ကိုပိုက်
တောဘုရင်ကို ပြောချင်ပါသည်
တောင်လိပ်တစ်ကောင်သည် ရွက်ခြောက်များကို ဖြတ်၍ လျှောက်လှမ်းလာသည် ဖြစ်သောကြောင့် တိတ်ဆိတ်ငြိမ်သက်နေသော တောအတွင်း တချွတ်ချွတ် ဂျလွပ် ဂျလွပ်အသံကြောင့် ငိုက်မြည်းနေ သော ကျားကောင်သည် မျက်ဝန်းအစုံပြူးကျယ်လာတော့၏။
သူ့ရှေ့မှ ရွက်ခြောက်များအပေါ် ဖြတ်လျှောက်သွားသည့် တောင်လိပ်ကောင်ကို စူးစူးစိုက်စိုက် ကြည့်နေရင်းမှ “ဂရား” ရယ်လို့ ရင်ခေါင်းသံကို ပြုလိုက်သည်နှင့် တောင်လိပ်သည် ကိုယ်တစ်ချက်တွန့်သွား ကာ ခြေလက်အစုံနှင့် ခေါင်းကို ခန္ဓာကိုယ်အတွင်း ကျုံ့သွင်းလိုက်တော့၏။ သူစွမ်းဆောင်နိုင်သည့် သူ့အသက်အန္တရာယ်လုံခြုံရေးအတွက် ဉာဏ်စွမ်းရှိသမျှ ကာကွယ်သမှု ပြုလိုက်ခြင်းပင် ဖြစ်၏။
ကျားကောင်သည် တောင်လိပ်လေးအပေါ် နိုင်ထက်စီးနင်း လုပ်လိုက်ခြင်းပင် ဖြစ်၏။ သူ့အတွက် စားလောက်သည့်အစာလည်း မဟုတ်၊ သူ့အား အံတု ဖက်ပြိုင်လာမည့် သတ္တဝါကောင်လည်း မဟုတ်။ မလိုအပ်ပဲ ဟိန်းဟောက်လိုက်ခြင်း ဖြစ်တော့သည်။
နို့ မဟုတ်ပါဘူး။ သူ့တွက် အာဟာရအလို့ငှာ အရံသင့်ရှေ့မှာ ရောက်လာတော့မည်ဖြစ်၏။
သူ့ရှေ့မှ မည်သည့်သားကောင်မျှ ဖြတ်သန်းသွားလာသည်ကို မကြိုက်။ အစားဝ၍ သတ်ဖြတ်မှု မလုပ်သော်ငြား ဟိန်းဟောက်မာန်ဖီ၍တော့ ခြောက်ထုတ် မောင်းထုတ်တတ်၏။ သို့ကြောင့်လည်း သူ ဆာလောင်၍ အစာရှာမည်ဆိုပါက အတော်ကြာကြာ တောနင်းရှာဖွေရ၏။
တကယ်တော့ အချိန်တိုင်း အရာရာတိုင်း သူဒေါသထွက်နေခြင်း မာန်တက်နေခြင်း မရှိပါက လွယ်လင့်တကူ အစာရှာလွယ်လောက်ပေသည်။
ဒါတွေကို သူမသိ။ သူ မစဉ်းစားမိ။ သူ ရင်ခေါင်းသံ ပြုလိုက်ခြင်းနှင့်ပင် တောင်လိပ်လေး ခေါင်းဝပ်ဆင်းသွားသည်ကို သဘောကျသွားဟန်တူ၏။
သူ၏ဦးခေါင်းကို လဲလျောင်းနေလျက်မှ ခေါင်းထောင်လိုက်ကာ “ဂရူး” ရယ်လို့ မြည်အောင် သန်းဝေလိုက်ပြီး မြေပေါ်ခေါင်းချ၍ အိပ်လိုက်ပြန်၏။
တစ်ရေးနိုးလေမှ အစာရရန်အလို့ငှာ တောနင်းပေလိမ့်မည် ထင်၏။
မကြာမီအချိန်တွင် ကျားကောင် အိပ်ပျော်သွားတော့၏။ သည်တော့မှ တောင်လိပ်သည်လည်း တရွှေ့ရွှေ့။ ဘယ်သို့တိုင် သွားရပေဦးမည်မသိ။ သူ့ အတွက် အချိန် အတော်ကလေး လင့်သွားချေပြီဖြစ်
သည်။
