ကိုပိုက်
တော်ပါသေးရဲ့
ကမ်းပါးယံစောင်းတွင် ပေါက်နေသည့် နီရဲရဲ ကြက်ခြမ်းသီးကို နှုတ်သီးဖြင့် ပေါက်ယူစားနေသည့် တောကြက်မတစ်ကောင်ကို မြင်သည်နှင့် တောကြီးမြွေဟောက်တစ်ကောင်သည် ထိုအနီးတွင် ပေါက်နေသည့် မြရာပင်ငယ်ကိုင်းဖျားတစ်ခုမှ လျှပ်တစ်ပြက် လျှောခနဲဆင်းလာကာ ထိုတောကြက်မကြီး၏ ပေါင်ရင်းကို ပေါက်ကိုက်ဆွဲယမ်းလေတော့သည်ကြောင့် တောကြက်မသည် တောင်ပံတဖျပ်ဖျပ် အော်ဟစ်ရုန်းကန်နေငြား မြွေ၏ ငုံခဲကိုက်ထားခြင်းမှ ရုန်းမထွက်သာခဲ့ချေ။
“အော့ … အော့ … အော့”
“ဖျပ် … ဖျပ် … ဖျပ်”
အတန်ကြာတွင် တောကြက်မသည် ငြိမ်သက်ကျသွားတော့သည်။
“ဂစ် … ဂီးလ်”
ထိုအခိုက်အတန့်လေးမှာပင် လွန်စွာကြီးမားသော စွန်ရဲတစ်ကောင်သည် တောကြီးမြွေဟောက်၏ ခါးလယ်မှနေ၍ သူ၏ သန်မာသော ခြေချောင်းကလေးများကို ကွေး၍ ချွန်မြိနေသော ခြေသည်းရှည် ရှည်တို့ဖြင့် မလွတ်တမ်း ကုတ်ခဲထိုးစိုက်ကာ ပျံတက်သွားလေ၏။ မြန်လိုက်သည့် ဖြစ်ခြင်း။
စွန်ရဲကောင် အသုတ်ခံလိုက်ရသော မြွေကြီးသည် နာကျင်သည်ဖြစ်၍ သူ၏ပါးစပ်မှ ငုံခဲထားသော တောကြက်မကို ဖြုတ်ချလိုက်ကာ စွန်ရဲကောင်၏ ခြေအစုံမှ လွတ်လိုလွတ်ငြား ရုန်းကန်လိုက်၏။
အကြိမ်ကြိမ်ကြိုးစားငြား သူလှုပ်ရှားလိုက်လေတိုင်း နာကျင်မှုသည် ပို၍ ပြင်းထန်သဖြင့် ငြိမ်သက်စွာ လိုက်ပါခြင်းသည် အကောင်းဖြစ်လိမ့်မည်ဟု တွက်ကာ လှုပ်ရှားရုန်းကန်မှုကို ရပ်တန့်လိုက်၏။
စွန်ရဲကောင်သည် သူ၏အစာ လွတ်ထွက်သွားလေမည်ကို စိုးရိမ်ကြောင့်ကြမိသည်ဖြစ်၍ ချွန်ထက်သန်မာသော လက်သည်းကြီးများဖြင့် မြွေကောင်၏ ခါးရိုး အသားတွင်း စူးဝင်သည်ထက် နစ်အောင် ကုတ်လိုက်ပြီး ခြေအစုံကို ကားလိုက်ခြင်းဖြင့် ထိုမြွေ၏ ခါးရိုးအဆစ်တို့ကို ပြုတ်ထွက်စေတော့၏။
ခါးရိုးအဆစ်တို့ ပြုတ်ထွက်သွားလေသော မြွေတစ်ကောင်၏ ဘဝသည် အသက်ရှင်လျက် သေသွားရခြင်းဖြစ်သည်။
မကြာမီအချိန်ကလေးတွင် စွန်ရဲကောင်၏ ချွန်မြိထက်ရှသော နှုတ်သီးဖြင့် ပေါက်ကိုက်ဆွဲဖဲ့ခြင်းကို ခံရပေတော့မည်။ အရှင်လတ်လတ် အသားတို့ကို ကိုက်ဆွဲဖဲ့စားသောက်ခြင်း ခံရမည့် သတ္တဝါတစ်ကောင်၏ ဘဝအဆုံးမသတ်မီ ငရဲခံရခြင်းဖြစ်လိမ့်မည်။
သက်ရှိသတ္တဝါတိုင်း၏ နောက်ဆုံးနိဂုံးသည် သေဆုံးခြင်းပင် ဖြစ်သည်။ ထိုမြွေသည် တစ်ချိန်သောအခါက သူပြုသော အကုသိုလ်အမှုကြောင့် ယခု ဥပစ္ဆေဒကကံထိုက်၍ သေရပေတော့မည်။
