွမ်းစောင်ဟောင်းတစ်ထည်စီ ခြုံလွှမ်းလျက် လုံချည်တိုတိုဝတ်ထားကြပြီး ပုခက်နှင့်ထည့်ထားသည့် လူနာကို လေးယောက်ကျစီ ဝါးလုံးကြီးနှင့် ရှေ့ နောက် ဦး ပဲ့ ထမ်းလာကြပါသည်။

ကျွန်တော်၏ ဓာတ်ခဲသုံးတောင်ထိုး ဓာတ်မီးကို ရိုင်ဖယ်ပြောင်းနှစ်လုံးအောက်တွင် ဆွဲထားလိုက်ပြီး ပတ်ဝန်းကျင်တစ်ဝိုက်ကို အနေအထား မှန် မမှန် မီးခလုပ်ကိုနှိပ်ကာ စမ်းသပ်ကြည့်လိုက်မိပါသည်။

မီးရောင် အကျယ်အဝန်း အနေအထားမှန်အောင် ဓာတ်မီးခေါင်းကို အနည်းငယ် ရှေ့တိုး နောက်ဆုတ် လုပ်လိုက်ပြီး ကိုက်နှစ်ရာခန့် မီးရောင်အကွက်အကြား မရှိတမ်းတွေ့ရမှ မီးခလုတ်ကို ပြန်ပိတ်လိုက်၏။ ဦးဘိုးဟန်လည်း သူ၏ အော်တိုမက်တစ် သေနတ်ဇလုတ်ထဲသို့ ခြောက်လုံးကျည် ကျည်မတစ်တောင့်စီ ရှေ့ဆင့်နောက်ဆင့် ငါးတောင့်ထည့်လိုက်သည်ကို တွေ့လိုက်ရပေ၏။

မီးတုတ်နှစ်ချောင်းနှင့် သန်းထွန်း၏ လက်နှိပ်ဓာတ်မီးရောင်သည် တောတွင်း ခြောက်ပေလမ်းတစ်ဝိုက်မှ နှင်းထဲကို မနည်းထိုးဖောက်ကာ အလင်းရောင်ပြလျက် ခပ်မှန်မှန် ချီတက်မှုအခြေအနေကို အထောက်အပံ့ ပြုနေပါသည်။

တစ်တောလုံးလည်း ညဉ့်ငှက်များနှင့် သားရဲတိရစ္ဆာန်များ၏ အော်မြည်သံများဖြင့် ပဲ့တင်ထပ်လျက်ရှိတော့၏။ ဆတ်တစ်သံ၊ ဂျီဟောက်သံ၊ ကျားသစ်ကြီးများ၏ ဝမ်းရုတ်သံ၊ တောကြောင်များ၏ တစ်ကောင်နှင့် တစ်ကောင် ခေါ်သံများကလည်း နေရာအနှံ့အပြားမှာ ကြားနေရသလို
ဒီးဒုတ်ငှက်ကြီးများ၊တောလုံးငှက်၊ ဆုတ်ကလူးငှက်ဖျား၏ ကြောက်မက်ဖွယ်ရာ မြည်တွန်သံများကလည်း အားငယ်တတ်သူအဖို့ စိတ်ဓာတ်ကို ပျက်ပြားစေပါတော့သည်။

တစ်မိုင်ခရီးသို့ ရောက်ရှိခဲ့သည်တွင် ကျွန်တော်တို့သွားနေသည့် ခြောက်ပေလမ်း၏ ဘယ်ဘက်တောတွင်းမှ လျှောခနဲ တောတိုးသံကြီးတစ်ချက် ကြားလိုက်ရ၍ ရိုင်ဖယ်နှင့် ထိုးချိန်လိုက်ပြီး မီးခလုတ်ကို ကြည့်လိုက်သည်တွင် သက်ကယ်ပင်နှင့် ဝါးသုန်းတောထဲ၌ တသိမ့်သိမ့် လှုပ်ယမ်းလျက် သွက်လက်စွာဝင်ရောက်သွားသည့် သတ္တဝါတစ်ကောင်၏ ကျောရိုးပိုင်းကို သက်ကယ်ရွက်များအတွင်းမှ ရိပ်ခနဲ မြင်လိုက်ရ။

“ဘာကောင်မှန်းမသိဘူး အဘိုးကြီး”

ဟု ကျွန်တော်က သားကောင် လှုပ်ရှားတိုးဝင်နေရာ သက်ကယ်တောအတိုင်း လင်းနေသော ဓာတ်မီးရောင် လမ်းကြောင်းအရ လိုက်၍ ရိုင်ဖယ်နှင့် ချိန်ရွယ်ခိုက်တွင် ဦးဘိုးဟန်က လှမ်း၍

“မပစ်လိုက်ပါဗျာ၊ ညကြီးအချိန် ကျုပ်တို့သေနတ်သံဟာ သိပ်ကျယ်လောင်လှတယ်”

ဟု တားမြစ်သတိပေးလိုက်သောကြောင့် မီးကို ပြန်၍ပိတ်ချလိုက်ရင်း လမ်းအတိုင်း ဆက်တက်ခဲ့ကြသည်။

တစ်ဖာလုံခန့် တက်ခဲ့ကြသည်တွင် ကျွန်တော်တို့ ချီတက်ရမည့် ညာဘက်လမ်း၏ ကပ်နေသော ချုံထဲသို့ ဦးဘိုးဟန်က အမှတ်တမဲ့ ဓာတ်မီးနှင့် ထိုးကြည့်လိုက်သည်တွင် ပြောင်းဖူးဖက်ဆေးလိပ်မီးကို မှောင်ထဲ၌ ဖွာထုတ်လိုက်သည့်အခါ တွေ့ရသည့် ဒိုးဝိုင်းခန့် ရဲရဲသဏ္ဌာန်နှစ်ခုကို နီးကပ်စွာ တွေ့လိုက်ရ၏။