သည်သို့ဖြင့် ကျားကောင်သည် နေဝင်ရီတရောတွင် နိုးထလာ၏။ ဆာလောင်နေပြီလည်း ဖြစ်သည်ကြောင့် ပတ်ဝန်းကျင်တစ်ဝိုက် လေ့လာအကဲခတ် ကြည့်လိုက်ပြီး “ဂရူး” ရယ်လို့ ဝမ်းခေါင်းသံတစ်ချက် ညှစ်ထုတ်လိုက်ပြီး တောင်ကြောစွယ်အတိုင်း ခါးကိုနွဲ့ကာ တစ်လှမ်းချင်း လျှောက်လှမ်းသွားလေတော့၏။
ကျားကောင် ဘုန်းတန်ခိုးကြီးသည်ဟု ပြောရလေမလားမသိ။ တောင်ကြောစွယ်အဆုံး မြောင်လေးအတိုင်း စုန်ဆင်းလိုက်သည်နှင့် ရေခန်းနေသော ချောင်းသို့ အရောက်တွင် အတော်ခပ်လှမ်းလှမ်းရှိ ရေအိုင်လေးတစ်ခုတွင် ရေသောက်နေသည့် တောဝက်ပျိုတစ်ကောင်ကို တွေ့လိုက်သည်။
တောဝက်ပျိုသည်လည်း ရေငုံ့သောက်နေရာမှ အန္တရာယ်အငွေ့ အသက်ကို ရလိုက်သည်ဖြစ်၍ ဖျတ်ခနဲ ခေါင်းကိုမော့ကာ လှည့်ကာ ကဲကြည့်လိုက်၏။
သူ့ကို အန္တရာယ်ပြုရန် ကစုန်ဆိုင်း ပြေးလွှားလာ သည့် တောဘုရင် ကျားကောင်ကို တွေ့လိုက်သည်နှင့် တချိုးထဲ လှည့်ပြေးလေတော့၏။ ပြေးလွှားရင်း ကယ်ပါ … ကယ်ပါ သို့နှယ် အဓိပ္ပာယ်မှတ်ယူရနိုင်သည့် “ကွီ. . . ကွီ. . . ကွီ. . . ကွီ” ရယ်လို့ မနားတမ်းအော်ဟစ်နေတော့၏။
တောဝက်ပျိုတွက် ကံဆိုးသည်မှာ သူပြေးလွှားသောချောင်းရိုးတစ်လျှောက် ကမ်းပါးယံသည် မြင့်မားနေခြင်းပင် ဖြစ်၏။ သို့ကြောင့် ချောင်းရိုးရှည်အတိုင်းသာ အားသွန်ခွန်စိုက် အသက်လုပြေးနေရပေ၏။
မကြာမီအချိန်ကလေးတွင် ကျားကောင်သည် တွက်သားကိုက် နေရာအရောက်တွင် ရှေ့မှ ပြေးနေသော တောဝက်ပျိုကို လွှားခနဲ ခုန်အုပ်လိုက်တော့၏။
နှစ်ကောင်သား လဲပြိုအကျတွင်မတော့ ကျားကောင်၏ သွားစွယ်ချွန်မြမြသည် တောဝက်ပျို၏ လည်ကုပ်တွင်း စူးနစ်ဝင်ပြီး ဖြစ်နေတော့၏။
“ကွီ”
“ကွီ”
တစောင်းလဲကျနေရာမှ ဝက်ပျိုကောင်သည် နာကျင်လွန်းသည်ဖြစ်၍ ရုန်းကန်ကြည့်သေး၏။ ရုန်းကန်လေ ကျားကောင်၏ သွားစွယ်တို့သည် သူ့လည်ကုပ်တွင် စူးဝင်လေဖြစ်သည်ကြောင့် ငြိမ်နေလိုက်သည် ဆိုပြန်သော်လည်း ကျားကောင်က ဆွဲရမ်းခါနေလေပြန်သဖြင့် “တကွီကွီ” အော်မြည်ကာ လူးလိမ့်နေ တော့၏။
သိပ်ကြာကြာတော့ မခံစားလိုက်ရ။ ဝက်ပျိုကောင်သည် လုံးဝ ငြိမ်သက်သွားတော့၏။ အသက်ရှူတော့ မရပ်သေး။ ဝမ်းဗိုက်သည် ဖောင်းလိုက်ပိန်လိုက်။
