ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
စောထူးသည် ဝါးဆေးတံကို မီးညှိလိုက်ပြီး သူ၏ ပါးစောင်တွင် ခဲလိုက်၏။ ထို့နောက် ကွမ်းထုပ်ကို သူ၏ဘေးလွယ်အိတ် ပုတ်ထဲသို့ ထည့်လိုက်ပြန်၏။ ထို့နောက် သူ၏အချစ်တော် တိုလီမဲကို စိတ်ဆိုးမာန်ဆိုးနှင့် အပြစ်တင်လိုက်၏။
“ငါ့ကို ခဏ ခဏ ဒုက္ခပေးတဲ့အကောင်၊ တွေ ရင်တော့လားကွာ၊ အသေပဲ အောက်မေ့ပေတော့”
ဟု ကရင်ဘာသာနှင့် ကြိမ်းဝါးအပြစ်တင်လိုက်ပြန်၏။
ထမင်းချက်ကြီး စောပန်းရွှေက ခေါင်းတညိတ်ညိတ်နှင့် ရယ်မောလိုက်ရင်း
“တိုလီမဲနဲ့ မင်းနဲ့တော့လားကွာ၊ မိုက်ကြတာကလဲ အတူတူပဲ၊ ချစ်ကြတာကလဲ သားအဖပဲ၊ ပြီးတော့ ခဏ ခဏရန်ဖြစ်ကြတာဟေ့”
မှန်လှပေသည်။ တိုလီမဲသည် သစ်ဆွဲရာ သစ်ထုတ်လုပ်ရာ၌ အင်မတန်ခိုင်းကောင်းသော ပထမတန်း ဆင်ပေါက်တစ်ကောင်သာဖြစ်ပေ၏။ သူ့သခင် ဆင်ဦးစီးစောထူးက တိုလီမဲခေါင်းပေါ်ကနေပြီး ချွန်း တစ်ချက်မမြှောက်ရဘဲ ပါးစပ်ကခိုင်းနေရုံနှင့် အဆမတန်ကြီးမားလေးလံသော တန်ကျော်သစ်ကြီးတွေကို ဆင်ကူမပါတမ်း မိုက်မိုက်ကန်းကန်း ပုတ်ရင် မှ ထုတ်ခဲ့နိုင်၏။
တောင်ကျော်လွန်ပြီးလည်း တစ်ကောင်ချင်းလည်း ဆွဲပို့နိုင်၏။
အခြား ဆင်ပေါက်တွေလို အင်အားတောင့်တင်းလာလျှင် မိမိသခင် ဆင်ဦးစီးတို့ကို လှလှပပ တော်လှန်သတ်ဖြတ်ခဲ့ခြင်း စသည့် ရာဇဝင်အမဲကွက်လည်း မရှိခဲ့ချေ။
သို့ရာတွင် တိုလီမဲအဖို့ ပြစ်ချက်နှင့် ချွတ်ယွင်းချက် သုံးလေးချက်ကဖြင့် ရှိနေပြန်၏။
တိုလီမဲကို အလုပ်က အပြန်လွှတ်လိုက်လျှင် တော်တော်နှင့် ဆင်တဲတွေနားကမခွာဘဲ တရစ်သီသီ လုပ်တတ်၏။ ဆင်ကြံကြံသည်ဟူသော စကားကို မှန်ကန်ကြောင်း ထောက်ခံသည့်အလား တဲဝိုင်းများအနီး၌ ခိုကပ်နေသော တိုလီမဲသည် တဲရှင် ဆင်ဦးစီးကတော်များအလစ်တွင် ဆားအိုး ငါးပိအိုးတို့ကို စွေ့ခနဲနေအောင် အပိုင်နှိုက်ကာ ကျကျနနကြီး စားသောက်တတ်ပေ၏။
ထို့ကြောင့်လည်း အလစ်သမား တိုလီမဲ အလုပ်က ပြန်လာပြီကို သိရတိုင်း အိမ်ရှင်မများက စောထူးအား သူ၏ချစ်သား ငတက်ပြားလက်သစ် တိုလီမဲကို ဆင်စားကျက်ကြိုးဝိုင်းထဲသို့ မဆိုင်းမတွ နှင်ထုတ်ကြရန် သတိပေးရစမြဲဖြစ်လာ၏။
တိုလီမဲ၏ ဒုတိယပြစ်ချက်မှာ အင်မတန်ခြေရှည်သော ဆင်ဖြစ်ပေ၏။ စားကျက်ထဲသို့လွှတ်လိုက်လျှင် ညာဘက်လက်ကောက်ဝတ်တွင် ထူးကြီးကြီး တချွင်ချွင်နှင့် တိုလီမဲအဖို့ ခြေဦးတည့်ရာသို့ ရွှေစကြာဖြန့်ပြီး နောက်တစ်နေ့ အလုပ်ဆင်းရန် အတွက် ဆင်အကောက်လိုက်ရရှာသူ သူ၏သခင် စောဖိုးထူးအဖို့ ထူးကြိုးရာကို ကြည့်ကာ ဆကာဖြင့် အဖျဉ်းဆုံး လေးငါးမိုင်လိုက်ပြီး ခြေရှည်သူ တိုလီမဲကို ကောက်ယူရမြဲ ဖြစ်ပေ၏။
