ခင်မောင်အေး (မန္တလေး)
ပေါက်ကွဲသံစဉ်

အလင်္ကာဝတ်ရည်ဂျာနယ်တိုက်သို့ စာမူပေးပို့ရန်အသွား သုံးဆယ့်ကိုးလမ်းအတွင်း ‘ဆုံရပ်’ လက်ဖက်ရည်ဆိုင်အနီးသို့ အရောက်မှာ စားပွဲဝိုင်းတစ်ခုတွင် လက်ဖက်ရည်သောက်နေကြသော လူလေးယောက်ကို မြင်ရသည်။

တစ်ဦးက အလင်္ကာဝတ်ရည်ဂျာနယ်တာဝန်ခံအယ်ဒီတာ မောင်ယဉ်မှူး၊ တစ်ဦးက ရုံးအဖွဲ့တာဝန်ခံ ကဗျာဆရာ မောင်ကြင်နွယ်နှင့် ကျန်နှစ်ဦးကိုမူ ကျွန်တော် မသိ။

မောင်ယဉ်မှူးက လှမ်းခေါ်၍ သူတို့ဝိုင်းသို့ ဝင်ထိုင်လိုက်ရသည်။ လက်ဖက်ရည်ဆိုင်က လမ်းဘေးယာဉ် ရပ်နားရာ ယာဉ်များကြားမှာ စားပွဲကလေးများ ချထားပြီး ပလတ်စတစ်ခုံပုကလေးများဖြင့် ထိုင်ရခြင်းဖြစ်သည်။

ကျွန်တော်သောက်လေ့ရှိသည့် ပေါ့ဆိမ့်ရှယ်တစ်ခွက် မှာလိုက်ပြီးနောက် သူစိမ်းနှစ်ဦးအား စူးစမ်းသောအကြည့်ဖြင့် ကျွန်တော် ကြည့်လိုက်မိ၏။ တစ်ဦးကို ကျွန်တော် မှတ်မိသလိုလို မမှတ်မိသလိုလို ဖြစ်နေသည်။

“ဆရာ ကျွန်တော့်ကို မမှတ်မိဘူးထင်တယ်။ သင်တန်းအမှတ်စဉ် (၁၇) တက်ခဲ့တဲ့ စိန်ဝင်းပါ”

တစ်ဦးက ကျွန်တော့်အား နှုတ်ဆက်သည်။

ဟုတ်ပြီ။ ကျွန်တော် မှတ်မိသွားသည်။ ဗထူးတပ်မြို့၊ စစ်ကျောင်းကြီးတစ်ခုတွင် ကျွန်တော် နည်းပြမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့စဉ် သင်တန်းအမှတ်စဉ်(၁၇)သို့ တက်ရောက်ခဲ့သည့် ဒုတိယဗိုလ်မှူးကြီးစိန်ဝင်း။

“ဟာ မှတ်မိတာပေါ့ ကိုစိန်ဝင်းရာ။ ဒါနဲ့ ခု ဘယ်မှာလဲ၊ ဘာလာလုပ်လဲ။ ကိုယဉ်မှူးတို့နဲ့ ဘယ်လိုတွေ့တာလဲ“

ကျွန်တော် မေးခွန်းပေါင်းများစွာ မေးလိုက်မိသည်။ ပေါ့ဆိမ့်ရှယ်လက်ဖက်ရည်တစ်ခွက် လာချ၍ တစ်ငုံသောက်လိုက်ပြီး ကိုစိန်ဝင်း၏ အဖြေစကားများကို ငံ့လင့်နေမိ၏။

“ကျွန်တော် အငြိမ်းစားယူလိုက်တယ်ဆရာ။ Medical Board နဲ့ ထွက်ခွင့်ရပါတယ်။ အခု အပြင်အလုပ်တစ်ခု လုပ်နေပါတယ်။ သုဝဏ္ဏ ဆောက်လုပ်ရေးလုပ်ငန်းမှာပါ။ ကိုယဉ်မှူးတို့နဲ့က အရင်ကတည်းက ခင်မင်ခဲ့ကြလို့ ရန်ကုန်ရောက်တုန်း လာတွေ့တာပါ။

ဆရာလည်း အငြိမ်းစားယူပြီး စာတွေရေးနေတာ သိရတယ်။ ဆရာ့စာတွေလည်း မဂ္ဂဇင်း စာစောင်တွေမှာ ဖတ်ရပါတယ်။ ဆရာရေးတာ ဂမ္ဘီရများတယ်နော်။ ဂမ္ဘီရဆိုလို့ သထုံဘက်မှာ ကျွန်တော်ကြုံခဲ့တဲ့ အတွေ့အကြုံတစ်ခု ပြောရအုံးမယ်။ ဆရာ အချိန်ရလား မသိဘူး”

ဟု ကိုစိန်ဝင်းက မေးသည်။

ကိုစိန်ဝင်းကို စောစောက တွေ့ခါစမှာ ကျွန်တော် မမှတ်မိသလိုလို၊ မှတ်မိသလိုလို ဖြစ်ခဲ့ရ၏။ ကိုစိန်ဝင်းက အရပ်အမောင်း ကောင်းကောင်း၊ အသားဖြူဖြူ၊ ခန္ဓာကိုယ် ကြံ့ကြံ့ခိုင်ခိုင်၊ ယောက်ျားပီသသော မျက်နှာ၊ ဆံပင်ထူထူ ပုံပန်းကျကျ ဖြီးသင်ထားလေ့ရှိသည်။ စကားပြောလျှင် ပြုံးပြုံး ပြုံးပြုံးနှင့် စိတ်ဝင်စားအောင် ပြောတတ်သည်။