သည်တော့ ကျားသည် ငုံခဲထားသော လည်ဂုတ်ကို လွှတ်လိုက်ကာ ဖောင်းလိုက်ပိန်လိုက် ဖြစ်နေသော ဝက်ပျိုကောင်၏ ဝမ်းဗိုက်ကို ငုံခဲဆွဲဖဲ့လေတော့၏။ ငြိမ်သက်နေသော ဝက်ပျိုကောင်သည် တစ်ချက် တွန့်ခနဲ ဖြစ်သွားကာ အသက်ရှူရပ်သွားတော့၏။
ကျားကောင်သည် သူဖမ်းယူရရှိသောသားကောင်၏ ဝမ်းဗိုက်ကိုဖောက်၍ အူအသည်းကလီစာတို့ကို နှိုက်ယူဆွဲထုတ် မြိန်ယှက်စွာ အငမ်းမရ စားနေလေတော့၏။
ထိုမြင်ကွင်းကို မနီးမဝေးတွင်ရှိ လျှိုအစပ်မှ ဂျီငယ်တစ်ကောင် မြင်တွေ့သွားသည်ကြောင့် မျက်လုံးအပြူးသားဖြင့် အသားများ တဆတ်ဆတ်တုန်ယင်သည့်တိုင် ထိတ်လန့်နေတော့၏။
သူ့အား ကျားကောင် မမြင်အောင် မြောင်နံရံတွင် ကပ်နေလိုက်၏။ သူ့ထံရောက်လာမည်ကို တွေးကာ စိုးရိမ်ပူပန်နေမိ၏။ သူစိုးရိမ်ပူပန်မိသလို ကျားကောင်သည် ဝက်ပျိုကောင်၏ အူ အသည်းများကို ထုတ်နှုတ်စားသောက်ပြီးနောက် ဆာလောင်နေသော ဝမ်းလည်း ပြည့်ဖောင်းသွားပြီဖြစ်၍ သူ၏ နှုတ်ခမ်းများကို လျှာဖြင့် သပ်သိမ်းပြီး ရေသောက်လိုသည်ဖြစ်၍ မြောင်လေးရှိရာသို့ လျှောက်လှမ်းသွားလေ၏။
အနီးဆုံးမြောင်အရင်းတွင် ရေရှိနိုင်ကြောင်း သူသိ၏။
ဂျီကောင်သည် သူရှိရာသို့ ကျားကောင် လျှောက်လှမ်းလာနေခြင်းကြောင့် တုန်လှုပ်ချောက်ချားနေတော့၏။ မြောင်ထဲဝင်ပြေးလို့လည်း ရလိမ့်မည်မဟုတ်။ မြောင်သည် မြောင်ပြတ်လေးဖြစ်၍ ရေဆာလွန်းလို့သာ ထိုမြောင်လေးအတွင်း ဝင်၍ ရေသောက်မိခြင်းဖြစ်၏။
အချိန်မရွေး အန္တရာယ်ကျရောက်နိုင်မှန်း သူသိထားသလို ယခု ဖြစ်လာချေပြီ။ ဒီတော့ သူ ဘာလုပ်ရမလဲ၊ ဒါပဲ စဉ်းစားလိုက်၏။
ကျားကောင်သည် သူ့ကိုတွေ့သည်နှင့် အလွတ်ပေးလိမ့်မည်မဟုတ်မှန်း သိ၏။ သို့ကြောင့် သူသည် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်၏။
ကျားရှေ့တွင် လည်စင်း၍တော့ သာသာကြည်ကြည် အသေမခံလို။ ယှဉ်ပြိုင်တိုက်ခိုက်လို့ကလည်း လုံးဝဖြစ်နိုင်လိမ့်မည်မဟုတ်။ သည်တော့ သူသည် လက်ဦးမှုယူကာ တိုက်ခိုက်ထွက်ပြေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ကျားကောင်သည် မြောင်ထဲသို့ လှမ်းအဝင်တွင် သူသည် သူ့တွင်ရှိနေသည့် အစွယ်နဲ့နဲ့လေးဖြင့် သူ့တွင်ရှိနေသော စွမ်းအင်များ အပြည့်ထုတ်ကာ ကျားကောင်၏ဝမ်းဗိုက်ကို တစ်ချက်ဆောင့်ထိုးကာ ကမူးရူးထိုး ပြေးထွက်သွားတော့၏။