xxx xxx xxx
ကျွန်းပင်၏ တစ်ခုသောကိုင်းဖျားတွင် ခိုနားနေသည့် စွန်ရဲတစ်ကောင်ကို အသေအချာကြည့်မိသည်။ သူခိုနားသည့် ကိုင်းထက်ဝယ် လူးလွန့်လှုပ်ရှားနေသည့် သတ္တဝါတစ်ကောင်ကို တွေ့လိုက်သည်။
ဘာကောင်ပါလိမ့်။ အသက်ရှိသေး၏။ လူးလွန့်နေ၏။
သို့သော် အားအင်ချိနဲ့စွာ လှုပ်ရှားနေခြင်းဖြစ်၏။
“ကိုလင်း … ဟို ကိုင်းဖျားမယ် စွန်ရဲတစ်ကောင် … တွေ့လား။ သူ ကုတ်ဆွဲလာတာ ဘာကောင်တုန်းဗျ။ အသက်ရှိနေသေးတယ်”
ကျွန်တော့်အမေးကြောင့် လင်းမြင့်လှိုင်သည် ထိုကျွန်းပင်ကြီးပေါ်သို့ လှမ်းကြည့်လိုက်ပြီး
“အား … မြွေဗျ … မြွေ”
သို့ပြောရင်း သူ့လက်တွင်းမှ သေနတ်ဖြင့် လှမ်းချိန်လိုက်သည်ကြောင့်. . .
“ကိုလင်း မလုပ်ပါနဲ့။ သူ့အစာ သူရှာစားနေတာပဲဗျာ။ ဒါဟာ သဘာဝလေဗျာ”
ရယ်လို့ သတိပေးလိုက်သည်။
“ဒါတော့ ဒါပေါ့ဗျာ။ နို့ပေမယ့် ကျွန်တော်တို့ ရိက္ခာပြတ်နေပြီလေ။ တစ်မနက်လုံး ဘာသားကောင်မှလဲ မတွေ့ သေးဘူး။ မွန်းလွှဲနေပြီ။ ဒါဟာ ဒီနေ့အတွက် နောက်ဆုံးအခွင့်အရေးပဲဗျာ”
လင်းမြင့်လှိုင် ပြောသည်လည်း ဟုတ်နေ၏။ စခန်းတွင် မနေ့ညကတည်းက စားစရာရိက္ခာ ပြတ်နေ၏။ သည်ကနေ့တစ်မနက်လုံးလည်း မည်သည့်သားကောင်မျှ မတွေ့သည်ကြောင့် ဝမ်းဗိုက်အတွင်း မည်သည့်အစာမျှ မရှိချေ။
သို့ကြောင့် လွန်စွာမျှ ဆာလောင်မွတ်သိပ်နေချေပြီ ဖြစ်၏။
ကမ္ဘာမီးလောင် သားကောင်ချနင်းရပေရော့မည်။ သို့ကြောင့် “သဘောဗျာ” ရယ်လို့ ပြောလိုက်မည်ကြံကာရှိသေး…
“ဒိန်း”
ကျွန်တော် လင်းမြင့်လှိုင်ကိုကြည့်၍ အဓိပ္ပါယ်ပါပါ ပြုံးပြလိုက်သည်။
“မတတ်နိုင်ပေဘူး ကိုပိုက်ရေ”
ဆိုကာ ထိုကျွန်းပင်အောက်သို့ ပြုတ်ကျလေသည့် စွန်ရဲကောင်ရှိရာသို့ လျှောက်သွားလေတော့၏။ ကျွန်တော်သည် သူ့နောက်လိုက်မသွားတော့ဘဲ နေရာမှာပင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။
တစ်ခဏအကြာတွင် လင်းမြင့်လှိုင် ပြန်ရောက်လာ၏။ သူ့လက်တွင်း သုံးပိဿာခန့် အလေးချိန်ရှိမည့် စွန်ရဲတစ်ကောင်အပြင် ခြောက်ပေခန့်အရှည်ရှိ တောကြီးမြွေဟောက်တစ်ကောင် ပါလာသည်။
“ကျည်တစ်တောင့်တည်းနဲ့ မြေပေါ်က အကောင်ရယ်၊ မိုးပေါ် က အကောင်ရယ် ရတယ်လို့ပြောလျှင်ဖြင့် ဘယ်သူယုံမှာတုန်းဗျ နော်”
