စာမူ…၁၅၀

ပထမပိုင်း

ပတ်ဝန်းကျင်တစ်ခုလုံးမိုးအမှောင်ကျနေခဲ့သည်။
အချိန်အားဖြင့် နေ့လယ်ခင်းလောက်ဖြစ်သော်ငြားလည်း
ကောင်းကင်တစ်ခုလုံးကမည်းမှောင်လို့နေခဲ့၏။

“အားးး….ကယ်ကြပါဦး……”

“အမယ်လေးး….ကယ်ကြပါဦးးး”

အော်ဟစ်သံများကလည်းဆူညံနေခဲ့သည်။

ရှင်ညို အော်ဟစ်နေသောလူများကိုလည်းကောင်း…
ဘေးပတ်ဝန်းကျင်ကိုလည်းကောင်း အံ့သြစွာပင်
ကြည့်နေမိသည်။
ထိုသို့ကြည့်နေစဥ်….

“ဟားးး…ဟားး….ဟားး…ဟား…ဟား…ဟား….”

​ခြောက်ကပ်ကပ်ရယ်မောသံကြီးကိုရှင်ညိုကြားလိုက်၏။

“ဟင်…”

ဒုက္ခရောက်နေသော…လူများကိုကြည့်၍
ရယ်မောဟားတိုက်နေသော ဆံပင်ဖျားလျားဖြင့် မိန်းမကြီးကိုရှင်ညိုတွေ့လိုက်ရသည်။
ထိုမိန်းမကြီးသည် ပိုးထမိန်…ပိုးအင်္ကျီကိုဝတ်ဆင်လို့
ထားပြီး သူ၏လည်ပင်း၌လည်ဆွဲကြီးတစ်ခုကို
ဝတ်ဆင်လို့ထားသေးသည်။
မိန်းမကြီးသည် လူတွေကိုကြည့်၍ ဝမ်းသာအားရပင်
ရယ်မောဟားတိုက်နေခဲ့သည်။
ပြီးနောက်သူ့အားရပ်​ကြည့်နေသောရှင်ညိုအား
ခေါင်းကြီးကိုစောင်း၍ပြုံးရယ်ပြနေပြန်သည်။

ထိုအိမ်မက်ကြောင့် ရှင်ညိုပြန်၍အိပ်မရဖြစ်နေသည်။
လင်းကြက်ပင်မတွန်သေးသော်လည်း ရှင်ညို
ကွပ်ပျစ်ခင်း၌ ဆင်း၍ထိုင်နေခဲ့၏။

“ဟူးးး….”

ဘယ်နကြိမ်မြှောက်မှန်းမသိသော သက်ပြင်းကို
ရှင်ညိုချနေမိပြန်သည်။

“ဟယ်…ရှင်ညို…ညည်းအစောကြီးနိုးနေတာလား”

“ဟုတ်တယ်အရီး”

ဒေါ်ဝင်းနိုးလာတော့ ရှင်ညိုကိုတွေ့သွားသည်။
ရှင်ညို၏မျက်နှာကိုအကဲခတ်ပြီး ဒေါ်ဝင်းလည်း
မျက်နှာသစ်ဖို့ထွက်သွား၏။
မိုးလင်းလာတော့ ဘွားမယ်စိန်နဲ့နန်းကြိုင်တို့ပင်
ကွပ်ပျစ်ခင်း၌ထိုင်နေကြလေပြီ။
ရှင်ညိုကတော့ မြေပဲတောင့်များကိုခွာရင်းတိတ်ဆိတ်စွာ
ထိုင်နေခဲ့သည်။

“သမီး…ရှင်ညို…ညည်းဘာတွေဖြစ်နေတာလဲ”

ဘွားမယ်စိန်က ရှင်ညို၏အမူအရာများကိုကြည့်ပြီး
မေးလိုက်၏။

“အဘွား”

“အေး…ပြောလေ…ဘာတွေဖြစ်နေတာလဲကွဲ့….
ငါ့သမီးကိုကြည့်ရတာ တစ်ခုခုကိုစိုးရိမ်နေပုံပဲ”

ဘွားမယ်စိန်က​မေးတော့ ရှင်ညိုသက်ပြင်းချလိုက်သည်။
မြေပဲဗန်းအား ဘေး၌ချထားပြီး ဘွားမယ်စိန်ကို
ကြည့်၍…

“ကျုပ်ရဲ့စိတ်ထဲထိတ်လန့်နေမိတယ်အဘွား…
ကြောက်စရာကောင်းတဲ့အရာတစ်ခုကိုမျက်မြင်တွေ့လိုက်မိသလို လန့်နေမ်ိတာ…”

ဟု…​ပြောလေသည်။
ဘွားမယ်စိန် ရှင်ညိုကိုသေချာကြည့်နေမိသည်။

“ညက အိမ်မက်ထဲမှာ လူတွေ
အော်ဟစ်ငိုယိုနေကြတာအဘွားရယ်…
သူတို့ကိုလည်းမိန်းမကြီးတစ်ယောက်က အော်ဟစ်ပြီး
ရယ်မောဟားတိုက်နေတဲ့မြင်ကွင်းကိုကြည့်ရတာ
ကျုပ်အတော်လေးထိတ်လန့်မိတယ်…
ဒီလိုခံစားချက်မျိုးကို ကျုပ်တစ်ခါမှလည်း
မခံစားဖူးဘူးအဘွား…”

ဘွားမယ်စိန်ခေါင်းညိတ်လိုက်သည်။

“သမီးအိမ်မက်ထဲက မိန်းမကြီးကို
သမီးကြောက်နေတာလား…”

ဘွားမယ်စိန်မေးတော့ရှင်ညိုခေါင်းခါသည်။

“မဟုတ်ဘူးအဘွား…ကျုပ်လေ…လူတွေအတွက်ပဲ
ထိတ်လန့်မိတာပါ…လူတွေကို အဲ့သည်မိန်းမကြီး
ဒုက္ခပေးမှာကိုပဲ ကျုပ်စိုးရိမ်နေမိတာ…”

“ဒါဆိုရင် မကောင်းတဲ့အရာတစ်ခုခုနဲ့
သမီးထိပ်တိုက်တွေ့ရတော့မယ်လို့ဘွားထင်တယ်…
ဘွားတို့ဘက်က ကြိုတင်ပြီးပြင်ဆင်ချိန်ရတယ်လို့ပဲ
မှတ်ယူရတော့မှာပေါ့အေ…”

ဘွားမယ်စိန်စကားကို ရှင်ညိုခေါင်းညိတ်လိုက်သည်။
မည်သည့်စကားမှဆက်မပြောဖြစ်ကြတော့သော်လည်း
ဘွားမယ်စိန်နှင့် ရှင်ညိုတို့မှာ အတွေးကိုယ်စီဖြင့်
ရှိနေခဲ့ကြသည်။