ကျားကောင်သည် ရုတ်တရက် အန္တရာယ်ကျရောက်လာသည်ကို သိလိုက်သည်နှင့် ခုခံချိန်မရငြား ဖျတ်ခနဲ တိမ်းလိုက်၏။ သူ၏ လှုပ်ရှားမှု အနည်းငယ် နောက်ကျသွားလို့ကတော့ သူ့သားကောင်ဝက်ပျိုလို အူအထွေးလိုက် ဗိုက်ကွဲထွက် ကျပေတော့မည်။
ယခုမူ ပေါင်ရင်းတွင် ပူခနဲဖြစ်သွားကာ သွေးတို့ ဖြာထွက်လာတော့၏။ အတော်လေးတော့ အထိနာသွား၏။ ဘယ်လိုရန်သူက သူ့ကို တိုက်ခိုက်သွား လေသည်မသိ။ သူ သတိတစ်ချက် လွတ်သွား၍ ခံလိုက်ရခြင်းဖြစ်၏။ ရှိချေတော့ အသက်အန္တရာယ်တော့ မရှိနိုင်။ သို့ဖြစ်၍ ကျားကောင်သည် ရေအိုင်သို့ အရောက်သွားကာ ရေကို တဝကြီးသောက်လိုက်၏။
ပြီး ထိုမြောင်တိုလေးမှ ထွက်ခဲ့တော့သည်။ သူ့ပေါင်ရင်းမှ ဒဏ်ရာသည် လမ်းလျှောက်လေ နာကျင်လေ ဖြစ်သည်ကြောင့် မြောင်ဝတွင် တစောင်းလဲ ချလိုက်ပြီးနောက် ဒဏ်ရာမှ ယိုစိမ့်ထွက်နေသော သွေးတို့ကို လျှာဖြင့် လျက်နေလေတော့၏။
သူရရှိလိုက်သော ဒဏ်ရာအခြေအနေကို သူသိလိုက်ပြီဖြစ်သည်။ ကျားနာစာရင်းတွင် သူ သွတ်သွင်းခံရပေရော့မည်။ သို့တွေးလိုက်မိသည်နှင့် စိတ်ဓာတ်ကျသွားရတော့၏။
ဒီဒဏ်ရာ ပျောက်ပေဦးတော့ ယခင်ကလောက် သွက်လက် ဖျတ်လတ်နိုင်တော့မည် မဟုတ်။ သို့တွေးလိုက်မိသည်နှင့် သူသည် အမျက်ဒေါသချောင်းချောင်းထွက်ကာ “ဝေါင်း” ရယ်လို့ ကျားမာန်ကို ထုတ်အော်ဟစ်လိုက်ပြီး သူ့အနီးရှိ သစ်ပင်ငယ်ကို ကုတ်ဖဲ့ ကိုက်ခဲလေတော့၏။ သစ်ပင်နေရာတွင် သက်ရှိသတ္တဝါတစ်ကောင်ဆိုပါက တစ်စစီဖြစ်ပေ ရော့မည်။
“ဝေါင်း”
“ဝေါင်း”
“ဝေါင်း”
အဝေးဆီမှ ကျားဟိန်းသံ ကြားလိုက်ရသည်နှင့် ကျွန်တော်၏ လှမ်းနေသော ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဂရုတစိုက်နားစွင့်လိုက်၏။ လင်းမြင့်လှိုင်သည်လည်း ကျွန်တော့်နှယ်ပင် ဖြစ်သည်။
“ကိုလင်း ဒီဟင်းကောင်ကြီး အော်သံက ဒေါသအမျက်ထွက်လို့ အော်နေသံဗျ”
“ဟုတ်လိမ့်မယ် ကိုပိုက်၊ အကြီးအကျယ် ဒဏ်ရာရထားလို့ ဒေါသထွက်ပြီး အော်နေတာဖြစ်မယ်”
လင်းမြင့်လှိုင်က သို့နှယ် ကျွန်တော့်ကို ပြောလာသဖြင့်-