“ကျွန်တော်ကတော့ ယုံပါပြီကောဗျာ”
“ဟား … ဟား … ဟား … ဟား”
နှစ်ယောက်သား ပြိုင်တူရယ်မောလိုက်ကြသည်။
“ကဲ ကိုလင်းရေ၊ ကျွန်တော်တို့ စခန်းပြန်ဖို့ အချိန်လဲ မရှိတော့ဘူးဗျို့။ ဒီမှာပဲ စခန်းချလိုက်ကြလျှင် ကောင်းမယ်ထင်တယ်”
“မဖြစ်ဘူးထင်တယ်၊ စခန်းမှာ ‘စောအာဝါး’ ရှိသေးတယ်လေ”
“ဟာ … ဟုတ်တယ် ဆောရီးပဲဗျာ။ ကျွန်တော်ကလဲ သိပ်ဆာလောင်နေတော့ စောအာဝါးကို သတိမေ့သွားတယ်ဗျ။ နို့ဖြင့် ခပ်သုတ်သုတ် ပြန်ကြမယ်ဗျာ”
စောအာဝါးသည် ကျွန်တော်တို့နှင့် ညအိပ်အဖော်လိုက်လာသော မီးလောင်ကုန်းကျေးရွာသား ဖြစ်သည်။ အင်မတန် အမဲလိုက်တော်သော မုဆိုးတစ်ဦးဖြစ်သည်။
သူသည် ကျွန်တော်တို့နည်းတူ ဘာမျှ စားရလေဦးမည် မဟုတ်။ အပြန်လမ်းတစ်လျှောက်တွင် ကျွန်တော်သည် လင်းမြင့်လှိုင် ပစ်လာသည့် စွန်ရဲကောင်နှင့် မြွေတို့ကို အစိမ်းလိုက်ဝါးစား၍ ရလျှင်ဖြင့် စားလိုက်ချင်သည့်စိတ်များ တဖွားဖွား ဖြစ်နေမိ၏။
မစားကောင်းသည့် အသားမှ မဟုတ်တာ။ စားရဲလျှင်ဖြင့် စား၍ ရသည်ပဲ။ ကျွန်တော်ကမှ မစားရဲတာ။ သို့ကြောင့် စခန်းအမြန်ရောက်ဖို့ရာ သုတ်ခြေတင်နေရခြင်းဖြစ်၏။
သို့ဖြင့် စခန်းသို့ မှောင်စပျိုးချိန်တွင် ပြန်ရောက်ခဲ့ကြသည်။
စောအာဝါးသည် စခန်းတဲပေါ်တွင် ခြေနှစ်ချောင်း တွဲလောင်းချထိုင်ရင်း ကွမ်းတမြုံ့မြုံ့ဝါးကာ ကျွန်တော်တို့ပြန်အလာကို စောင့်နေချေ၏။
“ကဲ … အာဝါးရေ ဒီစွန်ရဲကောင်ကို မီးကင်ပြီးတော့မှ မြွေသားချက် မြန်မြန်လုပ်နော်။ ဆာနေပြီ”
ဟု ပြောကာ နှစ်ယောက်သား စခန်းတဲပေါ်တွင် ခြေပစ်လက်ပစ် လှဲအိပ်ချလိုက်သည်။
“ဆရာလေးတို့ ဆာလျှင်ဖြင့် ကျွန်တော် မျှစ်ရှာပြီး ပြုတ်ထားတယ်။ စားနှင့်ချေဗျာ”
“ဟာဗျာ … အာဝါးက လုပ်ပြီ။ ဘယ့်နှယ့်က မျှစ်ပြုတ် စားကောင်းမှာတုန်း။ ထမင်းဟင်းကြား အတို့အမြှုပ်အဖြစ် ရောစားမှ ကောင်းတော့မပေါ့ဗျာ”
ရယ်လို့ အားအင်ချိနဲ့လေသံဖြင့် ပြောလိုက်သည်။
“ဟား … ဟား … ဟား … ဆရာလေးကလဲ ကျွန်တော်ပြုတ်ထားတဲ့ မျှစ်ကိုလည်း စားကြည့်ပါဦးဗျ”
ဆိုပြီး ကျွန်တော်တို့နှစ်ယောက်ထံ ဒန်အိုးကြီး မ,ယူလာ၏။ ပြီးနောက် ပြုတ်ပြီးသား အဖြူရောင်မျှစ်နှစ်ချောင်းကိုယူ၍ ကျွန်တော်တို့နှစ်ယောက်ကို ပေး၏။
“ဒီလောက် စားစေချင်မှတော့ စားမယ်ဗျာ … ပေး”