သူခြေဦးတည်ရာ ခရီးစဉ်တစ်လျှောက်မှ တောင်သူလယ်သမားများ၏ လုပ်ခင်းကိုင်ခင်း လယ်ယာများ ဥယျာဉ်များကို တိုလီမဲသည် သွားရင်း လာရင်း တစ်ထောက်ဝင်ရောက် အနားယူသည့်ပမာ အသီးအနှံ သစ်ပင်ပန်းမန်တို့ကို စားသောက်ဖျက်ဆီးခဲ့ခြင်းကြောင့် ဆင်အုပ်ပိုင်ရှင် သစ်ခေါင်းကြီး စောသာမွှေးအဖို့ မကြာခဏ လျော်ကြေးပေးခဲ့ရပေါင်း များခဲ့ပေ၏။
“နင် တော်တော်မိုက်ကန်း။ နင့်ကိုငါ မသနားဘူး၊ ဒီပြင်ဆင်ကိုပြောင်းစီးမယ်၊ ဒီလောက် ဒုက္ခပေးနေရင်”
စောထူးက တိုလီမဲကို အော်ငေါက်ကာ ကြိမ်းဝါးဆုံးမလိုက်သည့်အခါ၌ တိုလီမဲသည် သူ၏ရှေ့၌ မတ်မတ်ရပ်ကာ စိတ်ဆိုးမာန်ဆိုးနှင့် အပြစ်တင်နေသူ စောထူး၏ရင်ကို ဦးကင်းနှင့်အသာဝင်၍ ပွတ်သီးပွတ်သပ်လုပ်ရင်း နှာမောင်းကလည်း စောထူး၏ ခြေရင်းသို့စိုက်ကာ ကြေကွဲဖွယ်ရာ တဝူးဝူးအော်မြည် တောင်းပန်နေရှာပြန်သည်။
စောထူးသည် ဟန်လုပ်ကာ တကယ် စိတ်ဆိုးသည့် အမူအရာမျိုးဖြင့်
“ဆုံးမလို့ ပြောလို့မရတဲ့အကောင်၊ မင်းဟာ ငါ့သား မဟုတ်တော့ဘူး၊ ဒိပြင်ဆင်ရိုင်းကို ငါပြောင်းသွားမယ်၊ မင်းတစ်ယောက်တည်း နေရစ်ခဲ့တော့”
ဟု ပြောပြီး တိုလီမဲ၏ နှာမောင်းကိုဖယ်လိုက်ပြီးလျှင် သူ၏ တဲကလေးပေါ်မှ အိုးခွက်ပစ္စည်းများကို သယ်ပိုးရွှေ့ပြောင်းဟန် ပြင်ဆင်လိုက်သည့် တစ်ခဏ၌ တိုလီမဲသည် ဆောက်တည်ရာမရသော လူတစ်ယောက်ပမာ တကျစ်ကျစ်အော်မြည်ရင်း သူ၏သခင် စောထူးလက်မှ လွယ်အိတ်များ၊ ထင်းရှူးသေတ္တာများကို အတင်းနှာမောင်းဖြင့်ဆွဲလုရင်း စောထူးအား ဦးခေါင်းနှင့် ခွေ့ကာ ပွတ်ကာ တောင်းပန်နေသလို သရုပ်ဆောင်လိုက်သည်ကြောင့် ကရင်အမျိုးသမီးများအဖို့ တိုလီမဲအပေါ် သနားစိတ်တွေ ဝင်ရောက်လာကြသည်နှင့်အမျှ
“တော်လောက်ပါပြီ စောထူးရယ်၊ ရှင့်သား နောင်တရနေပါပြီ၊ တကယ့်ကလေးတစ်ယောက်အတိုင်းပဲ သိတတ်လိုက်တာကွယ်”
ဟု ဝိုင်းဝန်း တောင်းပန်ယူရရှာသည်အထိပင်။
စောထူးသည် သူ လူပျိုဘဝကပင် သူကိုယ်တိုင် မှိန်းသွင်းကာ ခိုင်းစေနိုင်သည့် ဆင်ယဉ်တစ်ကောင်အဖြစ်သို့ ရောက်ရှိလာအောင် ဆုံးမသွန်သင်ခဲ့ရသည်။ တိုလီမဲ၏ နားရွက်တစ်ဖက်ကိုဆွဲကာ ရယ်မောရင်း
“မင်း သူများလယ်တွေ စားဦးမလား၊ တွေ့ကရာလျှောက်လည်ဦးမလား၊ ပြောစမ်း လူကလေး တိုလီမဲ”
မေးလိုက်သည်တွင် အရပ်ရှစ်ပေခွဲခန့်မြင့်မား
သလောက် လေးဘက်လေးတန် တောင့်တင်းလှသော အစွယ်ကြီးဖွေးဖွေနှင့် တိုလီမဲသည် စောထူး၏မေးမြန်းချက်ကို ကောင်းစွာနားလည်သဘော ပေါက်သည့်အလား သူ၏ ခေါင်းကို တွင်တွင်ရမ်းကာ ရှေ့လက်တစ်ဖက် မြေကြီးကို ရှပ်၍ ရှပ်၍ တိုက်ပွတ်ရင်း တအား ဝူးခနဲ အော်မြည်လိုက်ပြန်တော့၏။