“မနက်စာစားကြမယ်လေ…
ဘာတွေများစဥ်းစားနေကြလို့ ငြိမ်ချက်သားကောင်းနေကြတာလဲတော့်”

ဟု…ဒေါ်ဝင်း၏အသံကြားလေမှ ဘွားမယ်စိန်တို့
အတွေးများပြတ်သွားခဲ့ကြသည်။

“အမေကလည်း…အဘွားနဲ့မမက အရေးကြီးတာ
တစ်ခုခုကိုစဥ်းစားနေကြတာနေမှာပါတော်…”

“အမယ်လေး…စဥ်းစားလည်းနောက်မှစဥ်းစားကြတော့…
ကျုပ်မနက်အစောကြီးထကြော်ပေးထားတဲ့
ထမင်းကြော်ရယ်…ခရမ်းချဥ်သီးထောင်းလေးရယ်ကို
အရင်စားကြရအောင်ပါအေ…ဗိုက်တွေဆာပြီအေ့…”

“ဟုတ်ကဲ့ပါအမေရယ်…”

ဘွားမယ်စိန်တို့လည်းမနက်စာကို
အရင်စားလိုက်ကြတော့သည်။

**************************************************

“သေချာတူးကြစမ်းပါကွ…မင်းတို့ကလည်း
ယောကျာ်းတွေတန်မဲ့ လက်ကြောကိုမတင်းဘူးကွာ…”

မြောင်းသေချာတူးဖို့ သူကြီး ဦးတင်ဆန်းက
ရွာသားများကိုအော်ဟစ်နေသည်။

“သူကြီးရာ…ကျုပ်တို့လည်းမိုးလင်းကတည်းက
လာဝိုင်းကူနေကြတာပါဗျာ…ဒီလောက်လုပ်ကိုင်နေတာ
သူကြီးလည်းမြင်နေရတာပဲဗျ…”

“ဟေ့ကောင် အောင်တိုး…
ငါ့ကိုများမင်းကလေသံမာမာနဲ့…
မင်းငါ့ကိုစော်ကားနေတာလားကွ”

“အမယ်လေးဗျာ…ကျုပ်က
အကျိူးအကြောင်းလေးပြောပြတာပါသူကြီးရာ…
သူကြီးကိုမလေးမစားမလုပ်မိပါဘူး”

“ငါ့ကိုလျှာမရှည်နဲ့…တူး…မြန်မြန်တူးကြ…
အမယ်လေး…မောတာကွာ…
ဟေ့ ရေနွေးကြမ်းအိုးလာဖြည့်ကြစမ်းပါ…”

သူကြီးဦးတင်ဆန်းကို ရွာသားတွေတင်မက
ရွာသူတွေကပါ မျက်စောင်းထိုးကြသည်။
မိဘဘိုးဘွားများ၏ကျေးဇူးကြောင့်သာ သူကြီးဖြစ်လာသော ဦးတင်ဆန်းကို ရွာသူ၊ရွာသားများက
ရွံ​ကြောက်ကြီး ဖြစ်နေကြ၏။

“ဟာ….ဘာကြီးလဲ………”

ရွာသားတစ်ဦး၏အော်သံကြောင့် သူကြီးဦးတင်ဆန်း
အလန့်တကြားထကြည့်သည်။

“ဘာဖြစ်တာလဲကွ…”

“သူကြီး…ဒီမှာလာကြည့်ပါဦးဗျ…
လည်ဆွဲကြီးထင်တယ်ဗျ…”

“ဟေ…ဟုတ်လား”

သူကြီးဦးတင်ဆန်း အလျင်အမြန်မြောင်းထဲသို့
ဆင်းလာခဲ့သည်။

“ဟာ…အေး…ဟုတ်သားပဲ
ရွှေလည်ဆွဲလေးဟ…ရွှေအစစ်ထင်တယ်နော်”

ရွှေလည်ဆွဲကြီးကို သူကြီးဦးတင်ဆန်း
သဘောကျစွာကြည့်နေခဲ့သည်။

“ရှေးဟောင်းလည်ဆွဲ ထင်တယ်တော်…
အတော်လက်ရာကောင်းတာပဲ…”

“အေးဟ…ဒီလည်ဆွဲကရှေးဟောင်း
ပစ္စည်းပဲဖြစ်မယ်…”

ရွာသူ၊ရွာသားတွေက တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသော်လည်း သူကြီး ဦးတင်ဆန်းမှာ လည်ဆွဲကို
သဘောကျစွာဖြင့်စိုက်ကြည့်နေခဲ့သည်။

“ပေး…ပေး…ငါယူသွားမယ်…”

သူကြီးဦးတင်ဆန်းလည်ဆွဲကိုယူ၍ထွက်သွားတော့သည်။
ရွာသူ၊ရွာသားတွေမှာလည်း လုပ်စရာရှိသည်များဆက်လုပ်ကြသော်လည်း တချို့မှာလည်းသူကြီးကိုမကျေနပ်ကြပေ။

“တစ်ရွာလုံးလုပ်အားပေးရင်းရလာတဲ့လည်ဆွဲကို
သူပဲယူသွားရတယ်လို့ကွာ…
သူကချစ်တီးကုလားထက်ဆိုးတဲ့သူကြီးကွ…”

ဟု…ပြောကြ၏။

ရွာသူကြီးဦးတင်ဆန်းကတော့ အိမ်သို့ရောက်တော့
ဖုံများဖြင့်ပေရေနေသောလည်ဆွဲလေးအား
အဝတ်သန့်လေးဖြင့် သန့်ရှင်းပေးနေသည်။

“တော့် ကိုတင်ဆန်း…ဘာကြီးလဲတော့်”

သူကြီးကတော်က မေးသော်လည်း သူကြီးကမဖြေပေ။
လည်ဆွဲကိုသာ စိုက်ကြည့်နေခဲ့၏။

“ကိုတင်ဆန်း…ကျုပ်ပြောတာကြားလား”

သူကြီးကတော်လည်း.သူကြီး၏ပုခုံးကိုလက်ဖြင့်ပုတ်ကာ
မေးတော့ သူကြီးသည် ဆတ်ခနဲလှည့်လာပြီး…

“ဟီးးးးဟီးးးးးဟီးးးးးဟီးးး…သတျမယျ…
ငါသတ်မယ်…ဟီးးးးဟီးးးးဟီးးးးးဟီးးးးးငါသတ်မယ်….”