ဆိုပြီး ကျွန်တော်က သူပေးလာသည့် မျှစ်တစ်ချောင်းကိုယူ၍ ကိုက်ဝါးလိုက်၏။
“ဟား”
လွန်စွာမျှ အံ့ဩမိသည်။ မျှစ်က ချိုလှချည်လား။ အရသာက ပြောင်းဖူးနီးနီးပင်။
“ဒါ ဘာမျှစ်တုန်းဗျ”
အားပါးတရ ဝါးစားရင်း မေးလိုက်သည်။
“အဲဒါ ဝါးဖြူမျှစ်ပေါ့ဗျ။ စားရခဲတယ်”
“ဟုတ်ပါ့ဗျာ၊ အရသာက ပြောင်းဖူးအတိုင်းပါပဲကလားဗျ”
လင်းမြင့်လှိုင်သည်လည်း ကောင်းလှချည်ရဲ့လို့ ကျွန်တော်က ပြောလေမှ ယူစားခြင်းဖြစ်၏။
“ကဲ … ဆရာလေးတို့ စားကြဗျာ။ ကျွန်တော် စားစရာ သွားစီမံလိုက်ဦးမယ်”
ဆိုကာ ကျွန်တော်တို့အပါးမှ ထွက်သွား၏။
ကျွန်တော်တို့မရှိတုန်း စားစရာထွက်ရှာထားခြင်း ဖြစ်သည်။
ကျွန်တော်တို့သည် မုဆိုးဖြစ်ပြီး တောတွင်းသားကောင်များမှလွဲ၍ လူတို့စားအပ်သော အရွက်သီးနှံတို့ကို ရှာဖွေမစားတတ်ကြချေ။
စားကောင်းသည်နှင့် စားလိုက်ကြသည်မှာ တနင့်တပိုးကြီး ဖြစ်သွားကြ၏။
တစ်ခဏမှာပင် အိပ်ပျော်သွားကြသည်။ မည်မျှကြာကြာ အိပ်ပျော်သွားလေသည်မသိ။
“ဒိန်း”
ပြင်းထန်သော ယမ်းအားပေါက်ကွဲသံကြောင့် အိပ်နေရာမှ လန့်နိုးခဲ့တော့၏။
“ဘာဖြစ်လာလဲ”
နံဘေးမှ အိပ်နေသည့် လင်းမြင့်လှိုင်သည်လည်း ကျွန်တော့်နည်းတူ နိုးထလာပြီး မေး၏။
“သိဘူးလေ …” ရယ်လို့ ပြောရင်း မီးပုံနံဘေး လှမ်းကြည့်လိုက်၏။
စောအာဝါးတစ်ယောက် ဘယ်ရောက်နေပါလိမ့်။ စခန်းအနီးတစ်ဝိုက်တွင်လည်း မတွေ့ချေ။
“ဒိန်း”
ကျွန်တော်တို့ စခန်းရှေ့ ချောင်းတစ်ဘက်ကမ်းမှ သေနတ်သံတစ်ချက် ကြားရပြန်၏။
“ဒုက္ခပါဘဲ။ စောအာဝါးတစ်ယောက် မှောင်မည်းမည်းမှာ ဘာကောင်သွားပစ်ပြန်လည်း မသိဘူး”
အချိန်မှာ ညနေ ၅ နာရီခန့်ရှိလေငြား တောတောင်ဖြစ်၍ မှောင်နေချေပြီ။
သို့ဖြစ်၍ စောအာဝါးနောက်သို့ လိုက်သွားပြန်ခေါ်ရန် ကျွန်တော်နှင့် လင်းမြင့်လှိုင်သည် စခန်းတဲမှ ဆင်းလိုက်ကြသည်။
“ဟိုမယ်ကြည့်စမ်း ကိုပိုက်”
လင်းမြင့်လှိုင် ညွှန်ပြ၍ မီးပုံနံဘေး လှမ်းကြည့်လိုက်သည်။ မီးပုံနံဘေးတွင် အရေခွံစုတ်၍ မီးကင်ထားသော မြွေသားကို တောခွေးတစ်ကောင်က အတင့်ရဲစွာ ဝင်ရောက်ဆွဲယူနေသည်။
“ဒိန်း”
လင်းမြင့်လှိုင်က သူ့လက်တွင်းမှ သေနတ်ဖြင့် လှမ်းပစ်လိုက်သည်။