မနုဿလူသားနှင့် တိရစ္ဆာန်တို့၏အကြားဝယ် သန့်စင်ခိုင်မြဲသော ငါးရာနှစ်ဆယ့်ရှစ်သွယ်မေတ္တာဓာတ်ကား အပြီးသား ရစ်ပတ်ချည်နှောင်နေလေပြီတကား။
“ထမင်းစားပြီးမှသွားပါလားစောထူး ၊ နေအတော်မြင်နေပြီကွယ့်”
စောပန်းရွှေက သတိပေးလိုက်ရာတွင်
“ကိစ္စမရှိဘူး ဖထီး၊ ဒီအကောင် သိပ်ခရီးလွန်နေလိမ့်မယ်၊ ထမင်းစားနေရင်”
စောထူးက ပြောပြောဆိုဆိုနှင့်ပင် ဆင်သမားလက်နက် လှံရှည်တစ်ချောင်းနှင့် သစ်သားအိမ်နှင့်ထည့်ထားသည် ဓားမသေးသေးတစ်ချောင်းကို လွယ်ကာ ခမောက်ကို ဆောင်းလိုက်ပြီး တဲပေါ်မှဆင်းခဲ့သည်။
“တောကအားကြီးရှုပ်တယ် စောထူး ၊ မျက်စိလည်မယ်နော်၊ မင်းမှာ မီးခြစ်တွေ ရေဘူးတွေ ပါရဲ့လားကွ”
“ပါပါတယ် ဖထီး ၊ အပြန် မိုးချုပ်ချင် ချုပ်မယ်နော်၊ ဘာမှမပူနဲ့ဖထီးရေ”
ဟု နှုတ်ဆက်လိုက်ပြီး တိုလီမဲ စတင်ထွက်ခွာသွားရာ ရေဆိပ်ဘက်မှ အခြေပြုကာ ခြေရာလက်ရာကို ခံယူလိုက်ပါသည်။
မိုးမကုန်တကုန်ကာလ သီတင်းကျွတ်လအတွင်းပေမို့ တောတစ်ပြင်လည်း ထ၍ကောင်းတုန်းကာလပင်၊ သို့ရာတွင် တိုလီမဲ၏ညာလက်မှ ထူးကြိုးကြောင်းကြီးမှာ ဆွဲရာ ဖြတ်ရာတစ်လျှောက်၌ မပျောက်မပျက်နိုင်သော စွတ်ကြောင်းကြီးများအဖြစ် ထင်ရှားစွာ ကျန်ရစ်ခဲ့သည်ကြောင့် စောထူးအဖို့ တိုလီမဲ ခြေဦးတော်ရာဒေသကို ခန့်မှန်း၍ လိုက်နိုင်ခဲ့ပေ၏။
နှစ်မိုင်ခန့် ထူးကြိုးကြောင်းအတိုင်း ဆက်လိုက်ခဲ့သည့်နောက်တွင် ထူးကြိုးကြီးကို ရုတ်တရက်တွေ့လိုက်ရပေ၏ ။ စောထူးသည် ထူးကြိုးအခြေအနေကို ငုံ့ကာ အကဲခတ်ကြည့်ရှုလိုက်သည်တွင် ကြီးမားသော သံကွင်းများပင် ကွင်းဆက်ပြုလုပ်ထားစေကာမူ မြေကြီး ကျောက်ခဲ စသည့် အမာခံပစ္စည်း များနှင့် နှစ်ရှည်လများစွာ ပွတ်တိုက်ခဲ့ရခြင်းကြောင့် ပါးကာ ကွင်းဆက်နေရာတစ်ခုက ပွင့်ဟလျက် တိုလီမဲအဖို့ လွတ်လပ်ရေးပေးလိုက်သလို အနှောင်အဖွဲ့မှ လွတ်မြောက်သွားသည့် အခြေအနေမှန်ကို သိလိုက်ရပေ၏။
စောထူးအဖို့ သူ၏သားမိုက်တိုလီမဲကို တွေ့ရှိရန် ခရီးရှည် ခပ်သုတ်သုတ်လိုက်နိုင်မှသာ တွေ့ ရှိမည့်အဖြစ်ကို စဉ်းစားမိပါတော့သည်။ ထို့ကြောင့် မပျောက်မပျက်နိုင်သော တိုလီမဲ၏ ဧရာမခြေရာကွက်ကြီးများကို နင်းကာ နင်းကာဖြင့် အစဉ်တစိုက် လိုက်ခဲ့ပြန်ပါသည်။
တစ်စ တစ်စနှင့် စောထူးအဖို့ သူယခင်က ရောက်ဖူးခဲ့သည့် တောတွင်းဒေသနယ်ပယ်များကို ကျော်လွန်ကာ နယ်စိမ်း နယ်သစ်ထဲသို့ တိုလီမဲ၏ ခြေရာအတိုင်း လိုက်လံခဲ့ရာမှ နယ်ကျွံခဲ့ပါသည်။