ချက်ချင်း ထိုရဲရဲသဏ္ဌာန်နှစ်ခုသည် ရိပ်ခနဲ လှုပ်ရှားမှုဖြင့် ပျောက်ကွယ်သွားပါသည်။

ဦးဘိုးဟန်သည် မြေပျော့ပျော့ ခြောက်ပေလမ်း တစ်လျှောက်ကို ဓာတ်မီးဖြင့်စိုက်၍ ထိုးကြည့်လိုက်သည်တွင် ဧရာမခြေရာဝိုင်းဝိုင်းကြီးများကို ရှင်းလင်းနေသော ခြောက်ပေလမ်းပေါ်တွင် အစီအရီ တွေ့မြင်လိုက်ရ၏ ။

“ပြောလိုမှ မဆုံးသေးဘူး ဗိုလ်မှူးရ၊ တွေ့ကြ ဆုံကြပြီး၊ တောကောင်ကြီး ခြေရာတွေလဗျာ”

ဟု ခပ်ပြုံးပြုံးမျက်နှာဖြင့် ပြောလိုက်သည်။ ကျွန်တော်က သစ်လွင်လတ်ဆတ်သော ဧရာမ ကျားကြီးခြေရာတွေကို ကြည့်လိုက်ရင်း

“ချောင်းအထက်တုန်းက တောထဲကိုဝင်းသွားတာ
ဒီကောင်ကိုးဗျ”

ဟု ပြောလိုက်ပြီး နောက်က လိုက်ပါလာကြသည့်အထမ်းသမားတွေကို ဆောင့်ကာ ခေါ်ယူလိုက်ရသည်။ သန်းထွန်းနှင့် မောင်ပုတို့အားလည်း ကျွန်တော်တို့နောက်သို့ ကျားတစ်ကောင်လိုက်နေကြောင်း မသိမသာကပ်၍ သတိပေး ပြောကြားလိုက်ရ၏။

သူတို့နှစ်ဦးလည်း ပွဲပေါင်းများစွာ တိုးခဲ့ဖူးသည့် မုဆိုးများပီပီ ဂရုစိုက်ရမည့် အရေးအခင်းကို ပြင်ဆင် အသက့်ရှိစေတော့သည်။

မောင်ပုက ရှေ့မှ မီးတုတ်ကိုင် ရွာသားတစ်ဦးနှင့်တွဲ၍ တက်သလို သန်းထွန်းက နောက်ဆုံးမှနေ၍ ရွာသားမီးတိုင်ကိုင်တစ်ဦးနှင့် ရှေ့နောက်ပိတ်၍ ချီတက်ကြပါသည်။

တောကောင်၊ ဟင်းမျိုး၊ ခေါင်းကြီး၊ မျက်ကွင်းဖြူ၊ ပိုးကောင်၊ ငပြောက် စသည်ဖြင့် နာမည်အမျိုးမျိုးဖြင့် သူ့အကြောင်း သိသူတွေက သူ့အသံကြားရုံဖြင့် ဆောက်တည်ရာမရအောင် ကြောက်ရွံ့နေကြသော ကျားကား အင်မတန်တောကျွမ်းလှသလို တစ်ဖက်ရန်သူအပေါ် အတွက် အချက်နှင့် ချက်ကောင်းစသည်တို့ကို ကောင်းကောင်းသိတက်၏။

သူ့ထက် ခွန်အားဗလကြီးမားသည် လေးတန် ငါးတန် အချိန်စီးသည့် အစွယ်ဖွေးဖွေးနှင့် ဆင်ကြီးများကိုလည်း မည်သည့်နေရာ မည်သည့်အကြောကို ကိုက်ဖြတ်လိုက်ရုံဖြင့် ဖင်ထိုင်ကျကာ အရှုံးပေးတတ်သည်အထိ ချက်ကောင်းကို များစွာ နားလည်သိရှိပေ၏။ တစ်တန် နှစ်တန်ခန့် ကိုယ်အလေးချိန်စီးလျက် ခွန်အား ကောင်းလှသော ပြောင်ထီးခေါင်း၊ စိုင်ထီးခေါင်း၊ သစ်ဆွဲကျွဲကြီးတွေကိုလည်း ပေါင်ငါးရာမျှအချိန်စီးသည့် ကျားက အသေကိုက်သတ်ရု မကဘဲ ဤမျှ အလေးချိန်စီးသော စိုင်များ၊ ကျွဲများကို မြေအနိမ့် အမြင့်မရွေး ဒရွက်တိုက်ကာ ဆွဲချီ၍ တစ်မိုင်နှစ်မိုင်အထိ နေရာကို ရွှေ့ပြောင်းယူငင်နိုင်သော ခွန်အားလည်းရှိ၏။

တိရစ္ဆာန်တွေကို ဉာဏ်ပညာဖြင့် အုပ်ချုပ်စေခိုင်းနိုင်သည့် မနုဿလူသားတွေကိုလည်း တစ်ချီတစ်ချီ အလစ်တွင် အမိအရ ကိုက်ချီသတ်စားလေ့ရှိသော ဤကျားသတ္တဝါ၏ လျင်မြန် ပါးနပ်မှုများကို စံတင်လောက်ပေ၏။

ခြေရာမြင်ရပြီး သူ၏ မျက်စိနှစ်လုံးကို မြင်ရပါလျက် အကာအကွယ်ကင်းရှင်းသော ပစ်ကွင်းကောင်းတစ်ရပ်ကို အပြမခံတမ်း မျက်ကွယ်၊ ကျည်ကွယ်တွေယူလျက် ခိုကပ်ပြီး ချောင်းမြောင်းနေသော ကျား၏ ယုတ်မာပုံများကို ကျွန်တော်တို့က တစိမ့်စိမ့်စဉ်းစားမိ၏။

ကျားထုံးစံကား ခြေရာတွေ့ ရပြီး ဟိန်းသံ ဟစ်သံများကြားရလျှင် ဖော်ပြပါ ကျားအတွက် စိုးရိမ်စရာမရှိချေ။ သူ့ဘာသာ သဘာဝအလျောက် လှည့်လည်ကျက်စားနေခြင်းသာ ဖြစ်၏။