ယခု ကိုစိန်ဝင်းကို တွေ့စက တစ်ခုခု လွဲမှားနေသည် ဟုထင်သည်။ ထူသော ပုံပန်းကျသော ဆံပင်များ မရှိတော့။ နားသယ်စနှစ်ဖက်တွင်သာ ဆံပင်ပါးပါးကျန်သည်။ နောက်စေ့အထိ ကျဲပါးပါးဆံပင်ရှိပြီး ထိပ်ပြောင်နေချေပြီ။ ဆံပင် လုံးဝမပေါက်ခဲ့သော ဦးခေါင်းတစ်ခုအလား ထိပ်ပြောင် ဖြစ်နေသည်။ ထို့ ကြောင့် ကျွန်တော် မမှတ်မိခြင်း ဖြစ်ပါသည်။

“ကျွန်တော် အချိန်ရပါတယ် ကိုစိန်ဝင်းရာ။ ကျွန်တော်က စာရေးတာကလွဲပြီး ဘာအလုပ်မှ မရှိဘူးလေ။ ဒါနဲ့ ကိုစိန်ဝင်းကို တွေ့ခါစက ဗြုန်းခနဲ မမှတ်မိတာ စိတ်မရှိနဲ့နော်။ အဲ … ကိုစိန်ဝင်း ဆံပင် … အဲ … ဆံပင်တွေ မရှိတော့လို့ ရုပ်ကလည်း ပြောင်းသွားသလားလို့”

“ဟုတ်ပါတယ် ဆရာ၊ ကျွန်တော်တို့ သင်တန်းလာတက်တုန်းက ဆရာ တွေ့သားပဲ။ ဆံပင်သန်တယ်။ ကျွန်တော်က ကေကို အမြဲသနေတာ။ အခု ဆရာ့ကို ပြောပြချင်တဲ့အကြောင်းက အဲဒီဆံပင်အကြောင်း လည်း ပါတယ်လေ၊ ဟဲ… ဟဲ”

ကိုစိန်ဝင်းက လေပြေထိုးသည်။

ယင်းနေ့ က ဆုံရပ်တွင် လက်ဖက်ရည်သောက်ကြ ရင်း ကိုစိန်ဝင်း ပြောပြခဲ့သည့် ဖြစ်ရပ်ဖြစ်စဉ်များကား။

xxx xxx xxx

အမှတ် (၁) တပ်မတော်ဆေးရုံကြီးမှ သေနတ်ဒဏ်ရာ (Gunshot) သက်သာပျောက်ကင်းလျက် ဆေးခုံရုံးမှ နုတ်ထွက်ခွင့်စောင့်ဆိုင်းရင်း ကိုစိန်ဝင်းသည် သထုံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

နယ်မြေရှိ တပ်ရင်းတွင် ပြန်လည်သတင်းပို့ပြီး ဆေးနားခွင့် သုံးလအတွင်း မိမိအိမ်တွင်ပင် အနားယူလျက်ရှိနေစဉ်အတွင်း သဲဖြူရွာမှ သူငယ်ချင်း မုဆိုးစိန်မောင် ကိုစိန်ဝင်းအိမ်သို့ ရောက်လာသည်။

အနောက်တောဘက်၌ အမဲပစ်ရန် တပ်တွင်းမှ အပေါင်းအသင်းများကို လာရောက်ခေါ်ငင်ခြင်းဖြစ်၏။

မုဆိုးစိန်မောင်က သဲဖြူတွင် နေထိုင်သည်။ ပြောင်းအရှည် ၂၀ လက်မ နှစ်လုံးပြူးသေနတ်တစ်လက်နှင့် တောလည်နေသည်မှာ ကြာလှပြီ။ အမဲရလျှင် သထုံသို့ တက်ရောင်းသည်။ မုဆိုးနောက်လိုက် မခေါ်။ တစ်ကိုယ်တော်မုဆိုး ဖြစ်သည်။

ယခု သူငယ်ချင်းကိုစိန်ဝင်းတစ်ယောက် ဆေးခုံရုံးဖြင့် တပ်မတော်မှ ထွက်ခွင့်စောင့်ဆိုင်းနေစဉ်အတွင်း သူငယ်ချင်းများ ပြန်လည်ဆုံတွေ့ရန်နှင့် စိတ်ပြေလက်ပျောက် ဖြစ်စေရန် လာရောက်ခေါ်ဆောင်ခြင်းဖြစ်သည်။

တပ်ရင်းမှာကလည်း မုဆိုးစိန်မောင်တို့နှင့်အတူ တောလည်ဖက် သေနတ်ပြင်တပ်ကြပ်ကြီး မောင်မြင့်၊ ဌာနချုပ်တပ်ခွဲမှ တပ်ခွဲတပ်ထောက် လှဘော်တို့လည်း ရှိသည်။
စင်စစ် ကိုစိန်ဝင်းက မုဆိုးဝါသနာပါသူ မဟုတ်ပေ။ မုဆိုးစိန်မောင်တို့ကလည်း သိနေသည်။ သို့ပင်ဖြစ်စေကာမူ သူငယ်ချင်း ဆေးအဆင့်(ဂ)ဖြင့် တပ်မှနုတ်ထွက်ရတော့မည့် အချိန်မှာ စိတ်လက်ပြေရာပြေကြောင်း လာရောက်အားပေးနှစ်သိမ့်ခြင်းလည်း ဖြစ်သည်။

ကိုစိန်ဝင်းကလည်း မငြင်းမဆန်ဘဲ မုဆိုးစိန်မောင်တို့နှင့်အတူ သဲဖြူသို့ လိုက်ပါသွားခဲ့သည်။ တပ်ကြပ်ကြီးမောင်မြင့်နှင့် ခွဲထောက် လှဘော်တို့ကလည်း သူတို့ဆရာသမားအား အားပေးနှစ်သိမ့် ခေါ်ဆောင်ခဲ့ကြ၏။

ကိုစိန်ဝင်း ကိုင်ရန် တစ်လုံးထိုး မော်ဇာတစ်လက်ပါ ယူဆောင်လာခဲ့သည်။ တစ်လုံးထိုး မော်ဇာသေနတ်က ကျည်ငါးတောင့် ဆံ့သည်။ ပြောင်းအောက်တွင် မောင်းထိုးမေးဆွဲ မောင်းတင်ပြီး တစ်တောင့်ချင်း ပစ်၍ ရသည်။