ဟု…မိန်းမသံကြီးဖြင့် သူကြီးကတော်ကို
ထအော်လေသည်။

“အမယ်လေး….ဘာကြီးလဲ….”

သူကြီးကတော်အလန့်တကြားနောက်သို့ဆုတ်သွားသည်။

“သတ်မယ်….ငါ့ကိုသတ်တဲ့သူတွေကို သတ်မယ်…
ဟီးးးးဟီးးးးးးဟီးးးးးးးးဟီးးးးးဟီးးးးးးးး”

ခြောက်ကပ်ကပ်ရယ်သံကြီးဖြင့် သူကြီးကတော်၏
လည်ပင်းကိုဆွဲညှစ်တော့သည်။

“အမယ်လေး….အ………..”

သူကြီးကတော်မှာ လည်ပင်းညှစ်ခံရ၍ရုန်းကန်
နေသော်လည်း အားကောင်းလှ၍ မည်သို့မှ
လွှတ်အောင်မရုန်းနိုင်ခဲ့ပေ။

သူကြီးကတော်၏ရုန်းကန်မှုလည်းငြိမ်သက်သွားတော့မှ
လည်ပင်းညှစ်ထားတာကို ရပ်တန့်ပစ်လိုက်၏။
ပြီးနောက် သူကြီးဦးတင်ဆန်းသည် ခြံထဲရှိရေတွင်းဆီသို့
ထွက်သွားတော့သည်။

“ဝုန်း…”

ရေတွင်းထဲသို့ သူကြီးဦးတင်ဆန်း
ခုန်ချသွားတော့လေသည်။

ထိုနေ့က သူကြီး၏သားဖြစ်သူပြန်ရောက်လာလေမှ
မိဘများ၏အဖြစ်ကို တွေ့ခဲ့ရ၏။

သရက်ခြံရွာတစ်ရွာလုံးလည်း လွန်စွာ
ထိတ်လန့်ခဲ့ကြသည်။
သူကြီးကတော်နဲ့သူကြီးတို့၏သေဆုံးမှုက
အားလုံးကို ကြောက်လန့်သွားစေ၏။

“သူကြီးနဲ့သူကြီးကတော်သေရတာ
လည်ဆွဲကြောင့်ထင်တယ်…”

“ဘယ်ကလည်ဆွဲ လဲဟဲ့…”

“ဟောတော် ကျုပ်တို့မြောင်းတူးရင်တွေ့တဲ့​လည်ဆွဲလေ…
အဲ့သည်လည်ဆွဲကိုသူကြီးကအိမ်ယူသွားတာမလား…
အဲ့လိုယူသွားပြီးမှ သူကြီးနဲ့သူကြီးကတော်တို့
အခုလိုအဖြစ်ဆိုးနဲ့ကြုံရတာလေတော်…”

“အိုအေ…မဖြစ်နိုင်တာ…သူကြီးနဲ့သူကြီးကတော်
စိတ်ဆိုးပြီးရန်ဖြစ်ကြရာက
သူကြီးလက်လွန်သွားတဲ့ပုံပါ…
​နောက်ပြီးတော့သူ့ရဲ့အမှားသူနောင်တရပြီး
သူ့ကိုယ်သူအဆုံးစီရင်သွားတာပဲဖြစ်မှာပါအေ…”

လည်ဆွဲက သူကြီး၏သားဖြစ်သော
ကိုဦး၏လက်ထဲ၌ကျန်ခဲ့လေသည်။
သူကြီးနဲ့သူကြီးကတော် နာရေးပြီးသည်အထိ
အရာရာကတိတ်ဆိတ်လို့နေသေး၏။
တစ်ရက်မှာတော့…

“သားရေ…သား…သားရေ သားကိုဦး…”

ကိုဦးကိုအော်ခေါ်နေသောအသံများကြောင့်
ကိုဦး အိပ်ပျော်နေရာမှ လန့်နိုးလာခဲ့သည်။

နံဘေးမှာတော့ အဖော်လာအိပ်ပေးသော
ညီဝမ်းကွဲနှစ်ယောက်ရှိ၏။
သူတို့သည်က မည်သည့်အသံကိုမှမကြားလေဟန်ဖြင့်
အိပ်ပျော်နေခဲ့ကြသည်။

“သားရေ…သားကိုဦး”

ခေါ်သံကို ကိုဦးရင်းနှီးနေသည်။

“အမေ…အမေလား”

ကိုဦးအသံလှမ်းပြုရင်း ဘေးရှိညီများကို
လှုပ်နိုးလိုက်သေးသည်။
သို့သော် ကျော်ထူးနဲ့ ကုလားတို့က အိပ်ပျော်နေကြသည်မှာ ဟောက်သံများပင်ထွက်လို့နေခဲ့၏။

“သားရေ…ကိုဦး…လာပါဦးသားရယ်…”

ကိုဦး ကုတင်ပေါ်မှဆင်းလိုက်သည်။
ခြံဝိုင်းထဲမှခေါ်နေသော အသံဖြစ်၍ ကိုဦး
အိမ်အောက်သို့ဆင်းလာခဲ့သည်။
အိမ်တံခါးများကိုလည်းညကတည်းက
သေချာစွာပိတ်လို့ထားကြသည်။

“ကျွီ…”

ကိုဦး ကြောက်သော်လည်း သွားကြည့်ချင်နေမိသည်။
မသိစိတ်ကတိုက်တွန်းခံနေရသူအလား
ခြေလှမ်းများကခြံထဲကိုဆင်းချင်နေခဲ့သည်။

“ကျွီ…”

ကိုဦး တံခါးကိုဖွင့်လိုက်သည်။

“သား…သားလာပြီလား…”

“အမေ…အမေလား”

လကလည်း သာနေ၍ မြင်ကွင်းကို
ရှင်းရှင်းလင်းလင်းမြင်နေရသည်။

“ဘယ်သူလဲ…အမေလား”

ကိုဦး၏အသံများက ကြောက်စိတ်ကြောင့်
တုန်ရီလို့နေသည်။
သူ့အားကျောပေးထားသည့် အမျိုးသမီးအား
ကိုဦးကြည့်နေရင်း အမေဖြစ်သူမဖြစ်နိုင်ဆိုတာ
သိသွားခဲ့၏။

“ဘယ်သူလဲ…ငါ့အမေမဟုတ်ဘူး…
နင်ဘယ်သူလဲ…ဘယ်လိုလုပ်ဒီခြံထဲကို
ရောက်နေတာလဲ…”

ကိုဦးမေးနေစဥ် သူ၏ရှေ့ရှိအမျိုးသမီးသည်
ချက်ချင်းပျောက်ကွယ်သွားခဲ့၏။

“ဟင်…”

ကိုဦးအလန့်တကြားဘေးဘယ်ညာကိုကြည့်ရင်း
အနောက်ဘက်သို့လှည့်ချိန်….