ခြေရာအသစ်တွေ လတ်လတ် ဆက်ဆက် တွေ့ရပြီး အကောင်မတွေ့ ရသော ကျားကား ထိုတစ်ဝိုက်မှ သားကောင်ကို အပိုင်လိုက်၍ ချောင်းမြောင်းနေခြင်းသာ ဖြစ်၏။ ယခု တွေ့ ရှိရသော ခြေရာရှင်ကျားကား ကျွန်တော်တို့ မနုဿသားကောင်များကို မနားမနေလိုက်၍ ချောင်းမြောင်း လုပ်ကြံနေခြင်းသာဖြစ်၏။

နောက်ဆုံးမှ သန်းထွန်းက ရိုင်ဖယ်နှင့် တောဘက်သို့ ချိန်ရွယ်ကာ လှည့်၍ ကြည့်နေသည်ကို မြင်လိုက်ရ၏။ အထမ်းသမားတစ်စုအနေနှင့်လည်း ကျား၏ ချောင်းမြောင်းခြင်းအကြောင်း ပိုရိပ်မိလာ၍ ခြေလှမ်း သိပ်မသွက်ဟော့ချေ။ ကျားဆိုးသည် ရှေ့မှပုန်း၍ ဖြတ်၍ ချောင်းမြောင်း၍ မရမှန်း သိရသည်ကြောင့် နောက်ပိုင်းသို့ပြန်ကာ ချောင်းမြောင်းလုပ်ကြံ တတ်သည်ကို ကျွန်တော်က သတိပြုမိပါသည်။

“ဒီအကောင် အတော့်ကို အတင့်ရဲတယ်၊ လူသားစားဖူး မြည်းဖူးပုံ ရတယ် ဗိုလ်မှူး၊ ရိပ်ခနဲမြင်ရင် မလွတ်တမ်းပစ်ထည့်ဖို့ အရေးကြီးတယ်”

ဦးဘိုးဟန်သည် နဖူးမှ ချွေးစီးကြောင်းများကို ကပျာကယာ မျက်နှာသုတ်ပဝါကလေးနှင့် သုတ်လိုက်ရင်း အရေးတကြီး သတိပေးပါသည်။

“အေးဗျာ ညဆိုတော့ သူ့ဘက်က တစ်ပန်းသာနေတာကလား၊ ကျားက ကျားအိုကြီးနဲ တူတယ်ဗျ၊ ခြေရာကလဲ တယ်ကြီးတာကို”

ကျွန်တော်သည် မျက်စိနှစ်လုံးကို အငြိမ်မထားဘဲ မီးတိုင်များမှ မီးရောင်တစ်ဝိုက် ထွန်းလင်းရာ တောတန်းတစ်လျှောက်ကို အကဲခတ် ကြည့်ရှုရင်း ပြောလိုက်မိသည်။ ကျွန်တော်တို့မုဆိုးတစ်စုသည် ပိုမိုဂရုစိုက်ကာ အရေးတကြီး လက်မနှေးတမ်း ပစ်ခတ်နိုင်ရေးအတွက် သေနတ်တပြင်ပြင် တချိန်ချိန်နှင့် တက်ခဲ့ကြသည်။

သို့ရာတွင် ကျားသတ္တဝါကို အမြဲတမ်းအကြောက်ပေးခဲ့ရသည့် အထမ်းသမားများအဖို့ စိတ်ဓာတ်တွေပျက်ပြားကာ သူတို့၏မျက်နှာပြင်များဝယ် တုန်လှုပ်စိုးရိမ်မှုများ သိသိသာသာ ထွက်ပေါ်နေလေသည်။

ကျွန်တော်နှင့် ဦးဘိုးဟန်တို့သည် နောက်ပိုင်းကို စိတ်မချတော့သည်အလျောက် ရှေ့နောက်သို့ တစ်ယောက်ချင်းလူခွဲကာ အရေးရှိ ဖိဖိစီးစီး ပတ်ခတ်နိုင်ရန် စီစဉ်လိုက်ရ၏။

ကျွန်တော်က ရှေ့မှတက်ခဲ့သည်တွင် နှင်းပေါက်တွေ တဖြောက်ဖြောက် ကျဆင်းနေသော တောတွင်းလမ်းအတိုင်း တရိပ်ရိပ် ချီတက်ခဲသည်တွင် ချိုင်ဝှမ်း ကျသော ရေစပ်စပ်ပြေးနေသည် ချောင်းသေးသေးကလေးတစ်ခုကို ဖြတ်၍ ဆင်းလိုက်ရ၏။

ကျွန်တော့် ဝဲယာသို့ ဓာတ်မီးအနှံအပြားထိုး၍ ရှာဖွေပြီး ရေစပ်စပ်ဆီသို့ ကြည်လိုက်ရာတွင် ကျွန်တော်ကိုမရောက်ခင် စက္ကန်ပိုင်းအတွင်းက ကျားကြီးဖြတ်၍ ကူးသွားသောကြောင့် ခြေရာတန်းကြီးများနှင့် ရေနောက်ကျိ၍ကျန်ရစ်ခဲပြီး ကျား၏ ခြေလက်များလှုပ်ခတ်ခဲ့ကြောင်း ဝဲကလေးများပင် လည်၍နေသည့် အဖြစ်ကို တွေ့ရ၏။

တစ်ခါတစ်ခါ ကျွန်တော်တို့က ရှေ့ကနေပြီး ဆည်းကာစောင့်လိုက်၊ တစ်ချီ တစ်ချီ နောက်ပိုင်းကနေပြီး ချောင်းလိုက်နှင့် ချီတက်ခဲ့ကြရင်း ခြေသွက်လှသော ကျားကြီး၏ အန္တရာယ်ကို စဉ်းစားလာခဲ့မိပါသည်။