“သိပ်ဖြစ်နိုင်တာပေါ့ ကိုလင်းရယ်။ ကျွန်တော်တို့ တစ်မနက်လုံး ဘာသားကောင်မှ မရဘူး။ စခန်းပြန်အလာ ကြုံလေတော့ ကဲ … ကျွန် တော်တို့တွက် တစ်ပန်းသာနေပြီ။ ဘယ်လိုလဲ ကျားတစ်ကောင်လုံးဆိုတာ အသုံးဝင်တာချည်း”
ရယ်လို့ နောက်ပြောင်ပြောလိုက်၏။
“ဟင်း … ဟင်း … ဟင်း ကိုပိုက်ရေ အသံက ကျွန်တော်တို့ အပြန်လမ်းပေါ်လောက်ကဗျ။ ဒီတော့ ဒီလိုလုပ်မယ်ဗျာ။ ဒီတောင်စွယ်ကနေ ပတ်ပြီး နှစ်ဖြတ်လောက် ဖြတ်ပြီးတာနဲ့ စွယ်အတိုင်း ချောင်းမကြီးထဲ ထိုးဆင်းလျှင်ဖြင့် ဟိုကောင်ကြီးကို ကျော်သွားလောက်တယ် ထင်သဗျ”
“ဟုတ်လိုက်လေ ကိုလင်းရေ။ နို့ဖြင့် ကျွန်တော်တို့နဲ့ ထိပ်တိုက်တိုးနေဦးမယ်။ ဟိုကောင်ကြီးကလည်း နာနေတာဆိုလျှင်ဖြင့် သူ့ရဲ့ အမျက်ဒေါသတွေအားလုံး ကျွန်တော်တို့အပေါ် သွန်ချလာနိုင်သဗျ။ ရှောင်နိုင်တာ အကောင်းဆုံးပေါ့ဗျာ”
ဆိုရင်း ကျွန်တော်ကပင်ဦးဆောင်၍ လမ်းကြောင်း ပြောင်း ဖြတ်လမ်းကို လျှောက်လိုက်သည်။
ကျားကောင်၏ အော်သံကိုတော့ဖြင့် မကြားတော့ချေ။ လင်းမြင့်လှိုင် မှန်းဆသလို တောင်စွယ်ကြော နှစ်ခုကို ဖြတ်ဆင်းဖြတ်တက်လုပ်ပြီး နောက်စွယ်ပြတ်တစ်ခုမှ မြောင်တွင်းသို့ ဆင်းလိုက်ကြသည်။ တောင်စွယ်အဖျားသည် မတ်စောက်နေသည်။ မြောင်တွင်း အဆင်းလမ်းမကောင်း။ သို့ငြား လမ်းပျောက်သွားမည်စိုးသဖြင့် အပေါ်ကြောမကြီးသို့လည်း ပြန်မတက်ချင်တော့သဖြင့် ခက်ခက်ခဲခဲ တွယ်ကုပ်ကာ မြောင်တွင်းဆင်းလိုက်ကြ၏။
“ဒီမြောင်က ထွက်လျှင်ဖြင့် ချောင်းမထဲရောက်နိုင်ပါတယ်နော်”
ကျွန်တော်က လမ်းမှားမည် စိုးရိမ်စိတ်ဖြင့် လင်းမြင့်လှိုင်ကို မေးလိုက်၏။
“မမှားလောက်ပါဘူး ကိုပိုက်ရယ်။ ဒီမြောင် အတိုလေးဖြစ်ရိုးမှန်လျှင်ဖြင့် ချောင်းမထဲရောက်တာ သေချာသပေါ့. . . ကဲလာ”
ကျွန်တော်တို့လမ်းမမှားပါ။ မြောင်တိုလေးဖြစ်သည်။ သို့ငြား လင်းမြင့်လှိုင်အတွက် မှားယွင်းသွား၏။ မြောင်ဝရောက်လုလုတွင်
“ဝေါင်း”
ရယ်လို့ ကျားကောင်သည် ဟိန်းသံပြုလုပ်၍ ကျွန်တော်တို့အား တိုက်ခိုက်လေတော့သည်။ လျှပ်တစ်ပြက် ထင်မှတ်မထားသော အန္တရာယ်ပင် ဖြစ်ချေ၏။
ကျွန်တော်တို့တွက် ကံကောင်းသည်ကား ကျားကောင်သည် ဒဏ်ရာအပြင်းအထန် ရထားပုံပင်။ သူ၏တိုက်ခိုက်မှုသည် လေးလေးပင်ပင် ရှိလှ၏။ နောက်ခြေများ မသန်မာသလို ဖြစ်နေ၏။