“အားးး….”

ကိုဦး၏လည်ပင်းကိုဆွဲညှစ်ခြင်းခံလိုက်ရသည်။

“အ…အ..မေ……”

သူ့အားလည်ပင်းညှစ်ထားသည့် အမျိုးသမီး၏မျက်နှာသည် ကြောက်စရာကောင်းလှသည်။
ကိုဦးယောကျာ်းအားဖြင့် ရုန်းကန်သော်လည်း
အရာမထင်ပေ။
အသက်ရှုကြပ်လာသောကိုဦးမှာအမျိုးသမီး၏
အနောက်၌ ငိုယိုနေသော မိဘများကိုတွေ့မြင်လိုက်ရ၏။
တဖြေးဖြေးဖြင့် ကိုဦး၏ မျက်လုံးများလည်း
မှိတ်သွားခဲ့တော့သည်။

“ဟားး…ဟားး…ဟား…ဟားး…ဟားးး…ဟားးး….”

ဟားတိုက်ရယ်မောနေသော အသံကြီးမှာ
တစ်ရွာလုံးကိုဖုံးလွှမ်းသွားခဲ့တော့လေသည်။

မနက်မိုးလင်းတော့ ကိုဦး၏အလောင်းကို
တွေ့သွားခဲ့ကြ၏။
အဖော်လာအိပ်ကြသော ကျော်ထူးနှင့်ကုလားတို့ကို
မေးကြမြန်းကြသော်လည်း ထိုနှစ်ယောက်မှာ
မည်သည်ကိုမှရေရေရာရာမဖြေနိုင်ခဲ့ကြပေ။

“ကျုပ်တို့ရွာတော့ တစ်ခုခုမွှေနေပြီထင်တယ်တော့်…”

“ဘာမွှေတာလဲကွ…”

“ဟိုတော်…ကျုပ်ပါးစပ်ကပြောမထွက်ဘူး…
တော်ကဒီလောက်တောင် တုံးအ ရသလားတော်…”

“မင်းကလည်းကွာ…လင်မယားအချင်းချင်း
ကြေးကိုင်နေပြန်ပြီ…
ဘာလဲဆိုတာငါသိအောင် ပြောစမ်းပါဟ”

“ကဲ…ပြောမယ်တော်ရေ…ပြောမယ်…
ကျုပ်တို့ရွာမှာ လူတွေသေနေတာ
မကောင်းဆိုးဝါးတစ်ကောင်ကောင်ကမွှေနေပြီလို့
ကျုပ်ကပြောတာ…နားလည်ပြီလား…ရှင်းပြီလား”

“အေး…အေးရှင်းပါပြီဟာ…
နင်ပြောတာလည်းဟုတ်တယ်ဟ…
ညဘက်ဆိုခွေးတွေကအူလိုက်တာကွာ…
ရွာတော့တစ်ခုခုမွှေနေပြီထင်တယ်…”

“ဘယ်လိုလုပ်ကြမလဲ…ရွာရဲ့သူကြီးကလည်းသေပြီ
ဟော…ကျန်ခဲ့တဲ့သူကြီးသားကလည်းထပ်သေပြန်တော့
အုပ်ချုပ်သူကမရှိတော့ဘူး…ကျုပ်တို့လည်းဂရုစိုက်မှ
ဖြစ်မယ်တော့်…”

သရက်ခြံရွာသူ၊ရွာသားများလည်းအတွေးကိုယ်စီဖြင့်
ကြောက်လန့်နေကြရသည်။

“ဆရာတော်ဘုရား…တပည့်တော်တို့
ဘာဆက်လုပ်ရမလဲဘုရား”

ရွာဦးကျောင်းဆရာတော်ထံရွာသူ၊ရွာသားတို့
ရောက်ရှိနေကြသည်။

“အေး…ဘုန်းကြီးဘက်ကလည်း ပရိတ်ရွတ်တာ…
အစရှိသဖြင့် လိုအပ်တာတွေကိုလုပ်ပေးပါ့မယ်…
ဒါပေမယ့် အမှောင့်ပယောဂနဲ့ဆိုင်လာရင်တော့
သူနဲ့သက်ဆိုင်တဲ့သူဆီကို အကူအညီတောင်းကြည့်ကြတာပိုကောင်းမယ်ကွဲ့”

“တင်ပါ့ဘုရား…တပည်တော်တို့လည်း
အ​ကြောင်းအရင်းသေချာမသိသေးပေမယ့်
မကောင်းတာတစ်ခုခုလက်ချက်ဆိုတာတော့
ခံစားမိနေကြပါတယ်ဘုရား”

“အေးကွယ်…သြော် ဒါနဲ့တကာကြီး…
တကာကြီးတို့ပြောတဲ့လည်ဆွဲဆိုတာက
အခုဘယ်သူ့ဆီမှာလဲကွဲ့…”

“တပည့်တော်တို့လည်းသူကြီးရဲ့အိမ်ကိုမွှေနှောက်ပြီး
ရှာကြည့်ကြပါသေးတယ်ဘုရား…
ဒါပေမယ့် ဘယ်မှာမှကိုရှာမတွေ့တာပါဘုရား”

“အေးကွယ်…ဘယ်သူများသိမ်းဆည်းထားပါလိမ့်”

ရွှေလည်ဆွဲကပျောက်ခြင်းမလှပင်ပျောက်ဆုံးနေခဲ့၏။

*******************************************

“ဘွား…ကျုပ်တော့ဒီတိုင်းကြီးပဲ
ထိုင်မနေချင်တော့ဘူးတော်…”

“ဟေ…ထိုင်မနေချင်ရင်ဘယ်ကိုသွားချင်လို့တုန်းကွဲ့”

ရုတ်တရက်ကြီးပြောလာသောရှင်ညို၏စကားကြောင့်
ဘွားမယ်စိန်က ပြန်၍မေးလိုက်သည်။

“ကျုပ်ပြောတာက ရောက်လာမယ့်အရာကိုပြေးတွေ့ချင်တာအဘွားရဲ့…ကျုပ်အခုလိုနေနေရတာ
ကျုပ်စိတ်ထဲမှာနေလို့ထိုင်လို့မကောင်းဘူးတော့်”

“ညည်းစကားတွေကဘာကိုဆိုလိုတာလဲအေ့…
ရှင်းရှင်းလင်းလင်းပြောစမ်းပါအေ…”