နေကလည်း အနောက်ရိုးမတောင်စွယ်ဆီသို့ စိုက်ကာ ဆင်းနေလေပြီတကား။ ထို့ကြောင့် တောတောင်ဒေသ၏ အခြေအနေကိုကြည့်ကာ အကဲခတ် ဝေဖန်လိုက်ပြန်သည်တွင် သစ်ခုတ်ရာ ဝါးခုတ်ရာ အစအနမျှပင် တစ်ချက်တလေ မတွေ့ ရသည်ကြောင့် တောတောင်၏နက်ရှိုင်းမှု လူသူနှင့်ကင်းဝေးပုံတို့ကို သဘောပေါက်ခဲ့တော့၏။
ပတ်ဝန်းကျင်တစ်ဝိုက်၌ အပုံလိုက် လတ်လတ်ဆတ်ဆတ် တွေ့လိုက်ရသည့် ပြောင်ချေးပုံများနှင့် မလှမ်းမကမ်းရေစပ်တစ်လျှောက်၌ အိုးဘောင်ခတ်ထားသကဲ့သို့ ရှုပ်ပွေနေသော ကျားခြေရာကြီးတွေကို ထင်းခနဲ တွေ့လိုက်ရပြန်၏။ ဆင်သမားများအဖို့ တောဆင်ကော ကျားကော အရေးမလုပ် မရွံ့တမ်း တောတကာ တောင်တကာတို့၌ တွေ့ ကြုံရမြဲ ကိစ္စတစ်ရပ်ဖြစ်သည်ကြောင့် စောထူးအဖို့ သိပ်မဆန်းတော့ချေ။
သို့ရာတွင် မိမိ၏ဆင်နှင့်မနီး ဆင်တဲနှင့်ကွာဝေးပြီး တောနက်ကြီးအတွင်း၌ တစ်ကိုယ်တည်း အဖော်မပါသည့်ဘဝကို စဉ်းစားမိပြန်သည်တွင် အားငယ်သလိုလိုဖြစ်လာပြန်သည်။
ထိုကြောင် လှံကြီးကို ညာဘက်မှအသင့်ကိုင်ရင်း တိုလီမဲ၏ ခြေရာကို ဆက်ကာခံ၍ လိုက်ခဲ့ပြန်သည်။
သွားရင်းလာရင်း ကညင်ပင်ကြီး၏ ခြေရင်းအခွက်ထဲမှ ကညင်ဆီများခဲနေသော အတုံးကြီးတစ်တုံးကို တွေ့ ရသည်ကြောင့် ဝါးလုံးတစ်လုံးကို ခုတ်ယူကာ နှစ်တောင်ခန့်အရှည် ဝါးဆစ်သုံးချောင်းကို ခုတ်ဖြတ်လိုက်ပြီး ကညင်ဆီခဲကြီးကို သုံးပိုင်းပိုင်းကာ ဝါးဆစ်သုံးချောင်းအဖျား၌ ဖိ၍စွပ်လိုက်ပြီး ညဉ့်ရေး ညဉ့်တာအတွက် တောတွင်းလက်နှိပ်ဓာတ်မီး သုံးစင်းအဖြစ် စီမံဖန်တီးလိုက်ပြန်ပါသည်။
တိုလီမဲ၏ ခြေရာများကား သွားခြေရာသာမက တစ်ပတ်ကျော့ကာ ပြန်ကွေ့လာသည့် ခြေရာများနှင့် ခြေလှမ်းကျဲကျဲကြီးများပါ လှမ်းထားသည့် ခြေရာများကို စောထူးသည် ကြည့်ကာ စဉ်းစားခန်းထုတ်လိုက်ပြန်၏။
ထိုစဉ်တွင် နေမင်းက ရိုးမတောင်ကြောတစ်ဖက်အတွင်းသို ထိုးဆင်းသွားသည်ကြောင့် တောတွင်း၌ မှောင်စပျိုးလာချေ၏။ တစ်နေကုန် တစ်နေခန်း အိပ်ခဲ့ကြသည့် သားကောင်များ၏ အိပ်ရာထ စခန်းထချိန်လည်းဖြစ်နေသည်ကြောင့် မကြာခဏ ဂျီများ ဆတ်များကို တွေ့မြင်စပြုလာပါပြီ။
အမှောင်ချဉ်းလာသည်နှင့်အမျှ တောအကြောင်း တောသဘာဝကို ကျွမ်းကျင်ခဲ့သူ စောထူးသည် လောင်းရိပ်ကျသော မြိုင်ရိပ်မှခွာ၍ လွင်ကျကျ ဘက်သို့ကူးကာ စောထူးက သူ၏သားမိုက် တိုလီမဲကို တစ်နေရာရာတွင် တွေ့နိုးနိုး မျှော်လင့်ချက်ဖြင့် ဆက်လက်ရှာဖွေခဲ့ပြန်သည်။ စောထူး၏ ပါးစပ်ကလည်း သူ့အသံကို တိုလီမဲ ကြားလိုကြားငြား အနေဖြင့်
“တိုလီမဲ တိုလီမဲ၊ ကဆော် ကဆော်”
ဟု အသံပြုလိုက်သည်။