လစ်လျှင်လစ်သလို လျင်မြန်လှသော အဟုန်ဖြင့် ကျွမ်းပစ်ကာ ဝင်ရောက်လာပြီး တစ်ယောက်ယောက်ကို အရ ကိုက်ချီပြီး အံ့သြစရာ လျင်မြန်လှသော အရှိန်ဖြင့် သူ၏ ပါးစပ်တွင်းက စားကောင်လူကိုပါ တစ်ချိုးတည်းခုန်လွှား၍ ကိုယ်ဖျောက် တိမ်းရှောင်လေ့ရှိသည့် ကျားတို့၏ ကြောက်မက်ဖွယ်ရာ လှုပ်ရှားမှုကိုလည်း ကြိုတင်တွက်ချက် ထားမိပါသည်။

နောက်ဆုံးပိတ်မှ မီးစည်းတစ်ချောင်းကိုကိုင်ကာ ဦးဘိုးဟန်၏ ဘေးမှကပ်၍ အလင်းရောင်ပြနေသော သန်းထွန်း၏ သဏ္ဌာန်၊ ၁၂ ဗို့ သေနတ်ကို လမ်း၏ညာဘက် တောတွင်းသို့လိုက်၍ ချိန်ရွယ်ရင်း ကျားကြီး၏ တောတိုးသံကို နားစွင့်ကာ ပစ်ကွင်းတစ်ရပ်အား ရှာဖွေနေသည့် ဦးဘိုးဟန်ကြီး၏ သဏ္ဌာန်တို့မှာလည်း စိုးရိမ်မှုအခြေအနေကို ညွှန်ပြနေကြ၏။

“အမြီးက တဘုတ်ဘုတ် မြေကြီးနဲ့ ရိုက်နေတဲ့အသံ ကြားတယ်၊ အကောင်ကို ရှင်းရှင်းမမြင်ရတာ သိပ်နာတယ်ဗျို့ “

ကျွန်တော်အား ဦးဘိုးဟန်က လှမ်း၍ ပြောလိုက်သည်။ ကျားကြီးသည် ဘေးက လှည့်ကာပတ်ကာ ချောင်းရင်း ကျားတို့ထုံးစံအရ၊ စိတ်လှုပ်ရှားမှုအနေဖြင့် သူတို့၏ ရှည်လျားသောအမြီးနှင့် မြေကြီး ချုံနွယ်တို့ကို တဘုတ်ဘုတ် ရိုက်ခတ်နေလေ့ရှိသည်ကို ကျွန်တော် သိရှိလိုက်မိသည်။

ကျားကြီးရှိရာသို့ မှန်းဆ၍ ပစ်ခတ်ရန်မှာလည်း အသည်းအသန် ဖြစ်၍နေသော ပုခက်တွင်းမှ လူမမာ၏ အခြေအနေကို ငဲ့ကွက်၍ မပစ်ခတ်ဝံ့အောင် ရှိပါသည်။ စိုးရိမ်လာရသည့် ကျားကြီး၏ မပြတ်တမ်း လိုက်လံချောင်းမြောင်းနေမှုကြောင့် ကျွန်တော်က အထမ်းသမားတို့အား တစ်စုတစ်ဝေးကြီး သွားကြရန် ပြောကြားလိုက်ရ၏။ သေနတ်သမားများက အထမ်းသမားများ၏ အပြင်ဘက်စခန်းအနေဖြင့် သေနတ်လေးလက်ဖြင့် ဝိုင်းရံကာကွယ်၍ လိုက်ရလေသည်။

အထမ်းသမားများအဖို ပင်ပန်း၍လော၊ ကျားကြီး၏ အန္တ ရာယ်ကို ကြောက်ရွံ့နေ၍လော မသိရ၊ သူတို့၏မျက်နှာပြင်ဝယ် ချွေးတွေရွှဲနေသည်ကို တွေ့ ရ၏။ စိတ်မချရသော ခရီးလမ်း၌ ထိတ်ထိတ်လန့်လန့်နှင့် ခရီးသွားရခြင်းကြောင့် ခရီးတွင်သင့်သလောက် မတွင်တော့ချေ။

အောက်ခြေက ရှုပ်ထွေးစွာ ပေါက်ရောက်သော ခြောက်ပေလမ်းမျိုးသို့ ရောက်ခဲ့သည်။

လမ်းဘေးက အလစ်တွင်ကပ်၍ လိုက်ဆီးနိုင်သည် ကျားကြီး၏ အန္တရာယ်ကို ကာကွယ်စေရန် သေနတ်လေးလက်က ရှေ့နောက်ဝဲယာ အပြင်မှ ချိန်ရွယ်၍ တစ်လှမ်းချင်း သတိကြီးစွာဖြင့် တက်ခဲ့ရလေသည်။

စိတ်ပန်း လူပန်းအခြေအနေသို့ ဆိုက်ရောက်ခဲ့ကြသလို ခြေအိတ်ကြားမှ ဖောက်၍ သွေးစုတ်ကြသည့် ကျွတ်သတ္တဝါများ၏ တစစ်စစ်နှင့် သွေးစုတ်နေမှုကိုပင် တစ်ချက်ကလေးမှ ပြန်လည်ရှာဖွေ ကြည့်ရှုခွင့် မရတော့ချေ။

ကျွန်တော်သည် မြန်မြန်မိုးလင်းစေရန် တောင့်တမိသည်။ လက်ပတ်နာရီကို မီးရောင်နှင့် ကြည့်လိုက်ရာ ည နှစ်နာရီ လေးဆယ်မိနစ်အချိန်ကလေးကို တွေ့မြင်လိုက်ရ၏။

ဆယ့်ငါးမိနစ်ခန့် ဆက်လက်၍ ချီတက်ခဲ့ရပြန်ပါသည်။ မိုးစွေနှင့် တိုက်မရွာသို့ သွားသည့် တောတွင်း ခြောက်ပေလမ်းကား ငါးလိုက်ချောင်းစီးဆင်းရာနံဘေးတွင် ဖြတ်လိုက် ကွေ့လိုက် ဖောက်လုပ်ထားသည်ကိုပင် ကျွန်တော်က အထူးကျေးဇူးတင်မိ၏။