ဘွားမယ်စိန်ပင်ရှင်ညိုကိုနားမလည်ဖြစ်လာသည်။

“ဒီလိုလေအဘွားရယ်…
ကျုပ်အိမ်မက်တွေခဏခဏမက်နေတဲ့ကိစ္စလေ…
အဲ့ကိစ္စကို ကျုပ်စိတ်ထဲ တနုံ့နုံ့နဲ့ဖြစ်နေတာ…
ဒါကြောင့် ကျုပ်ဘက်ကပဲအရင်ရှာလိုက်ချင်တယ်
အဘွား…”

“ဘယ်လိုရှာမှာလဲအေ့…”

“ကျုပ်မက်တဲ့အိမ်မက်တိုင်းလိုလိုမှာ
ညောင်ပင်အကြီးကြီးတစ်ပင်ကိုလည်းတွေ့ရတယ်…
အဲ့သည်ညောင်ပင်ကြီးနဲ့မျက်စောင်းထိုးလေးမှာလည်း
စေတီလေးတစ်ဆူကိုလည်းတွေ့ရပြန်တယ်…”

“အင်း…ဒီလိုဆိုရင်တော့ ညည်းအစ်ကိုတွေကို
စုံစမ်းခိုင်းရတော့မှာပဲအေ့…”

“ဟုတ်ကဲ့အဘွား”

ဘွားမယ်စိန်လည်းမောင်တိုးနဲ့မောင်အုန်းကိုခေါ်ပြီး
အကျိုးအကြောင်းပြောပြတော့သည်။

“ဘွားပြောတဲ့ ညောင်ပင်အကြီးကြီးနားမှာ ဘုရားတစ်ဆူရှိတယ်ဆိုတဲ့ရွာက ကျုပ်တို့ရဲ့ရွာအနီးအနားကတော့
မဖြစ်နိုင်ဘူးဗျ…”

“အေးကွယ်…မင်းတို့ညီမကလည်းစိတ်တအား
လောနေတာ…ဒါကြောင့် ဘွားကလည်းမောင်ရင်တို့ကို
ခေါ်ပြီးပြောပြရတာကွဲ့…”

မောင်တိုးကခေါင်းညိတ်လိုက်သည်။
သူတို့နှစ်ယောက်လည်း စဥ်းစားနေကြ၏။

“နေပါဦးဗျာ…ကျုပ်တခြားလူတွေကို
မေးမြန်းကြည့်ပါဦးမယ်…
အကြောင်းထူးတာနဲ့ဘွားတို့ဆီကိုလာ​ပြောပါ့မယ်…”

“အေးကွယ်…မေးမြန်းကြည့်ကြပါဦး”

ခဏမျှကြာတော့ မောင်တိုးနဲ့မောင်အုန်းတို့
ပြန်သွားကြသည်။
အိမ်သို့ပင်တန်းမပြန်နိုင်ကြဘဲ ရွာထဲသို့သွား၍
မေးကြမြန်းကြရှာသည်။

တစ်ရက်မှာတော့ သူကြီးဦးနောင်ချိုတစ်​ယောက်
ဘွားမယ်စိန်အိမ်သို့ရောက်လာခဲ့၏။

“သူကြီးမြို့သွားတာဆို…ဘယ်တုန်းက
ပြန်ရောက်တာလဲတော့်”

ခြံဝိုင်းထဲဝင်လာသော သူကြီးဦးနောင်ချိုကို ဒေါ်ဝင်းက
ဆီးကြိုကာမေးလိုက်လေသည်။

“မနက်ကပဲပြန်ရောက်တယ်မမဝင်းရေ…
ကျုပ်လည်းရောက်ရောက်ခြင်းဘွားဆီကို
တန်းလာချင်နေတာ…
ကိစ္စလေးမပြတ်တာနဲ့ခုမှပဲရောက်လာတာဗျ”

“လာထိိုင်ကွဲ့…”

“ဟုတ်ကဲ့ဘွား”

ဘွားမယ်စိန်က သူကြီးဦးနောင်ချိူကို ကွပ်ပျစ်ခင်း၌
ဝင်ထိုင်စေသည်။

“ဘွားရေ…အကြောင်းထူးကြားလာတော့လည်း
မနေနိုင်ဘူးဗျို့…ဘွားကိုပြောပြချင်နေတာဗျ”

“ဘာအကြောင်းများထူးတာလဲကွဲ့…”

သူကြီးဦးနောင်ချိုပြောမည့်စကားကို
ဒေါ်ဝင်းမှာ စိတ်ဝင်တစားလာ၍
ထန်းလက်ခုံ၌ဝင်ကာထိုင်လိုက်သည်။

“ဒီလိုဗျ…သရက်ခြံရွာမှာ လူတွေသေနေတယ်လို့သတင်းကြားလာရတယ်…
သတင်းကရိုးရိုးမဟုတ်ဘူးဘွားရေ…
ဆရာတွေတောင်သေတယ်လို့ကြားတယ်ဗျ”

“ဟေ…ဘာကြောင့်များလဲ”

“မကောင်းဆိုးဝါးလို့ပြောကြတာပဲဗျ…
အစပိုင်းအဲ့သည်ရွာက ရွာသူကြီး
လင်မယားသေတယ်တဲ့ဗျ…
နောက်တော့သူကြီးရဲ့သား…နောက်တော့
ရွာထဲကလူတွေတဲ့ဗျာ…
ဆရာတွေရှာပြီးမကောင်းဆိုးဝါးကို နှိမ်နင်းပေမယ့်
ဆရာတွေတောင်သေတယ်လို့သတင်းကြားရတယ်ဗျ”

“အင်း…အတော်ကိုဆိုးဝါးနေတာပဲကွဲ့…”

“ဟုတ်ပဗျာ…ကျုပ်လည်းအစည်းအဝေးသွားရင်းနဲ့
အဲ့သည်ရွာကသူကြီးအသစ်ပြောပြလို့သိခဲ့ရတာဗျ…
သူ့ခမျာလည်း ကူညီဖြေရှင်းပေးနိုင်မယ့်သူကို
ရှာနေရှာတာပါဗျာ…”

“သူကြီးကရောကျုပ်အမေအကြောင်းကို
မပြောပြခဲ့ဘူးလား…”

ဒေါ်ဝင်းကမေးတော့ သူကြီးဦးနောင်ချိုပြုံးလေသည်။

“မပြောဘဲနေမလား မမဝင်းရဲ့…
ကျုပ်ပြောခဲ့တာပေါ့ဗျာ…
သူကြီးဖိုးမောင်ကအတော်ပျော်သွားတာဗျ…
ကျုပ်ရွာကိုအတူလိုက်ခဲ့မယ်လို့တောင်ပြောနေရှာတာ…
သူ့ရွာဘက်မှာလည်းအခက်တွေ့နေတော့ မလိုက်နိုင်ရှာဘဲ
ရွာကိုတန်းပြန်သွားရှာတာဗျ…
ဒါပေမယ့် ကျုပ်ကကျုပ်တို့ရွာကဘွားမယ်စိန်
ခင်ဗျားတို့ရွာကိုအရောက်လာကိုလာမှာပါဗျာလို့တော့
သေချာကိုပြောခဲ့တယ်ဗျ…”