ကျွန်တော်ရှေ့မှ သွားနေသော လင်းမြင့်လှိုင်က ရှေ့တူရှုမှ ပြေးလာသော ကျားကိုမြင်လိုက်သည်နှင့် မြောင်နံရံသို့ကပ်လျက် ဝပ်ချလိုက်သည်နှင့် တစ်ပြိုင်နက် ကျားကောင်သည် မှန်းဆအကွာအဝေး လောက်မှနေ၍ ခုန်လွှားအုပ်လာတော့၏။
ကျွန်တော့်မျက်လုံးများပြာသွားပြီး မထူးတော့ပြီ အချိန်ရောက်နေသည်ဖြစ်၍ လက်တွင်းမှသေနတ် ဖြင့် ခုန်လွှားဝင်လာသည့် ကျားကောင်ကို ထိုးချိန်ပစ်လိုက်၍။
“ဒိန်း”
“ဂရောင်း”
ကျွန်တော့်ထံပင်မဟုတ် လင်းမြင့်လှိုင်ထံသို့ပင် ရောက်မလာလေဘဲ လမ်းခုလတ်မှာပင် အရုပ်ကျိုးပြတ် ကျသွားတော့၏
“ဘုတ်”
“ဂရောင်း”
“ဒိန်း”
မြေပြင်သို့ ကျလာသော ကျားကောင်သည် ကမန်းကတန်း ပြန်တိုက်ခိုက်လာဟန် ပြုနေပြန်သဖြင့် လင်းမြင့်လှိုင်က မုဆိုးဒူးထောက်ထိုင်လျက် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။
ကျားကောင်သည် လုံးဝငြိမ်သက်သွားတော့၏။ ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် ကျားသေကောင်ကို ဂဃနဏ စူးစမ်းလေ့လာကြည့်လိုက်၏။
ကျားကောင်၏ ပေါင်ရင်းတွင် လတ်လတ်ဆတ်ဆတ် ဟက်တက်ကွဲ ဒဏ်ရာကြီး ရှိနေ၏။ ထိုဒဏ်ရာကြောင့် ကံကြမ္မာက ကျွန်တော်တို့နှစ်ယောက်ကို အခွင့်အလမ်းပေးခဲ့ခြင်း ဖြစ်ပေ၏။ သို့မဟုတ်ပါမူ လင်းမြင့်လှိုင်သော်လည်းကောင်း ကျွန်တော်သည် လည်းကောင်း ကျားကောင်၏အစာ ဖြစ်သွားနိုင်၏။
တကယ်ဆိုပါလျှင် ကျားကောင်သည် ကျွန်တော်တို့ကို စတင်တိုက်ခိုက်မှုမပြုဘဲ နောက်ဆုတ်လျှင် နှစ်ဦးနှစ်ဖက် အကျိုးရှိကြပေလိမ့်မည်။ သို့ပေမင့် ကျားကောင်သည် ရရှိထားသော ဒဏ်ရာကြောင့် အမျက်ဒေါသထွက်ကာ မုဆိုးစည်းဖောက် ကျွန်တော်တို့အား စတင်အန္တရာယ်ပြုလာခြင်းကြောင့် သူ့အသက်ပေးဆပ်လိုက်ရခြင်း ဖြစ်ပေသည်။
အမှန်ဆိုပါမူ ကျွန်တော်တို့သည် နဂိုကတည်းက ဒဏ်ရာရ ကျားကောင်ကို ရှောင်ကွင်းထွက်ခဲ့ငြား ကံဆိုးမိုးမှောင်ကျကာ လွဲမှား၍ ကျားရှေ့ရောက်ခဲ့ကြခြင်းဖြစ်၏။
မုဆိုးစည်းဖောက်လိုခြင်း လုံးဝမရှိငြား အသက် အန္တရာယ်ဖြင့် ရင်ဆိုင်လာရပြီဖြစ်၍ အသက်လု တိုက်ခိုက်လိုက်ခြင်း ဖြစ်ပေတော့သည်။
၅-၅-၂ဝဝ၂
လပြည့်ဝန်းမဂ္ဂဇင်း အောက်တိုဘာလ (၂၀၀၂ ခုနှစ်)
– ပြီး –
စာရေးသူ – ကိုပိုက်
စာစီ – မုဆိုးတံငါစာပေများ