အကြောင်းမှာ ငါးလိုက်ချောင်းတွင်းသို့ ဆင်းခဲ့ရသည့်အခါ၌ ပြောင်တလင်း သဲဖွေးဖွေးတို့ဖြင့် ကျားကြီး၏ ချောင်းမြောင်းပုန်းကွယ်ကာ လုပ်ကြံမှု အန္တရာယ်ကို အဝေးကပင် တွေ့ မြင်ခုခံနိုင်စွမ်း ရှိသောကြောင့်တည်း။

အထမ်းသမားများသည် အတော်ကလေးပင်ပန်းလာကြသလို မကြာခဏ ချောင်းထဲ ရေထဲမှ ဖြတ်ရသည်ကြောင့်တစ်ကြောင်း၊ ပြာသိုလ၏ ဆိုးရွား လှသော ဆောင်းရာသီ၏ အေးမြမှုတို့ကြောင့်တစ်ကြောင်း၊ သဲပြင်ဖွေးဖွေးပေါ် တွင် ထင်းခြောက် ဝါးခြောက်များ စုပုံ၍ အရေးတကြီး မီးဖိုလိုက်ကြသည်။

“တောကောင်ကြီး ကျုပ်တို့နောက်ကို ထက်ကြပ်မကွာ လိုက်နေတယ်ဗျို့၊ အင်မတန်ဆိုးရွားတဲ့ အကောင်ကြီးဗျ၊ ဗိုလ်မှူးတို့အရေးမို့လိုသာ သေနတ်တွေအားကိုးပြီး ကျုပ်တို့ရွာသားတွေ အခုလို မငြင်းတမ်းလိုက်ခဲ့ကြတာ၊ ဒီလိုရာသီမျိုးနဲ့ ကျားတွေ မိတ်လိုက်ချိန် ဒီလိုလမ်းမျိုးကို နေ့ခင်းကြောင်တောင်မှာတောင် အဖော်မပါဘဲ ကျုပ်တို့ ခရီးမသွားဝံ့ကြဘူး”

ဟု ရွာသားကြီးတစ်ဦးက ပြောလိုက်ပါသည်။

ကွမ်းဝါးသူဝါး ဆေးလိပ်သောက်သူ သောက်နှင့် ဆူဆူညံညံ စကားပြောနေကြသည်။ ခြေသလုံးမှ ကျွတ်များကို ခွာသူခွာနှင့် သဲပြင်ဖွေးဖွေးပေါ်တွင် စိတ်ချလက်ချ အနားယူနေကြသည်။

အထမ်းသမားတစ်ဦးက ခြေသလုံးမှ ရွှံ့စများနှင့် ကျွတ်တွယ်ထားရာမှ သွေးစများကို ရေနှင့်ဆေးကြောရန်အတွက် ရေစပ်စပ်စီးဆင်းနေရာသို့ သွားသည်တွင် အကင်းပါးလှသော ဦးဘိုးဟန်သည် ကျွန်တော့်ကို မေးငေါ့၍ အချက်ပေးလိုက်ပြီး သူ၏ လက်တွင်းမှ ဓာတ်မီးနှင့် ရေစီးရာနေရာ ဆယ့်ရှစ်ပေခန့် ရေကြော၏ အရှေ့ဘက်ကပ်နေသော နှစ်ပေခန့်အမြင့်ရှိ သစ်ရိပ် ဝါးရိပ်များဖြင့် ကမ်းထိပ်ဆီသို့ စွတ်၍ ထိုးပြလိုက်သည်။

ခပ်ကျုံ့ကျုံ့ကိုယ်လုံးကြီးဖြင့် ကြွက်ကိုချောင်းနေသော ကြောင်ကြီးပမာ ရေစပ်ဆီသို့ တက်လာနေသည့် အထမ်းသမားကို ရဲထွက်နေ သောမျက်လုံးကြီးများဖြင့်ကြည့်ကာ ချောင်းကမ်းပါးထိပ်ဆီသို့ ကျိတ်၍ တက်လာသည့် ကျားကြီး၏ ရှေ့ပိုင်းကို မြင်လိုက်ရသည်တွင် ကျွန်တော်က အရေးတကြီး ရိုင်ဖယ်နှင့်ထိုး၍ ချိန်လိုက်သည့်ခဏ၌ ဖျတ်ခနဲ နောက်ကျွမ်း တစ်ပတ်ပစ်လိုက်သော ကျားကြီး၏ လျင်မြန်မှုကို တွေ့လိုက်ရပြီး ရွှီခနဲ အသံများဖြင့် ကျားကြီးသည် တောထဲသို့ ကျရောက်ပျောက်ကွယ်သွားတော့၏။

“တောက် သိပ်ပါးတဲ့အကောင်ကြီးကွာ၊ နည်းနည်းကလေးမှ အချိန်တောင်မခံဘူး၊ နေနှင့်ဦးပေါ့”

ဦးဘိုးဟန်၏ ကြိမ်းဝါးသံနှင့်အတူ အခြေအနေအားလုံးကို မြင်တွေ့ လိုက်ရသည့် အထမ်းသမားများနှင့် ခြေကို ရေဆေးကြောရန် ထွက်လာသည့် အထမ်းသမား၏ အလန့်တကြား အော်သံများကြောင့် ဆူညံတုန်လှုပ်သွားပါတော့သည်။

“ကံကောင်းလို့ဟေ့ ဆရာဟန်က အကင်းပါးလို့၊ မောင်ငယ်ကို တောကောင်ကြီးက ခုန်အုပ်တော့မလို၊ သီသီကလေး လိုဘောတယ်”