ပဲ့တင်သံမှအပ အခြားလူသံနှင့် ဆင်သံ တစ်စုံတစ်ရာ မကြားရသည်ကြောင့် စောထူးသည် ရပ်နေရာမှ ညာဘက်သို့လှည့်ကာ လျှောက်ရန် ခြေလှမ်းပြင်လိုက်သည့် တစ်ခဏ၌ သူ၏ညာဘက် ကြိမ်နွယ်တောထဲမှ ချွတ်ခနဲ ဝါးတိုးသံတစ်သံ ထွက်လာသည်ကြောင့် လှမ်း၍ကြည့်လိုက်သည်တွင် မြေကြီးနှင့်ကပ်လျက် သူနှင့် နီးစပ်သည်ထက် နီးစေရန် တရွရွတက်လာသည့် ရှည်မျောမျော သတ္တဝါကြီးတစ်ကောင်ကို ရုတ်တရက် ရိပ်ခနဲ တွေ့လိုက်ရသည်တွင် သတိရှိသူပီပီ သူ့လက်တွင်းမှ လှံရှည်ကိုမြောက်ကာ ထိုးရန်ပြင်ဆင်လိုက်ရပေ၏။
ဤတွင် ဝါကျားကျားသတ္တဝါကြီးသည် ကြီးမားသော ခေါင်းကြီးကိုမော့ကာ ဟင်းခနဲမာန်သွင်းကာ တစ်ချက်ဟိန်းလိုက်ပြီး ကြိမ်တောထဲ၌ပင် ချက်ချင်း ပျောက်ကွယ်သွားပါတော့သည်။
သူ့အား ကျားကြီးတစ်ကောင်က အစာ သို့မဟုတ် သားကောင်တစ်ကောင်အဖြစ် လိုက်လံချောင်းမြောင်းနေခြင်းသာဖြစ်ကြောင်းကို သိလိုက်ရပေပြီ တကား။
ထို့ကြောင့် အကင်းပါးသော ဆင်သမားပီပီ သူ၏ ဘယ်လက်ထဲမှ ဓားမနှင့် ဝါးဆစ်တစ်ခုကို တဒုန်ဒုန်ခေါက်ကာ ညာသံပေးလျက် ချောက်လှန့်လိုက်ပြီး လွင်ကျရာဘက်သို့ အရဆုတ်ခွာခဲ့၏။
သို့ရာတွင် လွင်ကျသည်အထင်ရှိ၍ ဆုတ်ခွာခဲ့သည့်နေရာမှာ သက်ကယ်နှင့် ကိုင်းတောရှည်ကြီးများ ဖြစ်နေသည်ကြောင့် သူ့အား အမဲကောင်အဖြစ်နှင့် လိုက်လံချောင်းမြောင်းနေသည့် ကျားကြီးအတွက် ပထမတန်း နေရာကောင်း ဖြစ်နေကြောင်းကို စောထူးက စဉ်းစားမိသည့် တစ်ခဏအတွင်း၌ ဘယ်ဘက်တောစပ် လွင်သာယာဆီသို့ စွပ်၍တက်ခဲ့ရပြန်၏။
မှောင်နေသည့်အရေးကြောင့် သူသည် မီးခြစ်တစ်လုံးကိုဖွင့်ကာ ချက်ချင်းပင် ကညင်ဆီတုံးကို မီးနှင့်ညှိကာ အလင်းရောင်ပေးလိုက်ပြန်သည်။
လင်းထွက်လာသော မီးရောင်အောက်ဝယ် စောထူးသည် ပတ်ဝန်းကျင်အခြေအနေကို ကွဲပြားထင်ရှားစွာ တွေ့မြင်အကဲခတ်နိုင်ပေတော့သည်။
စက္ကန့်ပိုင်းအတွင်းမှ သူဆုတ်ခွာခဲ့သော ကိုင်းတောနေရာ၌ သူ့အား လိုက်လံနေသော ကျားကြီး၏ရှေ့ပိုင်းကို တွေ့လိုက်ရပြီး ကျားကြီးသည် စောထူးကို မခန်လေးစားကြည့်ကာ ရှေ့လက်နှစ်ချောင်းကို ညွှတ်ချလိုက်ပြီး အသာဝပ်လျက် စောထူး၏ ပြေးပေါက်ပြေးလမ်းကို စောင့်ကြည့်နေခြင်းသာ ဖြစ်ပေ၏။
ကျားကြီးသည် စောထူး၏ အကြံမရပုံနှင့် မပြေးသာသည့်အရေးကို သိရှိသည့်အလား စွေ့ခနဲ ရှေ့သို အသာခုန်၍ မြေပေါ်၌ဝပ်ကာ ခေါင်းတရမ်းရမ်း လည်တရမ်းရမ်း လုပ်ရင်း စောထူးအား ကစားစရာအရုပ်ကလေးသဖွယ် သဘောထားပုံဖြင့် ရှေ့လက်နှစ်ဖက်ပေါ် မေးတင်လျက် အမြီးက မြေကြီး၌ ဘုတ်ခနဲ ဘုတ်ခနဲ ရိုက်ခတ်ရင်း တစ်ဆင့်တက်ပြန် ပါသည်။
စောထူးသည် ဘယ်လက်တွင်းမှ မီးတိုင်ကို မြေပျော့ပျော့တွင် ဖျတ်ခနဲစိုက်ချလိုက်ပြီး အရောင်ဖွေးဖွေးထွက်နေသည့် လုံရှည်ကြီးကို အသင့်ရွယ်ကာ
“လာခဲ့ သတ္တိရှိရင်၊ နင့်ထက်မိုက်လို့ ဆင်ဦးစီးလုပ်နေတာကွ၊ တက်ခဲ့စမ်း”