ကျည်မ ကိုးလုံး၊ ခြောက်လုံးကျည်များ အသုံးပြုနိုင် သည်။ သမင်၊ ဒရယ်၊ ချေ(ဂျီ)ငယ်၊ ဆတ် စသည့် တောကောင်များပစ်ရန် ဖြစ်သည်။

အမှန်က မုဆိုးစိန်မောင်၊ တပ်ကြပ်ကြီးမောင်မြင့်တို့လို မုဆိုးဝါရင့်ကြီးတွေ ပါနေသဖြင့် ကိုစိန်ဝင်းက အပျော်လိုက်ပါခြင်း ဖြစ်သည်။

သထုံမြို့မှ သဲဖြူသို့ ဆယ့်တစ်မိုင်ခန့် ကွာလှမ်းသည်။ သဲဖြူရွာ မြောက်ဘက် အနောက်တောကရွာနှင့် လေးမိုင်ကျော် ဝေးသည်။ ရိုးမအခြေသို့ ကပ်နေသည်မို့ ဆတ်လို အမဲမျိုး၊ တောဝက်လို သားကောင်ကြီးမျိုး ပေါများခြင်းဖြစ်သည်။

အမဲငယ်များကား စုံမြိုင်ဂနိုင်အတွင်း ကျင်လည်လှုပ်ရှားကျက်စားခြင်း မရှိတတ်။ လူတို့ စိုက်ပျိုးထားသည့် ပဲ၊ နှမ်း၊ ကန်စွန်း၊ ပြောင်းစသည့် သီးနှံများကိုသာ စားတတ်သည်။

စားပင်သီးပင်များဖြစ်သော သစ်ဆိမ့်၊ စင်ပြွမ်း၊ ဆီးဖြူ၊ ဖန်ခါး စသော သင်းတို့နှစ်သက်သည့် သီးပင်စားပင်များတွင်သာ လှည့်လည်ရှာဖွေစားသောက်တတ်ကြသည်။

သထုံမှ ကိုစိန်ဝင်းတို့အဖွဲ့ လမ်းမတော် လမ်းမတန်းတွင် မီနီမားကက်ဖွင့်ထားသော သူငယ်ချင်း တင်မြင့်၏ ရှမ်းစတားဂျစ်ကားဖြင့် သဲဖြူသို့ ထွက်ခဲ့ကြ၏။ နံနက်စောစောမို့ နံနက်စာပင် သူတို့ မစားခဲ့ကြ။ သဲဖြူရွာသို့ ရောက်တော့မှပင် ကောက်ညှင်းပေါင်းနှင့် ဆတ်သားခြောက်ဖုတ်၊ ငါးရံ့ခြောက်ထောင်းကြော်၊ အကြော်စုံတို့ဖြင့် ဧည့်ခံမည်ဟု မုဆိုးစိန်မောင်က ကြိုပြောထားသည်။

သဲဖြူသို့ နံနက် ၈:ဝဝ နာရီမထိုးသေးမီမှာ သူတို့ ရောက်သွားကြ၏။ အနောက်တော လေးမိုင်ခရီးအတွက် မုဆိုးစိန်မောင်က လှည်းနှစ်စီးပင် စီစဉ်ထားပြီးပြီ။

သဲဖြူရွာလယ်ရှိ မုဆိုး စိန်မောင်တို့အိမ်သို့ ရောက်တော့ အိမ်ရှင်မက နံနက်ခင်းစာ အသင့် စီစဉ်ထားသည်။

ခရီးရောက်မဆိုက် ကိုစိန်ဝင်းတို့တစ်တွေ ကောက်ညှင်းပေါင်းပူပူနွေးနွေး၊ ဆတ်သားခြောက်ဖုတ် ပဲဆီဆမ်း၊ ငါးရံ့ခြောက်ထောင်းကြော်နှင့် အကြော်စုံတို့ကို အားရပါးရ စားသောက်ကြသည်။

မုဆိုးစိန်မောင်၊ ကိုစိန်ဝင်းနှင့် ကိုတင်မြင့်တို့က ကျောင်းနေဖက်သူငယ်ချင်းများ ဖြစ်၏။ သထုံဇာတိ ကိုတင်မြင့်နှင့် မုဆိုးစိန်မောင်တို့က သထုံမြို့ပေါ်နှင့် သဲဖြူရွာတွင် အခြေချနေထိုင်ကြသည်။

ကိုစိန်ဝင်းကမူ တပ်မတော်(ကြည်း) သို့ ဝင်ရောက်လျက် စစ်မှုထမ်းသည်။ ကိုစိန်ဝင်းသည် ဆေးခုံရုံးဖြင့် ဆေးအဆင့်(ဂ)သို့ လျှော့ချခံရပြီး နုတ်ထွက်ခွင့်ရသည့်အချိန်မတိုင်မီ သထုံမြို့နယ်မြေခံတပ်ရင်းတွင်ပင် တာဝန်ထမ်းဆောင်ခဲ့ရသည်။

မုဆိုးစိန်မောင်တို့ဘဇနီးမောင်နှံ ဧည့်ဝတ်ပျူငှာကျေပွန်စွာဖြင့် တည်ခင်းဧည့်ခံသော နံနက်ခင်းစာကို စားသောက်ကြပြီးနောက် မုဆိုးစိန်မောင်က သူ့အစီအစဉ်ကို ပြောပြသည်။

အနောက်တောသို့ လှည်းဖြင့် ထွက်ကြမည်။ လှည်းများကို အပတောသစ်ခုတ်စခန်းတွင် စောင့်ဆိုင်းနေစေပြီး မုဆိုးအဖွဲ့နှင့် သစ်ခုတ်စခန်းမှ တောမောင်းသမားများ စုစည်းလျက် တောမောင်းကြဖို့ ဖြစ်သည်။ အဆင်သင့်လျှင် တောင်ပေါ်မှ ဆင်းလာတတ်သည့် ဆတ်ကိုပင် ပစ်ခွင့်ကြုံနိုင်သည်ဟု မုဆိုးစိန်မောင်က ဆိုသည်။