အိပ်ချင်စိတ် မပြယ်သေး၍ အိပ်ချင်မူးတူးဖြင့် ပစ်လိုက်ခြင်းကြောင့် လွဲသွားလေသည်လား။ စားမကောင်းသော ‘ခွေးအ’အသားကို မနှစ်သက်၍ ခြောက်ပစ်လိုက်လေသည်လားမသိ။ သေနတ်သံကြောင့် “ခွေးအ” သည် လှစ်ခနဲ တောတွင်း ပြန်ပြေးသွားတော့၏။ သူ့ပါးစပ်အတွင်းမှာတော့ အစာရသွားလေသည်။
ကျွန်တော်နှင့်လင်းမြင့်လှိုင်သည် ချောင်းတစ်ဖက်ကမ်းသို့ ကူးသွားကြသည်။ လ
“စောအာဝါးရေ”
နှုတ်မှလည်း တကြော်ကြော်ခေါ်ရင်း လက်တွင်းမှ အမဲလိုက်သုံး လက်နှိပ်ဓါတ်မီးကြီးကိုလည်း ဝှေ့ပတ်ထိုးရင်း စမ်းတဝါးဝါး လိုက်ရှာနေရ၏။
“စောအာဝါးရေ”
“ဝူး”
“ဝူး … ဝူး”
“ဟာ ဘယ်လိုဖြစ်တာပါလိမ့်။ လေးဘက်လေးတန်က အူသံတွေ ကြားရပါကလား”
“ကိုပိုက် … နာမည်မခေါ်နဲ့လေဗျာ။ ဒါက တောတောင်လေ”
ဟုတ်ပါ့။ လင်းမြင့်လှိုင်ပြောလာမှ သတိရမိတော့၏။
တောတောင်အတွင်း လူစုကွဲ၍ အချိန်အဆတ်ပြုလုပ်ကြမည်ဆိုလျှင် တစ်ဦးနှင့် တစ်ဦး နာမည်ခေါ်လေ့မရှိ။ “တဝူးဝူး” ရယ်လို့သာ အသံပြု ဆက်သွယ်ကြရ၏။
ယခု ကျွန်တော်သည် စခန်းနားမှာပဲဟု တွက်လိုက်မိသည်ကြောင့် နာမည်ခေါ် အော်ဟစ်နေမိခြင်းဖြစ်သည်။ တကယ်တော့ စခန်းသည်လည်း တောနက်ထဲမှာပင် မဟုတ်ပေလား။
“ဝူး”
“ဝူး”
“ဝူး … ဝူး”
အူသံတွေ ပတ်ပတ်လည်မှ အဆက်မပြတ် ထွက်လာတော့၏။ ကြက်သီးမွေးညှင်းပင် ထမိသည်။
စောအာဝါး၏ ပြန်ဆက်သွယ်မှု အူသံလည်း ပါဝင်ပါမည်။ သို့ငြား သူ ဘယ်ဘက်တွင် ရှိနေလောက်သည်တော့ မှန်း၍မရ။
“အဲဒါမှ ဒုက္ခပဲ”
ကျွန်တော်က ညည်းညည်းညူညူဖြင့် ပြောလိုက်သည်။
“ဘာမှ ဒုက္ခလုပ်မနေနဲ့ ကိုပိုက်ရေ။ စောအာဝါးကိုသာ တွေ့ အောင်ရှာရတော့မှာပဲ။ ဒီတော ကြည့်ရတာ သိပ်နိပ်မယ့်ပုံ မပေါ်ဘူး”
“ဟုတ်တယ်ဗျို့”
ကျွန်တော်သည် လင်းမြင့်လှိုင်ကို သို့ပြန်ပြောလိုက်ပြီး ရှေ့ဆက်လျှောက်ခဲ့ရပြန်၏။
“ကိုပိုက် … သတိနဲ့သွားဗျ”
ကျွန်တော့်နောက်မှ ကပ်ပါလာသည့် လင်းမြင့်လှိုင်က သတိပေး၏။
“ဝုန်း”
“ဗြုန်း … ဗဝုန်း”
သတိပေးလို့မှ မဆုံးသေး ကျွန်တော့်ရှေ့မှနေ၍ မည်းမည်းသတ္တဝါတစ်ကောင်သည် လှစ်ခနဲ ဖြတ်ပြေးသွား၏။ မြန်လိုက်သည့် ဖြစ်ခြင်း။ ဘာကောင်ရယ် မသိရ။
လင်းမြင့်လှိုင်သည် ထိုသတ္တဝါ ပြေးဝင်သွားသည့် ထူထပ်စွာရှိနေသော သစ်ပင်၊ ချုံနွယ်တို့အတွင်း သေနတ်ဖြင့် လှမ်းပစ်လိုက်ပြန်၏။
“ဒိန်း”
သေနတ်သံကြောင့် နံဘေးပတ်လည်တစ်ဝိုက်တွင် ချုံတောတိုးဝှေ့သံတို့ ပေါ်ထွက်လာတော့၏။
ဘာသံတွေပါလိမ့်။ ဘာကောင်တွေပါလိမ့်။ ဝေခွဲ၍မရ။