အော်ဟစ်ကာ မြေကြီးကို ဖနောင့်နှင့်ဆောင့်ကာ ဟန်ရေးပြ လိုက်ပြီး
“ဟေ့ တိုလီမဲ အမိုက်ကောင်၊ နင့်ကြောင် ငါ ဒုက္ခရောက်နေပြီ။ တိုလီမဲ … တိုလီမဲ”
ဟူ၍ အသံကုန်ဟစ်အော်ကာ ကျားကြီး ရှိရာသို့ အပြေးတက်လိုက်ရာ ကျားကြီးသည် နောက်ကျွမ်းတစ်ပတ်ပစ်၍ လူတစ်ရပ်ကျော်မြင့်သော ကိုင်းတောထဲသို့ ကျရောက်သွားပြီး အစပျောက်သွားပြန်တော့၏။
သိုရာတွင် စောထူးသည် သူ့အား ကျားကြီးက အလစ်မပေးတမ်း တစ်နေရာရာမှ လှည့်ပတ်ကာ ချောင်းမြောင်းမည်ဟု သိရှိထားလိုက်ပါသည်။
ကျားတို့၏ အလေ့အကျင့်က မျက်နှာချင်းဆိုင်
ပါးတေ့ နားတေ့ ဆိုလျှင် ရှောင်ဖယ်သွားလေ့ရှိပြီး နောက်ကွယ်နှင့် အလစ်တွင် ဝင်ရောက်ကိုက်ချီ တတ်သည့် အလေ့မျိုးရှိသောကြောင့်တည်း။
စောထူး၏ နဖူး၌ ဇောချွေးတို့ကို သီလျက်တွေ့ နိုင်ပေ၏။ သူသည် လှံရှည်ကြီးကို အသင့်ကိုင်ကာ ရုတ်တရက် ခုန်အုပ်တော့မည် ကျားကြီး၏ နောက်ဆုံးပိတ်တိုက်ပွဲကို အသင့်ရင်ဆိုင်ရန် ပြင်ဆင်လိုက်ပါသည်။
ရှောင်တခင်အတွင်း၌ ဝေါခနဲ မြည်ဟည်းကာ ရုတ်တရက် သူ၏ခေါင်းပေါ်တစ်ဝိုက်သို့ ပေါ်ထွက်လာသောအသံနှင့် အရာဝတ္ထုကြောင့် စောထူးသည် လျင်မြန်သူပီပီ လှံရှည်ကြီး၏အသွားကို ဖျတ်ခနဲ လှမ်း၍ ချိန်ရွယ်လိုက်ပါသည်။
သို့ရာတွင် သူထင်ခဲ့သလို ရုတ်တရက် ပေါ်ထွက်လာ သော လျင်မြန်လှသည့် အရာဝတ္ထုနှင့် သဏ္ဌာန်ကား ကျားကြီး၏ ကိုယ်လုံးကြီးမဟုတ်ဘဲ ခြေသလုံးခန့် တုတ်ခိုင်သော သစ်ခြောက်တုံးတစ်တုံး၏ အဖြစ်ကို လည်ပတ်ကာ သူ့ခေါင်းပေါ်မှ ကျော်တက်သွားပြီး တစ်ခဏအတွင်း၌ပင် သူ၏ ညာဘက်ဘေး ခြေလှမ်းအစိတ်ခန့်ရှိ ကိုင်းတောထဲသို့ အရှိန်ပြင်းပြင်းနှင့် ပစ်ကျသွားပါသည်။
တုံးတိုကျသံနှင့် တစ်ပြိုင်နက်တည်း ကျားကြီး၏ စိတ်ဆိုးမာန်ဆိုးနှင့် ဟိန်းလိုက်သောအသံကြီးကပါ ဝေါခနဲ ထွက်လာချေ၏။
ထို့နောက် စောထူးအဖို့ အံ့အားသင့်နေခိုက်မှာပင် သူ၏ ဘယ်ဘက်ဝါးရုံအောက်မှ ရှောကနဲသတ္တဝါကြီးတစ်ကောင် ရုတ်တရက်ပေါ်ထွက်လာ သည်ကြောင့် အရေးတကြီးရင်ဆိုင်ရန်အတွက် လှည့်၍အကြည့်လိုက်တွင် ကြီးမားလှသော အစွယ်ကြီးဖွေးဖွေးနှစ်ချောင်းနှင့် ဆင်ပေါက်ကြီးတစ်ကောင်၏ နားရွက်ကားကားဖြင့် ခေါင်းပိုင်းကြီးကို တွေ့လိုက်ရပေ၏။
ဆင်ကြီးသည် ပါးစပ်က “ကျစ် ကျစ် ကျစ်” ဟူသော အံကြိတ်ကာဒေါသထွက်နေသည့် အသံနှင့်အတူ သူ၏ နှာမောင်းအတွင်းမှ တုံးတိုတစ်ချောင်းကို ဝှီးခနဲအသံနှင့်အတူ ကိုင်းတောတစ်နေရာသို့ တည့်တည့်မတ်မတ်ကြီး ပစ်ထည့်လိုက်ပြန်တော့၏။ ပြီးလျှင် စောထူးခြေစုံရပ်နေရာဆီ တစ်ဟုန်တည်းထွက်၍ လာပါတော့သည်။
“ဟဲ့ တိုလီမဲ၊ အမိုက်ကောင် လာခဲ့”