သူကြီးဦးနောင်ချိုစကားကို ဘွားမယ်စိန်
ခေါင်းညိတ်လိုက်သည်။

“လူတွေဒုက္ခရောက်နေတာဆိုတော့လည်း
သွားရမှာပေါ့ကွယ်…”

သူကြီးဦးနောင်ချို ပြုံး၍ခေါင်းညိတ်လိုက်သည်။

ထိုအခိုက်….ရှင်ညိုနဲ့နန်း​ကြိုင်တို့ရွာထဲမှ
ပြန်ရောက်လာကြ သည်။

“ဟောတော်…သူကြီးတောင်ရောက်နေတာလား”

“အမယ်လေး…သူကြီးများသူနဲ့ဆော့ဖော်…ဆော့ဖက်ထင်နေသလားမသိဘူး…ညည်းကဘာလုပ်ချင်လို့တုန်းအေ့”

နမ်းကြိုင်မှာဒေါ်ဝင်းစကားကြောင့်
မျက်နှာဆူပုတ်သွားသည်။

“အမေကလည်း”

“အမေကမလည်းနဲ့….ညည်းလေ အရွယ်လေးရလာတာနဲ့
လူကြီးတွေပြောတာနားထောင်ပြီး
လူကြီးစကားတွေပြောနေတာကိုပြင်နော်…
ကြားလားမိနန်းကြိုင်…”

“ဟုတ်ကဲ့ပါတော်…”

နန်းကြိုင်ဆူဆူပုတ်ပုတ်လေးဖြင့် အိမ်ပေါ်သို့
တက်သွားသည်။
ရှင်ညိုကတော့ နန်း​ကြိုင်ကိုကြည့်ရင်းပြုံးနေခဲ့ရာ…

“သမီး…ရှင်ညို…လာထိုင်ပါဦး…ဘွားတို့သမီးကို
ပြောစရာရှိတယ်ကွဲ့…”

ဟု…ဘွားမယ်စိန်ကရှင်ညိုကိုခေါ်လိုက်သည်။
ရှင်ညိုလည်း ဘွားမယ်စိန်အနီးသို့ဝင်ထိုင်လေတော့
ဘွားမယ်စိန်က သူကြီးဦးနောင်ချိုပြောပြသည်များကို
ပြန်လည်ကာပြောပြရှာသည်။

“ဒါဆို…”

ရှင်ညိုစကားဆက်မပြောသော်လည်းဘွားမယ်စိန်က
ခေါင်းညိတ်လိုက်သည်။

“သမီးရှာဖွေနေတဲ့အရာက သမီးဆီကိုရောက်လာပြီကွဲ့…
ဘယ်လိုလုပ်ချင်လဲသမီး”

“ကျုပ်တို့သွားရမှာပေါ့အဘွားရယ်…
ဒါပေမယ့် ကျုပ်တို့ဘက်က
သတိကြီးကြီးတော့ထားရမယ့်ပုံပဲ…”

ဘွားမယ်စိန်ခေါင်းညိတ်လိုက်သည်။
ရှင်ညိုကလည်းစဥ်းစား၍နေ၏။
အသံများတိတ်ဆိတ်သွားသောကြောင့်
သူကြီးဦးနောင်ချိုပင် အလိုက်သိစွာ
အိမ်သို့ပြန်သွားခဲ့တော့သည်။

ဘွားမယ်စိန်တို့ သရက်ခြံရွာသို့ ရောက်လာခဲ့သည်။

“ရွာထဲကိုမဝင်နဲ့တော့…ဘုန်းကြီးကျောင်းဘက်
ကိုသာတန်းမောင်းလိုက် မောင်ရင်ရေ…”

“ဟုတ်ကဲ့ဘွား…”

နံဘေးရွာများဆီမှ သရက်ခြံရွာ၏အကြောင်းကို
ဘွားမယ်စိန်တို့စုံစမ်းလာခဲ့သည်။
သရက်ခြံရွာ၏ထူးခြားမှုများကိုလည်း ဘေးရွာများ
သိရှိနေကြပြီဖြစ်သည်။
ဘွားမယ်စိန်တို့နွားလှည်းလေးသည်
သရက်ခြံရွာအပြင်ဘက်မှပတ်၍ မောင်းလာခဲ့လိုက်သည်။

“ဟင်…ဟိုဟာ…ရှင်ညို…နင်…နင်ပြောတဲ့
ညောင်ပင်ကြီးဟ…”

ရှေ့မှနွားလှည်းမောင်းနေသော…မောင်တိုးက
အလန့်တကြားပင်ထအော်လိုက်သည်။
ဘွားမယ်စိန်နဲ့ရှင်ညိုတို့လည်း ရှေ့သို့ကြည့်လိုက်ရာ…
ညောင်ပင်ကြီးနှင့် ထုံးဖြူစေတီကိုတွေ့လိုက်ကြ၏။

“ကျုပ်အိမ်မက်ထဲကအပင်ကြီးပဲအဘွား”

“အေးကွယ်… “

ထိုညောင်ပင်ကြီးကို နွားလှည်းလေးကျော်လာလေတော့ဘုန်းကြီးကျောင်းသို့ရောက်လာခဲ့ကြသည်။

“ဆရာတော်ဘုရား…ဧည့်သည်တွေ
ရောက်လာပါတယ်ဘုရား…”

ကပ္ပိယကြီးက ဆရာတော်ထံသို့ သွား၍ အကျိုးအကြောင်းလျှောက်ထားပေးရှာသည်။
ဆရာတော်နဲ့ဘွားမယ်စိန်တို့တွေ့ဆုံကြရာ…

“တကာမကြီးတို့က ဘယ်ကနေများ
ရောက်လာကြတာလဲကွဲ့…”

“တပည့်တော်တို့ကတော့ သောင်ထွန်းရွာက
လာတာပါဘုရား…
တပည့်တော်တို့ကို ဒီရွာမှာဖြစ်နေတဲ့ကိစ္စတွေနဲ့
ပတ်သတ်ပြီး ဒီရွာရဲ့ သူကြီးအသစ်က
အကူအညီတောင်းထားလို့လာခဲ့ရတာပါဘုရား”

“ဟေ…ဒီလိုဆို သူကြီးဖိုးမောင်ပြောတဲ့
ဘွားမယ်စိန်ဆိုတဲ့အမေကြီးလားကွဲ့”