တောခြောက်တာတော့ မဟုတ်။ သက်ရှိသတ္တဝါတွေ ပြေးလွှားနေကြခြင်း ဖြစ်သည်။
သို့ အသံဗလံများကြားမှ ရှေ့ဆက်လျှောက်ခဲ့ကြရာတွင် ကွင်းပြင် (အင်းပျက်ဟု ထင်သည်) တစ်ခုသို့ ရောက်လာ၏။ ကွင်းပြင်ဖြစ်နေခြင်းကြောင့် အလင်းရောင် ရှိနေ၏။
“ဝူး … ဝူး”
“ဝုတ် … ဝုတ် … ဝုတ်”
ကွင်းလယ်လောက်တွင် တောခွေးတစ်အုပ် ဘာကို ဝိုင်းပတ်ကိုက်ဆွဲနေကြသည် မသိ။
“ဟာ … ကိုလင်း ဟိုမယ် တောခွေးတစ်အုပ် ဘာကို ဝိုင်းဆွဲနေကြလဲ မသိဘူးဗျာ။ စောအာဝါးများ ဖြစ်နေမလား”
စောအာဝါးအတွက် စိုးရိမ်စိတ်ဖြစ်မိ၏။
“အေးဗျာ … မြန်မြန်လာ၊ နည်းနည်း အလှမ်းဝေးနေလို့ အနီးနားဆို တရစပ်ကို ဆော်ထည့်လိုက်မယ်”
ပြောပြောဆိုဆို လင်းမြင့်လှိုင်သည် ရှေ့မှသုတ်ခြေတင်လစ်တော့သဖြင့် ကျွန်တော်သည်လည်း ခပ်သွက်သွက် လိုက်သွားတော့သည်။
အလင်းရောင်ကြောင့် ထင်ထင်ရှားရှား မြင်ရလေသဖြင့် တောအုပ်တွင်းမှာကဲ့သို့ ဓာတ်မီးထိုးစရာမလိုသဖြင့် တော်သေး၏။
သို့ဖြင့် ထိုခွေးအအုပ်နား ရောက်လုတွင် လင်းမြင့်လှိုင်က မုဆိုးဒူးထောက် ထိုင်ချလိုက်ကာ လက်တွင်းမှသေနတ်ဖြင့် လှမ်းပစ်လိုက်ချေ၏။
ကျွန်တော်သည်ကား မတ်တပ်ရပ်လျက်မှပင် လှမ်းပစ်လိုက်သည်။
“ဒိန်း”
“ဒိန်း”
“ဝူး … ဂိန်”
ရယ်လို့ အော်သံကြားလိုက်ပြီး ခွေးအအုပ် အသက်လု ပြေးထွက်သွားကြတော့သည်။
ပုံ့ပုံ့လေး သဏ္ဌာန်သုံးခု ကွင်းပြင်တွင် ရှိနေ၏။ ကျွန်တော်တို့နှင့် အတန်ငယ် လှမ်းနေသေး၍ သဲသဲကွဲကွဲ မမြင်ရ။ ထိုသဏ္ဌာန်သည် လုံးဝလှုပ်ရှားမှုမရှိသဖြင့် အသက်ကင်းမဲ့နေချေပြီဆိုသည်တော့ ထင်မိ သည်။
“ဘုရား … ဘုရား”
သဏ္ဌာန်နှစ်ခုကတော့ ခွေးအနှစ်ကောင်ဖြစ်သည်မှာ သေချာ၏။ ဘယ့်တွက်မူ ကျွန်တော်နှင့် လင်းမြင့်လှိုင် ကျည်တစ်တောင့်စီ ပစ်ခတ်လိုက်သည်ကြောင့် ထိုကျည်ဆန် ထိမှန်သေဆုံးသွားသည့် ခွေးအနှစ်ကောင်မှလွဲ၍ အခြားမဖြစ်နိုင်ပေမယ့် ခွေးအများ ဝိုင်းဝန်းကုက်ဆွဲ ဖဲ့ခြင်းကြောင့် ကျန်ရစ်ခဲ့သည့် သဏ္ဌာန်ကား စောအာဝါးများ ဖြစ်နေမလား စိုးရိမ်စိတ်ဖြင့် ရင်ထိတ်စွာ ထိုအနားသို့ ပြေးသွားလိုက်ကြသည်။
“ဟာ”
“ဟင်”
တော်ပါသေးရဲ့။ ခွေးအများ ဝိုင်းဝန်းကိုက်ဆွဲထား၍ အသက်ခန္ဓာ ကင်းမဲ့နေပြီဖြစ်သော သဏ္ဌာန်သည် စောအာဝါးမဟုတ်။ တောဝက်ပျိုတစ်ကောင် ဖြစ်နေ၏။