တစ်ယောက်တစ်ခွန်း ဆူညံစွာပြောဆိုကာ ကျောချင်းကပ်၍ တုန်လှုပ်နေကြလေသည်။ သူတိုအချင်းချင်းလည်း အရေးတကြီး ပြောဆိုတိုင်ပင်နေကြပါသည်။ ကျွန်တော်နှင့် ဦးဘိုဟန်တို့သည် ရိုင်ဖယ်များကို ရင်ဝယ်ပိုက်ကာ မီးဖိုကြီးများဘေးတွင် ကပ်လျက် မီးလှုံလျက် ကြုံတွေ့ နေရသည့် အန္တရာယ်အခက်အခဲမှ မည်သို့ ကျော်လွှားရမည်ကို စဉ်းစားနေမိ ကြ၏။

“ဘယ်လိုလဲဟေ့ မောင်တင်၊ ဒီဂရီဘယ်လောက်ရှိသလဲ”

ကျွန်တော် လှမ်းမေးလိုက်ရာ

“တစ်ရာ့နှစ် ဗိုလ်မှူး၊ နည်းနည်းတော့ သတိရလာပါပြီ”

ဟု ဖြေကြားလိုက်သည်။

ကျွန်တော်တိုလူစုသည် အရိပ်အခြည်ကိုကြည့်လျက် မီးလှုံ၍ နားခဲ့သည်တွင် တစ်နာရီကျော် ကြာခဲ့ပါသည်။ အထမ်းသမားတစ်ဦးက မရဲတရဲနှင့် ကျွန်တော့်အား

“ဗိုလ်မှူးရေ၊ ကျုပ်တိုအားလုံး ရှေ့က ချောင်းတက်က ချပ်ကြားကို သိပ်စိုးရိမ်နေတယ်ဗျ၊ အထက်က ကမ်းပါးတွေက မိုးထားသလိုဖြစ်ပြီး လှည်းတစ်စီး မနည်းမောင်းရတဲ့ အကျဉ်းအကြားမို့ တောကောင်ကြီးက အဲဒီချပ်ကြားထိပ်က စောင့်မှာစိုးရတယ်”

ဟု စိုးရိမ်သည့်မျက်နှာဖြင့် ပြောလိုက်ရာ ကျွန်တော်သည် ချောင်းသဲခုံပေါ်မှ ခပ်ရေးရေးလှမ်း၍ မြင်နေရသည့် ချောင်းတောင်ဘက်အတက် ချပ်ကြားထိပ်ဆီသို့ လှမ်းကြည်လိုက်ရင်း မသိမသာ သက်ပြင်းချမိသည်။

ဦးဘိုးဟန်က ကျွန်တော့်ကိုလှမ်း၍

“သူတို့ ချောင်းအတိုင်း တဖြည်းဖြည်း တက်ခိုင်းကြ၊ ခင်ဗျားနဲ့ကျုပ် ဟောဒီ ခြေလှမ်းကလေးအတိုင်း ချပ်ကြားထိပ်ကို ဖြတ်ပြီးစီးနှင့်ရအောင်။ တောကောင်ကြီးအရင် ကျုပ်တို့ရောက်ဖို့ အရေးကြီးတယ်၊ ကျားနဲ့ မုဆိုး ဘယ်ဒင်းက သတ္တိရှိတယ်၊ ဘယ်ဒင်းက ဉာဏ်ရည်သာတယ်ဆိုတာ သိကြရအောင်”

ဟု ကြုံးဝါးလိုက်၏။

“ကျုပ်တို့ရောက်မှ လက်ကွင်းမှုတ် အချက်ပေးသံကြားမှ ခင်ဗျားတို့ တက်ခဲ့ကြပေါ့”

ဟု အထမ်းသမားတွေကို အချိန်းအချက်ပြောကြားလိုက်ပြီး ကျွန်တော်က ရှေ့မှတက်ရန်ပြောလိုက်ပါသည်။ ကျွန်တော်သည် အေးစက်နေသော ရိုင်ဖယ်ပြောင်းနှစ်လုံးကို ဘယ်ဘက်လက်ချောင်းများအတွင်းသို နေရာချထားလိုက်ပြီး လက်နှိပ်ဓာတ်မီးခလုတ်ကိုဖွင့်ကာ ခပ်ဟောင်းဟောင်း လူသွားလမ်းကလေးအတိုင်း ခပ်သုတ်သုတ်နင်းတက်လိုက်ရာ ဦးဘိုးဟန်ကလည်း လက်နှိပ်ဓာတ်မီးကိုဖွင့်လျက် ကျွန်တော်၏နောက် ခြောက်လှမ်းကွာလောက်က ကပ်၍ အပြီးလိုက်ပါတက်ရောက်ခဲ့ကြသည်။

ကျွန်တော်၏ နားနှစ်ဖက်နှင့် မျက်စိနှစ်လုံးကို အစွမ်းကုန်ဖွင့်ကာ အသုံးပြုရင်း ကျားကြီးအရိပ်ကို တွေ့ခဲ့လျှင် လက်ဦးမှုရအောင် ပစ်နိုင်ရေးအတွက် ရှေ့နှင့် ဝဲယာတို့ကို ကြည့်ရှုရှာဖွေရင်း ခပ်သုတ်သုတ်နင်းတက်ခဲ့သည်။ ခပ်ပြေပြေ တက်လမ်းကလေးမှတစ်ဆင့် ခပ်မော့မော့ တောင်စောင်းအတိုင်း ကိုက်လေးရာကျော်ခန့် တက်ရောက်ခဲ့သည်တွင် ကျောက်တုံးကြီးများနှင့် ဝါးရုံပင်များရောနှောလျက်ရှိသည်။

ကျားကြီးအဖို့ ပုန်းကွယ်စရာ အင်မတန်ကောင်းစေသည့်နေရာများကို နှစ်ယောက်သား ပြောင်းဝနစ်ပေါက်နှင့် ချိန်ရွယ်ကာ ဖြတ်ကျော်ခဲ့သည့် အဆုံးဝယ် နာမည်ကြီးလှသော ချပ်ကြားထိပ်ပိုင်းဆီသို့ ရောက်ရှိခဲ့ကြပါသည်။