ချေ(ဂျီ)နှင့် တောဝက်ကတော့ နှမ်းတွေလည်း ပွင့်နေချိန်၊ စပါးကလည်း မှည့်ချိန်မို့ အသေအချာ ပစ်ခွင့်ရချိမ့်မည်ဟု အာမခံသည်။

သစ်ခုတ်စခန်းသို့ သူတို့ရောက်ကြသည့်အခါ မုဆိုးစိန်မောင်၏ ဘော်ဒါစခန်းခေါင်းဆောင် သင်းထိန်တို့ လူစုပြီး ဖြစ်နေသည်။ အသားစို စားကြရမည်မို့ သစ်ခုတ်စခန်းများမှ လွှသမားများ တက်တက်ကြွကြွ ဖြစ်နေကြ၏။

မုဆိုးစိန်မောင်အဖွဲ့တွင် သေနတ်က ငါးလက်ပါသည်။ မုဆိုးစိန်မောင်က နှစ်ဆယ့်ရှစ်လက်မ ပြောင်းအရှည် နှစ်လုံးပြူး၊ ကိုစိန်ဝင်းက အောက်မေးဆွဲ တစ်လုံးပြူး၊ တပ်ကြပ်ကြီးမောင်မြင့်က ၃ဝ ဒသမ ဝ၆ ဝင်ချက်စတာ အမဲပစ်ရိုင်ဖယ်၊ ခွဲထောက်လှဘော်က ဂျီသရီးရိုင်ဖယ်နှင့် ကိုတင်မြင့်က ဒသမ ၃၇၅ မက်ဂနမ်ရိုင်ဖယ် အသီးသီး ကိုင်ဆောင်လာကြသည်။

“သေနတ်ငါးလက်တောင် လေးတွေမှာ ဆီးထားမှာဆိုတော့ အမဲတွေ ဘယ်ပြေးလွတ်တော့မှာလဲ။ တောမောင်းမယ့်လူတွေ ဖိဖိစီးစီးသာ မောင်းကြ။ သားကောင်လှန်ထွက်မသွားစေနဲ့”

တောခြောက်မည့်သူအချင်းချင်း မှာကြားနေကြ၏။

“မနေ့ကမနက်တင် မြောက်ဘက် စမ်းပေါက်နားမှာ တောကောင်ခြေရာ တွေ့ခဲ့သေးတယ်။ မွစာကို ကြဲနေတာပဲဗျာ“

လွှသမားတစ်ယောက်က ပြောသည်။

“တောမောင်းတဲ့လူတွေနဲ့ သေနတ်တစ်လက် ထည့်ပေးလိုက်ရင် ကောင်းမလားလို့။ မတော် လှန်ထွက်သွားရင် လွတ်မသွားအောင်လို့”

တစ်ယောက်က အကြံပြုသည်။

သည်လူတွေက အတွေ့အကြုံရှိပြီးသူများပင်။
မုဆိုး စိန်မောင်နှင့်အဖွဲ့ အနောက်တောဘက်သို့ ရံဖန် ရံခါရောက်၍ တောလည်ကြသည့်အခါ သူတို့ပါဝင်ဆင်နွှဲခဲ့ရဖူးသည်။ ထို့ကြောင့် အထာကိုသိပြီး ဝင်ရောက်အကြံပြုခြင်း ဖြစ်၏။

“အင်းလေ … သားကောင်လှန်ရင်ပဲ ဖြစ်ဖြစ်၊ တောဝက်အုပ်နဲ့တိုးလို့ပဲ ဖြစ်ဖြစ် မလွတ်အောင်၊ နောက်ပြီး တောမောင်းသမားတွေအတွက် အကာအကွယ်ရအောင် ဆရာလှဘော်ကို ထည့်ပေးမယ်။ ဂျီသရီးပါတော့ ခင်ဗျားတို့ အားရှိပြီပေါ့ မဟုတ်ဘူးလား”

မုဆိုးစိန်မောင်ကပြောတော့ တောခြောက်သမားများ ကျေနပ်စွာ ဟေးခနဲအသံထွက်လာသည်။

မုဆိုးစိန်မောင်က လေးစောင့်မည့် သေနတ်သမားများအား စတင်နေရာချသည်။ တောမောင်းမည့်အဖွဲ့အား သစ်ခုတ်စခန်းမှ သင်းထိန်ခေါင်းဆောင်၍ လျှိုအရင်းသို့ စေလွှတ်လိုက်သည်။ တောမောင်းသမားများက လျှိုအဝမှ မြောက်ဘက်သို့လှန်၍ တောခြောက်လာကြရန် ဖြစ်၏။

လေးစောင့်မည့် သေနတ်သမားများ နေရာချထားပြီးလျှင် လက်ခေါက်မှုတ်လိုက်မည်။ လက်ခေါက်မှုတ်သံ ရွှီခနဲကြားလျှင် တောစမောင်းပေတော့လို့ မှာလိုက်၏။

တောခြောက်မည့် လွှသမားများ လျှိုအဝသို့ ဆင်းသွားကြချိန်မှာ မုဆိုးစိန်မောင်က လေးအသီးသီးတွင်စောင့်မည့် သေနတ်သမားများကို နေရာချသည်။

အနောက်တောတွင် သည်ဆတ်သေရိုးမှာ တောဝက်များ ကျက်စားတာများသည်။ သဖန်းပင်များရှိသဖြင့် သဖန်းသီးများ မှည့်ချိန် ဝက်အုပ်က သည်လျှိုတွင်းမှာ နေကုန်နေခန်း ခိုနေပြီး သဖန်းသီးများကို တဖြောက်ဖြောက် ဝါးနေတတ်သည်။

ကနစိုးပင်များ သီးမှည့်ချိန်ဆိုလျှင်လည်း အချိုကဲလှသည့် ကနစိုးသီးများကို သားကောင်ငယ်ကလေးများ တိုးဝှေ့စားတတ်ကြသည်။