သည်တော့မှ စောအာဝါးအတွက် စိတ်အေးသွားရသည်ဆိုငြား စောအာဝါးနှင့် မတွေ့ဆုံသေးသဖြင့် စိတ်ချလက်ချ နေလိုက်၍ မဖြစ်သေး။ သူ့အား လိုက်ရှာရပေဦးမည်။
“ကိုပိုက် အတော်ပဲဗျာ။ ကျွန်တော်တို့အတွက် ရိက္ခာရပြီ”
တောဝက်ပျိုကို ကြည့်၍ ရွှင်ပျသောမျက်နှာဖြင့် လင်းမြင့်လှိုင်က ပြောလာ၏။
“ဟုတ်တော့ ဟုတ်ပါရဲ့။ စောအာဝါးကို လိုက်ရှာရပေဦးမယ်လေ”
“သူ့မယ် သေနတ်လည်း ပါသွားတာပဲဗျာ။ သူလဲ မုဆိုးကောင်းတစ်ယောက်ပဲ။ သူ့အန္တရာယ်တော့ သူ ရှောင်တတ်မှာပေါ့။ လာပါဗျာ။ ဒီတောဝက် စခန်းယူသွားကြမယ်”
“ဟာဗျာ … ခင်ဗျားနဲ့ ကျွန်တော် နှစ်ယောက်တည်း ဒီကောင်ကြီးကို ဘယ်နိုင်မတုန်း”
“သိပါတယ်ဗျာ။ လတ်တလော ပေါင်တစ်ချောင်းစီဖြုတ်ယူသွားကြတာပေါ့။ သည်လောက်ဆိုလျှင်ဖြင့် ကျွန်တော်တို့အတွက် ရိက္ခာလုံလောက်နိုင်ပါတယ်”
“ကဲ … လုပ်ဗျာ”
ကျွန်တော်၏ သဘောတူညီချက်ရပြီဖြစ်၍ လင်းမြင့်လှိုင်သည် သူ့ခါးတွင် ချိတ်ထားသည့် အမဲလိုက် အသားဖျက်ဓားမြှောင်ကြီးကို ဖြုတ်၍ တောဝက်သား၏ ပေါင်တစ်ချောင်းကို ဖြတ်လှီးလေတော့၏။
“ကိုလင်း … တစ်ယောက်တစ်ပေါင်တော့ နိုင်ပါလိမ့်မယ်နော်”
ဆိုလိုက်သဖြင့် တောဝက်ပေါင်နှစ်ခု ကျွန်တော်တို့ ပိုင်ဆိုင်ခဲ့ကြပေတော့သည်။
စခန်းရောက်လုတွင် သစ်ပင်ချုံနွယ်တို့ကြားမှ သတ္တဝါတစ်ကောင်သည် ကျွန်တော့်အပေါ်သို့ ရုတ်တရက် ခုန်တက်လာပြီး ထမ်းပိုးလာသည့် တောဝက်ပေါင်ကို မာန်ဖီကိုက်ခဲလေတော့သဖြင့် ကျွန်တော်သည် မြေပြင်သို့ လဲကျသွားရသည်။
လက်တွင်းမှ ဝက်ပေါင်ကိုတော့ လွှတ်မပေးလိုက်မိသဖြင့် အစာငမ်းငမ်းဖြစ်နေသော သတ္တဝါကောင် သည် ကျွန်တော့်အား ရန်ပြုလေတော့၏။
“ဂွီး … ဂွီး … ဂွီး”
ကျားသစ်တစ်ကောင်ပါကလား။ သူ၏ လက်သည်းချွန်မြိမြိကြီးများဖြင့် ကျွန်တော့်အား ကုတ်ဖဲ့လေ၏။
ကျွန်တော်ကား ထိုသတ္တဝါကို ပြန်လည်ရန်ပြု မတိုက်ခိုက်နိုင်သဖြင့် သူ၏ ကုတ်ဖဲ့ချက်မှ သက်သာလိုသက်သာငြား အတင်းဝင်ရောက် ဖက်တွယ်ထားရ၏။
သို့ကြောင့် မြေပြင်တွင် သူတစ်ပြန် ကိုယ်တစ်ပြန် လူးလိမ့်နေတော့၏။
သို့ကြောင့် လင်းမြင့်လှိုင်သည်လည်း သေနတ်ကိုင်ရင်း မည်သို့ ပစ်ရမည်မသိ ဖြစ်နေ၏။
ကျွန်တော်သည် စောအာဝါးကျွေးသည့် မျှစ်မှလွဲ၍ တစ်နေကုန် မည်သည့်အစာမျှ စားမထားရခြင်း၊ ခရီးပန်းနေခြင်း၊ ခွန်အားယုတ်လျော့နေခြင်းကြောင့် ထိုကျားသစ်ကို အရှုံးပေးလိုက်ရလေ၏။