“တင်ပါ့ဘုရား”

ဆရာတော်က ဘွားမယ်စိန်ကိုကြည့်၍ ဝမ်းသာနေရှာသည်။

“ကျုပ်တို့ကမျှော်နေကြတာတကာမကြီးရဲ့…
တကာမကြီးရောက်မှလာပါ့မလားလို့ကွယ်…
ကပ္ပိယကြီး…ဟေ့…ကပ္ပိယကြီး…”

“ဘုရား”

“သွား… သွား…သူကြီးဖိုးမောင်ကိုသွားခေါ်ချေခဲ့…
အရေးကြီးတယ်လို့ပြော…ကြားလား”

“တင်ပါ့ဘုရား”

ကပ္ပိယကြီးလည်း ဆရာတော်စေခိုင်းမှုကြောင့်
ကျောင်းပေါ်မှအပြေးဆင်းသွားတော့သည်။

“ရွာသားတွေပင့်ဖိတ်တဲ့ ဆရာတွေအရင်ကလာတယ်တကာမကြီးရဲ့…ပထမလာတဲ့ ဆရာတစ်ယောက်နဲ့
နောက်ဆရာတစ်​ယောက် သေကတည်းက
ဘယ်ဆရာမှပင့်လို့မရတော့ဘူးဖြစ်နေတာ…
ကျုပ်တို့ရွာသူ၊ရွာသားတွေလည်း အတော်လေး
စိတ်ညစ်နေကြတာပေါ့တကာမကြီးရယ်…”

“တင်ပါ့ဘုရား…တပည့်တော်လည်း
ဖြစ်ကြောင်းကုန်စင်ကိုသိရတော့မှ စီစဥ်သင့်တာ
စီစဥ်လို့ရတော့မှာပဲဘုရား”

“ကောင်းပါပြီတကာမကြီး…တော်နေကျရင်…
ရွာသူကြီးဖိုးမောင်ရောက်လာတော့မှာပါ…
တကာကြီး​ရောက်မှမေးမြန်းကြည့်ပေါ့…”

“တင်ပါ့ဘုရား”

ဆရာတော်ဘုရားနှင့်ဘွားမယ်စိန်တို့
စကားပြောနေကြစဥ် သူကြီးဦးဖိုးမောင်
ရောက်လာခဲ့သည်။

“အဲ့တာပဲတကာမကြီးရေ…
ကျုပ်တို့ရွာက သူကြီးဖိုးမောင်တဲ့လေ…
လာ…လာ…တကာကြီး…ထိုင်ကွဲ့”

ဆရာတော်ဘုရားက သူကြီးဦးဖိုးမောင် ကို
လက်ညိုးထိုးပြီးပြောလိုက်သည်။

“ဆရာတော်ဘုရားက…အရေးကြီးတယ်ဆိုလို့
ကျုပ်လိုက်လာတာ…ဘာများဖြစ်လို့လဲဘုရား”

“​ဒီမှာလေ တကာကြီးတွေ့ချင်နေတဲ့
သောင်ထွန်းရွာက ဘွားမယ်စိန်တဲ့…
သူတို့ရောက်လာလို့ တကာကြီးကိုခေါ်ခိုင်းလိုက်တာကွဲ့”

“ဗျာ…ဘွားမယ်စိန်…အမေကြီးက…ဘွားမယ်စိန်လားဗျ”

“ဟုတ်ပါတယ်ကွယ်…
ဘွားတို့ကို သူကြီးဦးနောင်ချိုက ဒီရွာရဲ့
အကြောင်းတွေကိုပြောပြလို့…ရောက်လာကြတာပါ…”

“ဝမ်းသာလိုက်တာခင်ဗျာ…
ကျုပ်တို့ကလည်း အမေကြီးတို့ကိုမျှော်နေတာဗျ…

သူကြီးဦးဖိုးမောင်မှာ ဘွားမယ်စိန်ကိုကြည့်၍
ဝမ်းသာသွားသည်။
ဆရာတော်ကတော့ ဘွားမယ်စိန်တို့စကားအေးအေးဆေးဆေးပြောစေရန်အတွက်
တခြားသို့ထွက်သွား​လေသည်။

“ရွာရဲ့အကြောင်းတွေကိုပြောစမ်းပါဦးကွယ်…
ဘွားတို့က အဖြစ်လောက်သာသိခဲ့ကြရတာဆိုတော့…
အကြောင်းစုံကိုအသေချာ မသိရသေးဘူးမောင်ရင်ရဲ့”

“ဟုတ်ကဲ့….ကျုပ်ပြောပါ့မယ် အမေကြီး…
ဒီရွာရဲ့အရင်သူကြီးကတော့ ကျုပ်ရဲ့အစ်ကိုပါ…
ကျုပ်အစ်ကိုတို့မိသားစုဆုံးသွားတော့
တစ်ရွာလုံးက ကျုပ်ကိုသူကြီးနေရာယူဖို့
တောင်းဆိုကြလို့သာကျုပ်လည်းခေါင်းမရှောင်နိုင်ဘဲလက်ခံခဲ့ရတာပါ…”

သူကြီးဦးဖိုးမောင်စကားကို.ဘွားမယ်စိန်
ခေါင်းညိတ်လိုက်သည်။

“ကျုပ်အစ်ကိုတို့မိသားစုဆုံးပြီးမကြာပါဘူးခင်ဗျာ…
ကျုပ်တို့ရွာထဲမှာထူးဆန်းတာတွေဖြစ်လာခဲ့တယ်ဗျ…”

ဟု…အစချီ၍ သူကြီး ဦးဖိုးမောင်က
ပြောပြတော့သည်။

ညဘက်သို့ရောက်သည်နှင့်ရွာထဲ၌
အသံများကတိတ်ဆိတ်နေခဲ့သည်။
တစ်ချက်…တစ်ချက်ထွက်ပေါ်လာသော
ခွေးအူသံများကပင် ​ခြောက်ခြားဖွယ်ကောင်းလို့နေခဲ့၏။

“ရှက်…ရှက်…ရှက်…ရှက်………..”

ခြံဝိုင်းထဲ၌ လမ်းလျှောက်သံကြီးထွက်ပေါ်နေသည်။

“ဘုန်း…”

“အမယ်လေး…..”