ဝက်အုပ်နှင့် တိုးမိကောင်း တိုးနိုင်သည်မို့ သေနတ်ပြင်တပ်ကြပ်ကြီးမောင်မြင့်ကို ဦးစွာ နေရာချသည်။ တောမောင်း၍ သားကောင် စထွက်လျှင် စထွက်ချင်း ဆရာကြီးမောင်မြင့်နှင့် တိုးမိနိုင်သည်။ ဆရာကြီးမောင်မြင့်သေနတ်က ၃ဝ ဒသမ ဝ၆ ဝင်ချက်စတာအမဲပစ်ရိုင်ဖယ်မို့ တောဝက်လို သားကောင်မျိုးကို ပိုင်ပိုင်နိုင်နိုင် ပစ်ခတ်သုတ်သင်နိုင်သည်။

နောက် သေနတ်တစ်လက်ကတော့ ကိုတင်မြင့်။ ကိုတင်မြင့်ကလည်း ဒသမ ၃၇၅ မက်ဂနမ်ရိုင်ဖယ်။ ယမ်းအားပြင်းပြီး ဖောက်ထွင်းအားကောင်းသည်။

ကိုတင်မြင့်အား ကိုစိန်ဝင်းက –

“ခင်ဗျားသေနတ်က ၃၇၅ (Three Seven Five) ကြီး၊ သတ္တဝါနဲ့ လက်နက် မျှပါ့မလား ကိုတင်မြင့်ရာ”

ဆိုတော့ “ပေါက်ကွဲသံစဉ် လိုချင်လို့ပါ ကိုစိန်ဝင်းရာ” လို့ ဖြေသည်။

သူပိုင်ဆိုင်သော မြင့်မိုးအောင် မီနီမားကက်က ရောင်းအားကောင်းပြီး စီးပွားရေး အကွက်အကွင်းမိသွားသဖြင့် အရမ်းအောင်မြင်နေသည်။ ငွေပေါသဖြင့် ယခုလို ရံဖန်ရံခါ သူငယ်ချင်းတွေနှင့် လွတ်လွတ်လပ်လပ် တောလိုက်ထွက်ပြီး သူ့သေနတ်ကြီးကို ပြောင်းဆေးခြင်းဖြစ်သည်။

ယုန်ကလေးတွေ့လျှင်လည်း ပစ်၊ ဂျီ ကလေးတွေ့လည်း ပစ်ပြီး “ပေါက်ကွဲသံစဉ် လိုချင်လို့ပါ” ဟု ကြွေးကြော်တတ်သည်။

နောက် တစ်လက်ကတော့ ကိုစိန်ဝင်း။

ကိုစိန်ဝင်းက အောက်မေးဆွဲတစ်လုံးထိုး သေနတ်မို့ သားကောင်ငယ်များအား ကောင်းစွာ ပစ်ခတ်နိုင်သည်။ သေနတ်ကြီးနှစ်လက် ခံထားသဖြင့် အန္တရာယ်လည်း ကင်းသည်။ နောက်ဆုံး လျှိုအဖျားကလေးမှာ မုဆိုးစိန်မောင် စောင့်သည်။ သားကောင်တွေ လွန်ထွက်မသွားနိုင်အောင် ပိတ်ထားသည့်နှယ်ပင်။

သေနတ်ကိုင်မုဆိုးများ မိမိနေရာများတွင် အသီးသီးနေရာယူပြီးချိန်တွင် မုဆိုးစိန်မောင်က မြရာပင် တစ်ပင်၏နောက်တွင် နေရာယူလျက် ရွှီခနဲ လက်ခေါက်တစ်ချက် မှုတ်လိုက်သည်။

မုဆိုးစိန်မောင်၏ လက်ခေါက်မှုတ်သံသည် လျှိုဝ သို့တိုင် စူးရှစွာ လွင့်ပျံ့သွားသည်။

ခဏအကြာတွင် တောမောင်းသမားတို့က ချုံများ၊ သစ်ပင်ပုကလေးများကို တဗုန်းဗုန်း ရိုက်ပုတ်လျက် “ဟေးခနဲ … ဟေးခနဲ” ကျယ်ကျယ်လောင်လောင် အော်ဟစ်၍ တောမောင်းလာသည်။

“ဟေးခနဲ … ဟေးခနဲ” ဟစ်အော်လာသော တောခြောက်သမားတို့၏ အသံများနှင့် တဗုန်းဗုန်း ရိုက်ပုတ်လာသောအသံတို့က တောအလုံးကို လှုပ်နိုးလိုက်သည့်အလားပင်။

“ဝှီးခနဲ … ဝှီးခနဲ” တဖြန်းဖြန်း တောင်ပံခတ်ရင်း အလန့်တကြား ပျံသန်းလာကြသော တောကြက် တောငှက်များက သေနတ်သမားမုဆိုးများ၏ ဦးခေါင်းထက်မှ ဖြတ်ကျော်သွားကြသည်။

ခပ်စောစောက အသက်အသံ တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည့် အနောက်တောသည် ယခု ဝုန်းဒိုင်းကြဲကာ ညံစီနေချေပြီ။ အသံတွေက တစ်စထက်တစ်စ နီးလာသည်။

သေနတ်သမားတို့က မျက်လုံးအစုံကိုပြူးလျက် ထွက်ပေါ်လာမည့် တောကောင်များကို ငံ့လင့်စောင့်စားနေကြ၏။ ခဏအကြာတွင် တောခြောက်သမားများဘက်မှ ဆူသံညံသံများ ပေါ်ထွက်လာသည်။

“ဝက်အုပ် … ဝက်အုပ်”

“သတိထား … သတိထား”

“ဟေး … ဟေး”

“ဟေး … ဟေး … လိုက်ဟ … လိုက်ဟ … လှန်သွားပြီ”