နောက်ဆုံးတွင် ကျားသစ်၏ ကုတ်ဖဲ့ကိုက်ဆွဲခြင်းကြောင့် မချိမဆံ့ နာကျင်ခြင်းများစွာ ခံစားရလေပြီးမှ လောကကြီးနှင့် အဆက်အသွယ် လုံးဝပြတ်သွား ရချေတော့သည်။
အံ့ဩစရာကောင်းသည်မှာ ကျွန်တော်သည် လေတွင် မြောက်တက်သွားမတတ် ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားလေ၏။ ထူးဆန်းလိုက်တာ … ကြည့်စမ်း။
လင်းမြင့်လှိုင်က သေနတ်ကိုင်၍ ကြောင်ငေးရပ်နေဆဲ ကျားသစ်ကောင်သည် ကျွန်တော်၏ ခန္ဓာကိုယ်အား ကိုက်ခဲဆွဲဖဲ့နေဆဲ။ သည့်အတွက် ကျွန်တော် မည်သို့မျှ မခံစားရလေတော့။ သို့ဖြစ်၍ ငေးကြောင်ရပ်နေသည့် လင်းမြင့်လှိုင်ကို ပခုံးပုတ်၍
“လာဗျို့ … သွားကြမယ်”
ဆိုကာ ရှေ့မှ ဦးဆောင်သွားလိုက်သည်။
စခန်းသို့ ရောက်သည့်အခါ စောအာဝါးတစ်ယောက် မီးပုံနံဘေးတွင် စွန်ရဲတစ်ကောင်နှင့် မြွေကြီးကို မီးကင်နေ၏။ သို့ကြောင့် ဘာမှ မပြောတော့ဘဲ စခန်းတဲပေါ် လှမ်းတက်မည်အပြုတွင် အံ့ဩဖွယ်မြင် ကွင်းတစ်ခု တွေ့လိုက်ရ၏။
အခြားမဟုတ် ကျားသစ်ကိုက်ခဲနေသည့် ကျွန်တော်၏ ခန္ဓာကိုယ်သည် စခန်းတဲပေါ်တွင် ဘယ့်တွက် ကြို၍ ရောက်နေရပါသနည်း။ အံ့ဩမိစွာဖြင့် ငေးကြောင်ကြည့်နေဆဲ လင်းမြင့်လှိုင်သည် ကျွန်တော်၏ ခန္ဓာကိုယ်ကြီးကိုကိုင်၍ အတင်းဆွဲခါ လှုပ်ယမ်းလိုက်သဖြင့် ကျွန်တော်သည် ဘယ်လိုဖြစ်မှန်းမသိ။ ရပ်နေရာမှ ခန္ဓာကိုယ်ကြီးပေါ်သို့ လဲကျသွားတော့၏။
“ကိုပိုက် … ကိုပိုက် … ထ … ထ”
လင်းမြင့်လှိုင်၏ လှုပ်နှိုးမှုကြောင့် အိပ်ရာမှ နိုးထလာခဲ့၏။
“ကိုပိုက် … ခင်ဗျား ဘာတွေအိပ်မက်ပြီး ယောင်အော်နေရတာလဲ”
“ဗျာ”
“ဟုတ်တယ်လေ၊ ကျွန်တော် ကောင်းကောင်းကို မအိပ်ရသေးဘူး။ တစ်ခါတည်း လူးလှိမ့်နေရင်း တအီးအီး … တအားအားနဲ့ အော်နေတော့တာပဲဗျာ။
ကဲပါ … ထ … ဟိုမယ် စွန်ရဲမီးကင်ပြီးပြီ။ သွားစားကြမယ်။ တစ်နေ့လုံး မျှစ်လေးကလွဲလို့ ဘာမှ မစားရသေးဘူး မဟုတ်လား”
သည်တော့မှ ကျွန်တော် သဘောပေါက်နားလည်သွားချေပြီ။ ကျွန်တော် အိပ်မက်ဆိုးမက်နေခြင်းသာ ဖြစ်သည်။
တော်ပါသေးရဲ့. . . ။
(မှုခင်းရှုထောင့်မဂ္ဂဇင်း၊ ဩဂုတ်လ၊ ၂ဝဝဝ ခုနှစ်)
– ပြီး –
စာရေးသူ – ကိုပိုက်
စာစီစာရိုက် – မုဆိုးတံငါစာပေများ
မုဆိုးတံငါစာပေများပေ့ချ်မှကူးယူဖော်ပြသည်