စောထူးသည် ဒေါသထွက်နေသော အသံအက်ကြီးဖြင့် ကြိမ်းဝါးလိုက်သည့်နောက်၌ ဆင်ကြီးက “အု အု အု အု” ဟု အော်မြည်ရင်း သူ့သခင်စောထူးဘေးသို့ ချဉ်းကပ်ရောက်ရှိလာပြီး သူ၏ နှာမောင်းအတွင်းမှသစ်ခြောက်တိုများကို မြေပေါ်သိုချကာ တစ်တုံးပြီး တစ်တုံး ကျားကြီးချောင်းမြောင်းရောက်ရှိနေရာများသို့ ပေါက်ကာ ပစ်ကာ ထည့်လိုက်တော့၏။
ကျားနှင့်ဆင်သည် ရန်သူပင်ဖြစ်ကြသည်ကြောင့် တစ်ကောင်၏ အနံ့ကို တစ်ကောင်က ကောင်းစွာ ရှာဖွေနိုင်စွမ်းရှိပေ၏။
ကိုင်းတောတစ်ဖက်သို့ ရှောင်တိမ်းပြေးနေသော ကျားကြီး၏ ခြေသံသဲ့သဲ့များကို စောထူးက ကြား လိုက်ရပြီးနောက် တိုလီမဲသည် စောထူးအား နှာမောင်းနှင့် တို့ကာ တို့ကာ တစ်နေရာသို့ အတင်းအထွက်ခိုင်းပြန်ပါသည်။
“မက် မက်”ဟူသော ဝပ်ရန်အမိန့်ကို စောထူးက တိုလီမဲသို့ ပေးလိုက်ရာ တိုလီမဲသည် ခေါင်းကိုရမ်းရင်း စောထူးအား ရှေ့မှတက်ရန်သာ တိုက်တွန်းနေသည်။
စောထူးသည် သူ၏ဆင် သူ၏အမိန့်ကို နားမထောင် သည် အကြောင်းရင်းကို ရှာဖွေရင်း ရှေ့မှ မီးတိုင်ကြီးကို ဘယ်လက်၊ လှံရှည်ကို ညာလက်နှင့်ကိုင်ရင်း တက်ခဲ့တော့၏။
သုံးလေးနေရာ၌ တိုလီမဲက နောက်ပိုင်းနှင့် ညာဘက်သို့ လှည့်ကာ ရပ်ကာ ချောင်းမြောင်းလုပ်ကြံရန် လိုက်ပါလာသော ကျားကြီးကို တုံးတို့နှင့် ဖိ၍ ဖိ၍ ပစ်လွှတ်ခဲ့ပါတော့သည်။
တစ်ဖာလုံခန့် သွားမိသည့်နောက် အေးမြသောလေပြည်က ရုတ်တရက် စောထူး၏ မျက်နှာကိုလာ၍ ဟပ်လိုက်တော့၏။ မကြာမီ ရှင်လင်းနေသော ချောင်းကမ်းထိပ်တစ်ခုသို့ စောထူးက ရှေ့မှ တိုလီမဲက နောက်မှကပ်၍ ဆိုက်ရောက်ခဲ့ကြပါတော့သည်။
တိုလီမဲလာခဲ့သော ခြေရာအတိုင်း စောထူးက ဆက်လိုက်ခဲ့ရပေ၏။ ချောင်း၏ အကျယ်အဝန်းမှာ ပေတစ်ရာခန့်ရှိနေပြီး ရေစပ်စပ်ကလေးသာ ရှိခဲ့သည်ကြောင့် မီးတိုင်၏ အလင်းရောင်အောက်၌ စောထူးနှင့် သူ၏သားမိုက် တိုလီမဲတို့အဖို အခက်အခဲမရှိရဘဲ ချောင်းအထက်ပိုင်းဆီသို့ ဆန်တက်ခဲ့ကြပေသည်။
ချောင်းကွေ့ တစ်ကွေ့ ရောက်ခါနီး၌ တိုလီမဲသည် စောထူးရှေ့မှ ကျော်တက်ခဲ့ပြီး သူ၏ နှာမောင်းအတွင်းမှ သစ်ကိုင်းခြောက်ကြီးကြီးနှင့် ချောင်းထိပ်နထူးချုံထဲသို့ ဝှီးခနဲမြည်သွားအောင် ပစ်ထည့်လိုက်၏။
ဟင်းခနဲကျားကြီး၏ မာန်သွင်းသံသည်ပေါ်ထွက်လာပြီး နောက်ပိုင်းသို့ဆုတ်ခွာသွားသည့် ကျားကြီး၏ သဏ္ဌာန်ကို မီးရောင်တွင် ရိပ်ခနဲ စောထူးက မြင်လိုက်ရပြန်၏။
သူတို့နှစ်ဦးသား တစ်မိုင်ခန့် ချောင်းအတိုင်း တက်ခဲ့သည့်နောက် ချောင်းနှစ်ခွဆုံရာအရောက်တွင် တိုလီမဲက တအုအုနှင့် အသံပြုလိုက်ရာ ရေအိုင်အတွင်းမှ အခြားဆင်တစ်ကောင်၏ အုအုဟူသော အသံနှင့်အတူ ချလွင်ဟူသော သံကြိုးချင်းရိုက်ခတ်သံပါ ရေသံများနှင့်ရောနှော၍ ပေါ်ထွက်လာချေ၏။