“အရှေ့ဘက်ကို လှန်သွားပြီ … လှန်သွားပြီ၊ ဝက်သားကလေးတွေလည်း ပါတယ်။ မောင်းကြဟေ့ … မောင်းကြ”

အသံတွေကြားနေရာမှ ဒိုင်းခနဲ … ဒိုင်းခနဲ ဂျီသရီးရိုင်ဖယ်သေနတ်သံ တစ်ချက် နှစ်ချက် ကြားလိုက်ရ၏။ ပြီးနောက် အသံဗလံများ တိတ်ဆိတ်သွား၏။

အတော်ကြာမှပင် တောဆက်မောင်းလာသံများ ပေါ်ထွက်လာပြန်သည်။ တောမောင်းသော လွှသမားများအကြားမှ လှန်ထွက်သွားသောတောဝက်အုပ်က ခွဲထောက် လှဘော်နှင့်တိုးပြီး ပစ်လိုက်ရခြင်းဖြစ်နိုင်သည်။
လျှိုအဖျားသို့တိုင် တောခြောက်လာရမည်မို့ နောက်ဆုံးလေးတွင်စောင့်နေသည့် မုဆိုးစိန်မောင်ထံသို့ တောခြောက်သမားများ ရောက်လာမှပင် တစ်ချီတစ်မောင်း နားကြရမည် ဖြစ်ပေသည်။

“ဟေး… ဟေး… ဟေး”

တောမောင်းသံများ ပြန်လည်ကြားရပြန်သည်။ “ဗုန်းခနဲ … ဗိုင်းခနဲ” ချုံနွယ်ပိတ်ပေါင်းများအား ရိုက်ပုတ်သံနှင့် “လိုက်ဟ … လိုက်ဟ” ဟူသော အော်ဟစ်သံများကိုလည်း ကြားလာရပြန်သည်။

လျှိုအနိမ့်ထဲသို့ ဆင်းသွားသည့်အခါ တောခြောက်သံများ ဝေးသွားသလို ထင်ရသည်။ လျိုပေါ်သို့ တောသမားများ တက်လာသည့်အခါ နီးသွားသလိုဖြစ်သည်။ ထို့ကြောင့် တောမောင်းသမားတို့၏ အသံများ နီးလာလိုက် ဝေးသွားလိုက် ဖြစ်နေသည်။

တောခြောက်သမားများ တပ်ကြပ်ကြီး မောင်မြင့်ရှေ့မှ တဟေးဟေးဟစ်အော်ရင်း ချုံများကို တဗုန်းဗုန်းပုတ်ခတ်ရင်း ဖြတ်ကျော်သွားကြ၏။

ဆက်လက်ပြီး ကိုတင်မြင့်ရှေ့မှ ဖြတ်ကျော်သွားကြပြန်သည်။

ယုန်ကလေး တစ်ကောင်နှင့် ရစ်တစ်စုံမှလွဲ၍ မည်သည့် သားကောင်မျှ ပြေးထွက်မလာချေ။

မုဆိုး စိန်မောင် အဆိုအရမူ အနောက်တောမှာ ယခု အချိန်ရာသီက သားကောင်အပျော်ဆုံးရာသီ။ ယခု တစ်ကောင်တစ်မြီးမျှ မမြင်ရသေး။

လွှသမားတစ်ဦးသာ တစ်တောင်သာသာလောက်ရှိမည့် တောဝက်ပေါက်စကလေးတစ်ကောင်ကို ကျောပိုး၍ ထမ်းလာသည်။

ခွဲထောက်လှဘော် ဂျီသရီးနှင့် ပစ်လိုက်သော ဝက်အုပ်တွင်းမှ ဝက်သားလေးဖြစ်၏။

လွှသမားများ အမဲမရသေး၍ ဟေးဟစ်သံပင် ခပ်စောစောတုန်းကကဲ့သို့ ကျယ်လောင်ခြင်း မရှိချေတော့။

သို့စေကာမူ လျှိုအစရှိ မုဆိုးစိန်မောင် စောင့်နေသော လေးအထိ သူတို့ တောမောင်းရဦးမည်မို့ “ဟေးခနဲ … ဟေးခနဲ” အော်ဟစ်သွားကြ၏။ ချုံနွယ်များ၊ သစ်ကိုင်းများကိုလည်း ဗြုန်းဗြုန်းဗြင်းဗြင်း မြည်အောင် တုတ်နှင့်ရိုက်ပုတ်သွားကြ၏။

“ဖြောခနဲ … ဖြောခနဲ” တောတိုးထွက်လာသံကို ကြားလိုက်ရသည့် ကိုစိန်ဝင်းက မိမိကိုယ်ကို ကွယ်၍ စောင့်ဆိုင်းနေရာ ဒဟတ်ပင်နောက်မှ ကိုယ်တစ်ပိုင်းထွက်လျက် အသံကြားရာသို့ လှမ်းမျှော်ကြည့်လိုက်၏။

ကိုတင်မြင့်ရှေ့မှ ကျော်ဖြတ်လျက် တောမောင်းလာခဲ့သော လွှသမားများကိုမူ မတွေ့မြင်ရသေးချေ။ အသံများက တစ်စထက်တစ်စ နီးလာနေသည်။

ဖြောခနဲ ချုံတိုးသံတစ်ချက် ကြားလိုက်ရပြီးနောက်
ကိုစိန်ဝင်း၏ ရှေ့တူရူ သင်ပေါင်းချုံတစ်ခု ရှေ့သို့ နီညိုညို တောကောင်တစ်ကောင် ဘွားခနဲ ထွက်ပေါ်လာသည်။ တောကောင်သည် ဆတ်ဖားကြီးတစ်ကောင် ဖြစ်၏။ ဘာကိုမျှ အမှုမထားသလို တစ်လှမ်းချင်း လှမ်းထွက်လာသည်။