ကျွန်တော်နှင့် ဦးဘိုးဟန်တို့သည် ချပ်ကြားအောက်တွင် ဝင်ပေါက် ထွက်ပေါက်များဆီသို့ အရေးတကြီး ဓာတ်မီးနှစ်လက်ဖြင့်ထိုး၍ ရှာဖွေလိုက်သည်တွင် ကျားကြီး၏ အရိပ်အရောင်ကို မတွေ့ ရမှ ကျောက်တုံးလေးအကြားတွင် နှစ်ယောက်သားကျောချင်းကပ်ကာ နေရာယူလိုက်ပြီး ခေတ္တ အခြေအနေကို စောင်ကြည့်ကြ၍ လက်နှိပ်ဓာတ်မီးများကို မှိတ်ချလိုက်ကြသည်။

ကျွန်တော်တို့နှစ်ယောက်၏ အာရုံများက ကျွန်တော်တို့နှင့် မျက်နှာချင်းဆိုင် တစ်ဖက်ချပ်ထိပ်ဆီသို့သာ နား မျက်စိတို့ကို စူးစိုက်နားထောင် ကြည့်ရှုခဲ့ကြသည်။

ကျွန်တော်တိုလူစုကို တစ်လမ်းလုံးပင် မလွတ်တမ်းချောင်းမြောင်းလုပ်ကြံနေသည့် ကျားကြီးကား ကျန်ရစ်ခဲ့သည့် သန်းထွန်းတို့ အထမ်းသမားများဆီ မဲတင်းနေပြီး ကျန်ရစ်ခဲပေမည်လား ၊ သို့တည်းမဟုတ် ကျွန်တော်တို့ကဲ့သို့ ချပ်ကြားအမြင့် နေရာကောင်းပေါ်သို့ အရယူရန် တဖြည်းဖြည်းချင်းပင် အထမ်းသမားတို့၏ လှုပ်ရှားမှု အရိပ်အခြည်ကို ကြည့်လျက် တက်လာပေပြီလား စသည့်တွေးလုံးများမှာ ကျွန်တော်ဦးနှောက်တွင်းသို ဝင်ရောက်လာပါတော့သည်။

ကျွန်တော်တို့နှစ်ယောက်စလုံး၏ နားလေးဖက်အတွင်းမှ ချွတ်ခနဲ တောတိုးသံ ခပ်ရှည်ရှည် ကြားလိုက်ရ၏။

ဦးဘိုးဟန်က ကျွန်တော့်ကို တတောင်နှင့်တွက်ကာ အရေးတကြီး သတိပေးလိုက်သည်။ ထူးထူး ဆန်းဆန်း တောတိုးသံများထွက်ပေါ်ရာနေရာကား ကျွန်တော်တို့နှစ်ယောက် မကြာမတင် ကာလက တက်ရောက်လာသည် တောင်တက်လမ်းကလေး အောက်ပိုင်းဆီမှ ဖြစ်ပါသည်။

ထိုကြောင့် နှစ်ယောက်သားကျောက်တုံးများကြားမှ ကွယ်လျက် ဝပ်လျက် နားစွင့်ကာ ထောင်လိုက်ကြပြန်သည်။

မကြာမီအတွင်း ကျွန်တော်တို့ ပုန်းကွယ်နေရာသို့ ရောက်ရန် အမော့တက်ကလေးဆီမှ ဖြောက်ခနဲ ဝါး အဆွေးတစ်ချောင်းကို တစ်စုတစ်ရာက တိုက်မိသည်ပုံဖြင့် ဝါးကျိုးသံအဆုံးဝယ် ကျွန်တော်၏ ရိုင်ဖယ်ပြောင်းနှစ်လုံးနှင့် တွဲထားသည့် မီးခလုတ်ကိုနှိပ်ကာ ထိုးချိန် ချိန်လိုက်သည်။

ဖွေးခနဲ လင်းခနဲ ထွက်ပေါ်လာစဉ် ဓာတ်မီးရောင်အဝိုင်းအတွင်းဝယ် ရှေ့ဦးစွာ ရဲခနဲ မီးလုံးကြီးနှစ်လုံးကို ကိုက်နှစ်ဆယ်အတွင်းမှာ ကပ်၍ တွေ့လိုက်ရပြီး ကျိန်းစပ်နေသော မျက်လုံးနှစ်လုံးကို အားယူ၍ ဂရုတစိုက်ကြည့်လိုက်မှပင် တောငှက်ပျောရွက်များ၏ အကြားမှ ရှေ့သို့ တစ်ပိုင်းကျော်လျက် ဝင်လာသည့် ကျားကြီး၏ခေါင်းပိုင်းကို တွေ့မြင်လိုက်ရပေ၏။

ရုတ်တရက် မီးရောင်အထိုးခံရသည်ကြောင့် ကျားကြီးက ဒေါသထွက်ခြင်း၊ အံ့အားသင့်ခြင်းတို့ စုပေါင်းထားသည့် နီရဲနေသော မျက်လုံးကြီးနှစ်လုံး၊ ဖြဲဟနေသော ပါးစပ်ကြီးအတွင်းမှ အစွယ်ဖွေးဖွေးကြီး လေးချောင်းကို ရိပ်ခနဲမြင်လိုက်ရသည်တွင် ကျွန်တော်သည် များစွာချိန်ရန်မလိုသည့်အလျောက် ကျားကြီး၏ နီရဲနေသော မျက်လုံးနှစ်လုံးအကြားသို့ အသေအချာ ချိန်ရွယ်လိုက်ပြီး မောင်းဖြုတ်ချလိုက်မိသည်။