စောထူးသည် လက်မှ ကညင်ဆီမီးတိုင်တစ်တိုင်ကို အသစ်ညှိထွန်းလိုက်ပြီးနောက် ရေအိုင်စပ်၌ ရပ်နေသောဆင်ကို အသေအချာ ကြည့်လိုက်မိ၏။
လက်နှစ်ဖက်စလုံး၌ ထူးခတ်ထားခြင်းခံရသော ဆင်မှာ ဆင်မတစ်ကောင်ဖြစ်ပြီး ရေအိုင်ကြီးအတွင်း၌ ကျရောက်နေသော သစ်ပင်ကြီး၏ အမြစ်နှင့် သံကြိုးကွင်းများ ငြိတွယ်မိနေပုံကိုပါ စောထူးက မြင်တွေ့ လိုက်ရပေ၏။ ထို့ကြောင့် စောထူးသည် ဆင်မအနီးသို့ ရဲတင်းစွာကပ်သွားပြီး
“လွှတ်ဟဲ့ လွှတ်ဟဲ့၊ ကဆော်” ဟူသော ကရင်ဘာသာဖြင့် “
“ထစမ်း ရပ်စမ်း” ဟူသော အမိန့်ကိုပေးလိုက်ပြီး ကျင်လည်စွာဖြင့် ဆင်မ၏ လက်နှစ်ဖက်၌ စုံခတ်ထားသည့် သံကွင်းကြိုးကို ဖြုတ်ပေးလိုက်ပါသည်။
အနှောင်အဖွဲ့မှ လွတ်မြောက်သွားသော ဆင်မသည် နှာမောင်းကို ခေါင်းပေါ်သို့မြှောက်ကာ တအွတ်အွတ်မြည်ရင်း တိုလီမဲရှိရာသို့ ချဉ်းကပ်သွားသည်တွင် တိုလီမဲက ချောင်းခုံတစ်ဖက်သို့ ခိုင်ခိုင်ကြီးရပ်နေရာမှ လှည့်၍ ဆင်မကို ခေါင်းနှင့်တိုက်၍ လွှတ်လိုက်ပြီး သူ၏ နှာမောင်းကို အနံ့ခံယူပုံဖြင့် ရှေ့သို့ဆန့်တန်းကာ ပွစိ ပွစိလုပ်နေတော့၏။
မကြာမီ ကညင်ဆီ မီးရောင်အောက်၌ အဖွေးသားမြင်နေရသော ချောင်းခုံပေါ်သို့ ကျားကြီးသည် ငုံ့ကာကပ်ကာ တစ်လှမ်းချင်းပေါ်လာတော့၏။
ဆင်နှစ်ကောင်သည် ဖြုန်းခနဲ သဲခုံကို နှာမောင်းများဖြင့် ရိုက်ခတ်ပစ်လိုက်ပြီး တစ်ဟုန်တည်း ကျားကြီးရှိရာသို့ ဖိ၍ လိုက်တိုက်ကြပါသည်။
ကျားကြီးကား ပါးစပ်ကြီးဖြဲကာ ပြောင်တလင်း၌ ရင်မဆိုင်ဝံ့တော့ဘဲ လာရင်း ချောင်းကမ်းပါးတောစပ်ဆီသို့ တစ်ချိုးတည်း သုတ်ခြေတင်ပြေးတော့၏။
စောထူးသည် ထင်းခြောက်များကိုစုကာ မီးဖိုကြီး ဖိုလျက် မြက်ခြောက်များကို သောင်ခုံပေါ်၌ ဖြန့်၍ခင်းလိုက်ပြီး ခပ်မောမောရှိခဲ့သည်ကြောင့် ပက်လက်လှန်ကာ တုံးခြောက်ကို ခေါင်းအုံးရင်း အမောဖြေလိုက်ရပေ၏။
လေပြည်ကလေးကလည်း တဟူးဟူးတိုက်ခတ်နေတော့၏။ သူ၏ ခြေရင်းဘက်၌ကား ချောင်းခုံထဲမှ ပေါက်ရောက်နေသော ဖောင်းတောကို စားရင်း သူ၏သားမိုက် တိုလီမဲနှင့် စောထူး၏ ချွေးမအသစ်ကလေး သို့မဟုတ် အမည်မသိရသေးသော ဆင်မသည် တစ်ကောင်နှင့်တစ်ကောင် နှာမောင်းဖြင့်ပုတ်ခတ်ရင်း တအီအီနှင့်စကားပြောရင်း သူတို့ဖခင် စောထူး တရေးတမော စိတ်ချလက်ချ အနားယူအိပ်စက်နိုင်စေရန် ကင်းတာဝန် ထမ်းဆောင်ရင်း ချစ်ရေးဆိုလျက် ရှိနေပေတော့သည်။
[မြဝတီ ။ ဒီဇင်ဘာ ၁၉၆၃ ]
– ပြီး –
စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