သင်ပေါင်းချုံတွင် နွယ်များ ရှုပ်ထွေးရစ်ပတ် တွဲခိုလျက်ရှိရာ ချုံနှင့် ခပ်ကွာကွာမှ ဦးခေါင်းကို တိမ်း၍ ယိမ်း၍ ထွက်လာခြင်းဖြစ်သည်။ ဆတ်ဖားကြီးကား မြင်းတစ်ကောင်နီးပါးမြင့်ပြီး နွားသိုးတစ်ကောင်လို ထွားကျိုင်းသည်။

တောခြောက်သမားများအသံက နီးလာသည်ဖြစ်ရာ အသံများလာရာဘက်သို့ ဦးခေါင်းကို စောင်းငဲ့၍ ဖျတ်ခနဲ တစ်ချက်ကြည့်လိုက်ပြီးနောက် အသံများနှင့် ဆန့်ကျင်ဘက်သို့ ထွက်ပြေးရန် ကိုယ်ကိုလှည့်လိုက်၏။

ကိုစိန်ဝင်း၏ရှေ့မှ ဆတ်ဖားကြီးသည် ဘေးတိုက်အနေအထား ဖြစ်သွားသည်။ အောက်မေးဆွဲတစ်လုံးထိုး သေနတ်ကို ဆတ်ဖားကြီးထွက်လာစဉ်က မောင်းတင်ရန် မဆွဲလိုက်မိသဖြင့် ကိုစိန်ဝင်းက သေနတ်မေးကိုဆွဲလျက် မောင်းတင်ကျည်ထိုးလိုက်သည့်ခဏ ဆတ်ဖားကြီးက အသံကြားသဖြင့် ခေါင်းကိုလှည့်ကြည့်လိုက်၏။ ဆတ်ဖားကြီး၏ လက်နောက်သို့ ချိန်လျက် မောင်းကို ဆွဲလိုက်၏။

တစ်လုံးထိုးသေနတ်ပြောင်းဝမှ ဒိုင်းခနဲ မီးပွင့်သွားပြီး ခြောက်လုံးကျည်မှ ခဲသီးသုံးလုံး စုပြုံလျက် ဆတ်ဖားကြီး၏ နှလုံးသို့ တိုက်ရိုက်ထိမှန်ကာ တောကောင်သည် ဝုန်းခနဲ လဲကျသွားသည်။

ခြေနှစ်ချောင်း လက်နှစ်ဖက်ဖြင့် တစ်ချက်နှစ်ချက် လေကို ကန်ကျောက်ကာ ငြိမ်သက်သွား၏။

သေနတ်သံကြားလိုက်ရသည့်အတွက် တောခြောက်သမားများ တစ်အားတက်သွားကာ ” ဟေးခနဲ … ဟေးခနဲ” တောမောင်းသံများ ပိုမိုကျယ်လောင်လာသည်။ သေနတ်သံကြားရလျှင် သားကောင်ပစ်ရပြီကို သိထားကြသည်လေ။

“လဲနေပြီ … အမဲ လဲနေပြီ အပေါင်းအသင်းတို့။ ဒီဘက်ကို လာကြဗျို့”

တောခြောက်အဖွဲ့ခေါင်းဆောင်သင်းထိန်က ရှေ့ဆုံးမှပေါ်လာပြီး ကိုစိန်ဝင်းပစ်၍ အမဲလဲသွားသည်ကို တွေ့မြင်သွားသဖြင့် သူ့အဖွဲ့ကို လှမ်းအော်သည်။ တစ်ခဏအကြာ တောမောင်းသမားများ ကိုစိန်ဝင်းရှေ့သို့ ရောက်ရှိစုဝေးလာကြ၏။ တောကောင်လည်း တစ်ကောင်မျှ ထွက်မလာတော့သဖြင့် မုဆိုးစိန်မောင်ပါ ကိုစိန်ဝင်းရှေ့သို့ ရောက်လာသည်။

“ဟာ … ကိုစိန်ဝင်းပစ်လှဲလိုက်တဲ့ ဆတ်က ဆတ်ချိုနုနဲ့ပါကလား။ ဆတ်ဖားကြီးဗျား … ချိုနုက ခုမှ ထွက်စပဲ ရှိသေးတာခင်ဗျ”

မုဆိုးစိန်မောင် ဝမ်းသာအားရစကား ဆိုသည်။

“ဟုတ်ပါရဲ့ … ကံကောင်းလိုက်တာဗျာ။ ဆတ်ချိုနုရော ဆတ်ဖားကြီးရော လှဲနိုင်တာ။ မုဆိုးကျော်ကြီးဖြစ်သွားပြီ ကိုစိန်ဝင်းရေ”

ကိုတင်မြင့်ကလည်း အားပါးတရ ထောက်ခံသည်။

“ကျွန်တော်တို့ တောလည်လာခဲ့တာ ငါးနှစ် ခြောက်နှစ်ရှိပြီ။ ဆတ်ပေါက်ကလေးပဲ လှဲနိုင်ခဲ့ဖူးတယ်။ ခုလိုအချိန်တစ်ရာလောက် ဆတ်ဖားကြီးမျိုး တစ်ခါမှ မပစ်ခဲ့ရဖူးဘူး။ ပြီးတော့ ဆတ်ချိုနုပါ ပါလာသေး။ လေးစားဂုဏ်ယူပါတယ် မှူးကြီးခင်ဗျား”

တပ်ကြပ်ကြီးမောင်မြင့်က လှိုက်လှဲစွာ ချီးကျူးသည်။
လွှသမားများ ဆတ်သားစိုစို အူပြည့်အောင် စားကြရပြီ။ လွှသမားတစ်ယောက်က ဆတ်ဖားကြီးထွက်လာရာ သင်ပေါင်းချုံအတွင်းမှ ဆတ်ဖားကြီး လဲထားခဲ့သော ခြောက်စထောင် ချိုဟောင်းတစ်ခု ကောက်တွေ့၍ မုဆိုးစိန်မောင်အား လာရောက်ပေးအပ်သည်။ ဆတ်ဖားကြီးက ချိုနလဲပြီးခါစမို့ တောတွင်း၌ ပြေးလွှားကျက်စားခြင်း မပြုနိုင်သေးဟု ယူဆရသည်။