“ဒိုင်း” ခနဲ ယမ်းအား ငါးရာတစ်ဆယ် ဂရိန်၏ ပေါက်ကွဲသံနှင့်အတူ ကျွန်တော်၏ ညာဘက်ပခုံးကြားသို့ ဆောင့်လိုက်သည့် ရာဘာထူထူတပ်ထားသော ရိုင်ဖယ်ဒင်ပိုင်း၏ ဆောင့်ကန်မှုကို ခံလိုက်ရသလို ကျားကြီး၏ ခေါင်းကြီးမှာ နောက်ပိုင်းဆီသို့ လည်ထွက်သွားသည်ကို မြင်လိုက်ရပါသည်။

ကျွန်တော်၏ ညာဘက်ဆီမှ ဦးဘိုးဟန်၏ ၁၂ ဗို့ သေနတ်သံ တစ်ချက်ပြီးတစ်ချက် ပစ်ခတ်သံများနှင့်အတူ ပစ်ပြီးသား ကျည်ဆန်အခွံများ တဖုတ်ဖုတ်နှင့် ကျောက်တုံးပေါ်သို့ ကျရောက်သံများကိုပါ သိရှိလိုက်ရ၏။

“ဂါး … ဝူး”

မြေတုန်ဟည်း၍ ပဲ့တင်ခတ်ကာ ထွက်ပေါ်လာသော ကျားကြီး၏ လေးဘက်ပစ်၍ ကျရာမှ ကုန်း၍ ဟိန်းသံကြီးများကြောင့် ကျွန်တော်သည် ဒုတိယပစ်ကွင်းကို အရေးတကြီးရှာဖွေလိုက်ရ၏။

ကုန်းထလိုက် ပြန်ကျလိုက်နှင့် ဖြစ်နေသောကျားကြီး၏ လည်မျိုကို ကျွန်တော်က ချိန်ရွယ်ကာ ကျန်နေသည့် ကျည်ဆန်နှင့် ပစ်ခတ်ချလိုက်သည်တွင် ကျားကြီးအဖို့ ဂရိန် ငါးရာ့တစ်ဆယ်၏ တွန်းကန်အားကြောင့် ဘေးသို့ပစ်၍ကျသွားတော့၏။

ဦးဘိုးဟန်သည် စတုတ္ထကျည်ဆန်တစ်တောင့်ကို ကျားကြီး၏ လက်ပြင်သို့ချိန်ကာ ပစ်ခတ်ချလိုက်ပြန်သည်။

ကျွန်တော်တို့နှစ်ယောက် ရပ်နေသော ချပ်ကြားထိပ်ဝယ် ကော်ဒိုက်ယမ်းငွေ့နံ့တွေ တထောင်းထောင်းနံနေတော့၏။ နှစ်ယောက်စလုံး သေနတ်များအတွင်းသို့ ကျည်ဆန်အသစ်များကိုထိုးကာ မောင်းတင်ကြပြီး ကျားကြီး ကျဆုံးနေရာသို့ တစ်လှမ်းချင်းတက်ရောက်ခဲ့ကြသည်။ ကျားကလည်း တကယ့်ကျားပင် ဖြစ်ပါသည်။ ကျားကြီးမျိုးဖြစ်ပြီး နှာခေါင်းဖျားမှ အမြီးဖျားအထိ ဆယ်ပေကောင်းကောင်းကျော်ပေမည်ဟု တွက်ချက်ခန့်မှန်းကြည့်လိုက်ကြသည်။

“ခွေးကောင်ကြီး ခုဟာအငိုက်မိလိုက်တာဗျ၊ ကြည့်စမ်း ဘယ်လောက်ပါးတဲ့အကောင်ကြီးလဲ။ ကျုပ်တို့ထင်သလို ဟိုဘက်ချပ်ထိပ်က လိုက်မလာဘဲ ကျုပ်တို့ အနံ့ကိုခံရင်း ကျုပ်တို့ ခြေရာရင်းက နင်းပြီး အတင်းဖိလိုက်တာကလား၊ ရုတ်တရက် ဓာတ်မီးရောင်မှာမိလိုက်တုန်း ကြောင်နေတုန်းမှာ တစ်ချီတည်း အပိုင်ပစ်ထည့်လိုက်ကြတာ တိုက်ပွဲဖြစ်နေ သလိုပဲဗျို့”

ဟု ရယ်မောသံကြီးနှင့် ဦးဘိုးဟန်က ကျားကြီး၏ခေါင်းကို ဖိနပ်နှင့် တစ်ချက်ဆောင့်ကာ ကန်ကျောက်လိုက်ပြန်ပါသည်။

“အေး” ဟူသော အထမ်းသမားများဆီက အသံပြုသံများထွက်ပေါ် လာသည်တွင် ကျွန်တော်တို့လည်း “ဟေး” ဟူသော ဘေးအန္တရာယ်ကောင်ကြီး ကင်းရှင်းကြောင်း အထိမ်းအမှတ်အဖြေကို တုံ့ပြန်လိုက်ရ၏။

ကျွန်တော်တို့လူစုအတွင်းမှ အရှုံးအဖြစ် မနုဿလူသားတစ်ယောက်အစား တစ်ညလုံး တစ်လမ်းလုံး မလွတ်တမ်း လိုက်လံချောင်းမြောင်း လုပ်ကြံနေသည့် ရဲတင်းလှသည့် ကျားကြီးကို အစားထိုးကာ လက်တွေ့ အဖြေထွက်ပေါ်စေခဲ့သလို ကျွန်တော်၏ ခေါင်းပေါ်၌ လေးလံသောဝန်ထုပ်ကြီးတစ်ထုပ် ပြေကျသွားသကဲ့သို့ ပေါ့ပါးလျင်မြန်လှသော ဘဝသစ် အခြေအနေဖြင့် စစ်ချီသီချင်းတစ်ပုဒ်ကို လေချွန်ကာ ရွှင်မြူးမိပါတော့သတည်း။

[ မြဝတီ။]
– ပြီး –

စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
စာစီစာရိုက် – မုဆိုးတံငါစာပေများ