ချိုနုနှင့် သစ်ပင်ချုံနွယ်များ မတိုးမိအောင် ဂရုတစိုက် ဖြည်းဖြည်းသာသာ လျှောက်လှမ်းသွားလာရင်း တောခြောက်သမားများ တောမောင်းသံ ကြားရသဖြင့် ခိုအောင်းနေရာမှ ထွက်အလာ ကိုစိန်ဝင်းရှေ့သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သဲဖြူရွာ မုဆိုးစိန်မောင်တို့ အိမ်ဝိုင်းအတွင်းမှာ ပျော်ရွှင်ကြည်နူးစရာ မီးပုံပွဲကလေး ကျင်းပသည်။ ဆတ်ဝမ်းတွင်းသားများကို ဆီနိုင်နိုင်နှင့် ဟင်းချက်သည်။ ဆတ်ပေါင် တစ်ပေါင်လုံး ကင်သည်။

တပ်ကြပ်ကြီးမောင်မြင့်၊ ခွဲထောက်လှဘော်နှင့် ကိုတင်မြင့်တို့အတွက် ဆတ်သားများ မုဆိုးစိန်မောင် အစီအစဉ်ဖြင့် ခွဲဝေပေးထားသည်။ လွှသမားများလည်း ဝေစုအသီးသီး ရကြပြီး ကျေကျေနပ်နပ် ကျန်နေရစ်
ကြပြီ။

ဆတ်ချိုနုက အသစ်ထွက်ခါစဖြစ်သဖြင့် သွေးခဲတုံးသဖွယ် ရှိနေသေးသည်။ အရင်းမှ တစ်ထွာကျော်ကျော်သာ ထွက်နေခြင်းဖြစ်သည်။

ဆေးရုံမှဆင်း၍ ကျန်းမာရေးအတွက် ဆေးနားခွင့်နှင့် အနားယူနေရသည့် ကိုစိန်ဝင်းအတွက် မည်သူကမျှ ဆတ်ချိုနုကို ခွဲဝေမယူကြ။ ဆတ်ချိုနုတစ်အုံလုံး ကိုစိန်ဝင်းသို့ ပေးလိုက်ကြလေသည်။

သထုံတွင် တပ်ရင်းမှ တပည့်ကလေးတစ်ယောက်နှင့်နေသော ကိုစိန်ဝင်းအား တပည့်တပ်သား သက်ထွန်းက ဆတ်ချိုနုချည်း ပါးပါးလှီး၍ စွပ်ပြုတ်ပြုတ်တိုက်သည်။ သူ့ဆရာ အားရှိအောင်ဖြစ်သည်။

ဆတ်ချိုနု မည်မျှ အစွမ်းထက်သည် မပြောတတ်နိုင်။ ရက်သတ္တတစ်ပတ်ကျော်လောက် ဆတ်ချိုနုစွပ်ပြုတ် သောက်ပြီးနောက် ကိုစိန်ဝင်းဆံပင်တွေ အထွေးလိုက် အထွေးလိုက် တစ်နေ့နည်းနည်း တစ်နေ့နည်းနည်းနှင့် ကျွတ်ကုန်ကာ ယခုကဲ့သို့ ထိပ်ပြောင်ဖြစ်သွားသည်ဟု ကိုစိန်ဝင်းက ပြောပြခဲ့ပါသည်။

xxx xxx xxx

“ဪ … ဒါထက်ဆရာရေ့၊ ဒီဆတ်ဖားကြီး ဒုက္ခပေးတာ ဒီလောက် မကသေးဘူး။ ကျွန်တော်တို့နဲ့အတူ တောလိုက်ဖို့ပါလာတဲ့ ကိုတင်မြင့်ကို ဆတ်ချိုကြီး ပေးလိုက်တယ်လေ။ ချိုက ခြောက်စထောင်၊ အပဲ့အဖွဲ့ အနာအဆာ မရှိလို့ ပိတောက်သားအနှစ်နဲ့ ဒိုင်းပုံသဏ္ဌာန်ခံပြီး အလှရိုက်ထားတယ်။ ဆတ်ချိုကြီးကို ကော်ဖတ်စား ပေါ်လစ်တင်ထားလို့ လှလိုက်တာ၊ အိမ်ရှေ့ဧည့်ခန်းမှာ ကိုတင်မြင့်က ဝင့်ဝင့် ကြွားကြွား ချိတ်ထားတယ်။

သူ့ယောက်ဖက လှလွန်းလို့ဆိုပြီး ၂၉-လက်မတီဗွီတစ်လုံး၊ အောက်စက်ဒီဗွီဒီတစ်လုံးတွဲပြီး လဲယူသွား တယ်။ ကိုတင်မြင့်က ယောက်ဖဆိုတော့ မပြောသာဘူး။

သူ့ယောက်ဖ ဆတ်ချိုကြီး ယူသွားပြီး တစ်လလောက်အကြာမှာ မုဒုံက တိုက် မီးလောင်တယ်၊ သူ့ယောက်ဖထောင်ထားတဲ့ အဲကွန်းကားကြီး မှောက်တယ်။ ဆတ်ချိုကြီး ခိုက်လို့ထင်တယ်ဆိုပြီး ဘုန်းကြီးကျောင်း လှူလိုက်ရတယ်ဆရာ။ အဲဒါ မထူးဆန်းဘူးလား ခင်ဗျာ”

ကိုစိန်ဝင်းက ပြောသည်။

ကျွန်တော် အဖြေမပေးနိုင်ပါ။

လောကတစ်ခွင်တွင် ထူးထွေဆန်းပြားသော ဖြစ်ရပ်ဖြစ်စဉ်များ အံ့မခန်းအောင် များလှသည် မဟုတ်ပါလား။

မြဝတီမဂ္ဂဇင်း
အတွဲ ၅၄ ၊ အမှတ် ၆
ဧပြီလ ၊ ၂၀၀၆
– ပြီး –

စာရေးသူ – ခင်မောင်အေး(မန္တလေး)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