အိမ်နံရံကိုလက်ဝါးဖြင့် ရိုက်လိုက်သံကြီး
ထွက်ပေါ်လာသောကြောင့်အိပ်ပျော်နေသော
မခင်ဝင်းမှာအလန့်တကြားပင်ထအော်ရှာသည်။

“ဟီးးးဟီးးးဟီးးးးဟီးးးးးဟီးးးးးးး”

“ဟင်…ရယ်သံကြီးပါလား…”

မခင်ဝင်း မျက်လုံးပြူးသွားသည်။

“ကိုစိုးရွှေ…တော့် ကိုစိုးရွှေ…ထစမ်းပါတော်…
ကြားလားကိုစိုးရွှေ…”

ဒေါ်ခင်ဝင်း ယောကျာ်းဖြစ်သူကို
လှုပ်ကာနိုးလိုက်သည်။

“ဘာလဲကွာ…”

“ထစမ်းပါတော်…အပြင်ကနေ
ရယ်သံကြီးကြားနေရတယ်ကိုစိုးရွှေရဲ့”

“ဟေ…ဟုတ်လား”

ဦးစိုးရွှေမှာ မိန်းမဖြစ်သူ ဒေါ်ခင်ဝင်း၏စကားကြောင့်
မျက်လုံးဖွင့်လိုက်သည်။

“ရှက်…ရှက်…ရှက်…ရှက်… “

“ကြားလား…ခြံထဲမှာလည်း လမ်းလျှောက်သံကြီး
ကြားနေရတယ်တော်…ကျုပ်ကြောက်လာပြီ
ကိုစိုးရွှေရယ်…”

ဒေါ်ခင်ဝင်းမှာ ယောကျာ်းဖြစ်သူ ဦးစိုးရွှေအနီးသို့
တိုးကပ်၍နေခဲ့တော့သည်။

“နေပါဦးကွာ…သူခိုးကပ်တာ​ဖြစ်နေပါဦးမယ်…”

“ကျုပ်တို့အိမ်မှာ သူခိုး ခိုးစရာဘာရှိလို့တုန်းတော်…
ဟို…ဟိုဆွဲကြိုးပဲရှိတာလေ…”

“တိုးတိုးပြောစမ်းပါကွာ…
တခြားသူတွေကြားကုန်ပါဦးမယ်ဟ”

ဦးစိုးရွှေအလန့်တကြားဖြင့် ဒေါ်ခင်ဝင်းကို
ပြောလိုက်သည်။
အမှန်မှာ သူကြီးဦးတင်ဆန်းတို့အိမ်နှင့် ဦးစိုးရွှေတို့
အိမ်မှာဘေးချင်းကပ်ဖြစ်၏။
သူကြီးသား ကိုဦးသေဆုံးခဲ့သော မနက်က
ကုလားတို့ညီအစ်ကို၏အော်ဟစ်သံကြောင့် ထိုအိမ်သို့
ဦးစိုးရွှေအရင်ဆုံးရောက်လာခဲ့သည်။
လက်ရဲဇက်ရဲရှိသော ဦးစိုးရွှေမှာ တခြားသူများအလစ်၌
သူကြီးတို့အခန်းကိုမွှေနှောက်ကာ လည်ဆွဲအားခိုးယူသွားခဲ့လေသည်။ ကျန်သော ပစ္စည်းများကိုတော့ လုံခြုံအောင်
သိမ်းထားကြသောကြောင့် ဦးစိုးရွှေ မယူနိုင်ခဲ့ပေ။
ရရှိလာသော ရွှေလည်ဆွဲကိုပင် ဦးစိုးရွှေတို့ လင်မယားမှာ
အတော်​လေးသဘောကျနေခဲ့ကြ၏။

“ကိုစိုးရွှေ…ရွာထဲကလူတွေပြောတာတကယ်များလား
မသိဘူးနော်…”

“ဘာလဲ လည်ဆွဲကိစ္စလား”

“ဟုတ်တယ်လေ…”

“အလကားပါကွာ…သူတို့မရတိုင်း စကားတွေ
လျှောက်ဖွနေကြတာ…မင်းမို့လို့ယုံတယ်ကွာ…”

“ဒါဆို အပြင်ကလမ်းလျှောက်သံကြီးကဘာလဲတော့်”

“နေပါဦး…ငါသွားကြည့်လိုက်ပါဦးမယ်…
သူခိုးဆိုရင်တော့ ငါ့လက်ချက်နဲ့
ခေါင်းပြားပြီသာမှတ်ဟေ့…”

ဦးစိုးရွှေ ပုဆိုးကိုပြင်ဝတ်လိုက်ပြီး အိပ်ရာနံဘေး၌ထောင်ထားသော ဝါးရင်းတုတ်ကိုယူကာ
ထထွက်သွားတော့သည်။

“ကိုစိုးရွှေနဲ့တော့ခက်တာပဲ”

ဦးစိုးရွှေတို့လင်မယား၌သားသမီးဟူ၍မရှိကြပေ။
ဦးစိုးရွှေတစ်ယောက် အိမ်အပြင်သို့ထွက်သွားတာ
ကြာလေတော့ဒေါ်ခင်ဝင်းမှာ စိတ်ပူလာသည်။
ဒါကြောင့်အနောက်မှလိုက်လာခဲ့တော့၏။

“ကိုစိုးရွှေ…ကိုစိုးရွှေ…ဟော…ကိုစိုးရွှေ…
အဲ့သည်မှာဘာရပ်လုပ်နေတာတုန်း…ကျူပ်က
တော်ဝင်မလာလို့လိုက်လာရတာတော့်…”

ခြံထောင့်တစ်နေရာ၌ကျောပေး၍မတ်တပ်ရပ်လျှက်
ရှိသော ဦးစိုးရွှေကို ဒေါ်ခင်ဝင်းကပြောလိုက်သည်။

“သူခိုးတွေ့လို့လားကိုစိုးရွှေ…
သြော်…ဒီလူကြီးနှယ်…နားများကန်းနေသလား”

ဒေါ်ခင်ဝင်းမှာ စိတ်မရှည်လှ၍…ဦးစိုးရွှေ၏
အနားဆီသို့သွားလေသည်။

“ဟင်…ကိုစိုးရွှေ…တော်ဘာဖြစ်တာလဲ…
ကိုစိုးရွှေ….”

ဦးစိုးရွှေမျက်လုံးများက နီကာရဲနေ၏။
သူ၏လက်၌ကိုင်ထားသော.ဝါးရင်းတုတ်အား
ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း…

“ဟီးးးဟီးးးဟီးးးဟီးးးဟီးးးဟီးးးးဟီးးးးးးး”

ဟု…အော်ဟစ်ကာ ရယ်မောလိုက်သည်။

“အမယ်လေး…”

ဒေါ်ခင်ဝင်းကြောက်လန့်၍ အနောက်သို့
ခြေလှမ်းဆုတ်လိုက်သည်။
သတိရ၍ ထွက်ပြေးဖို့ရန် ပြင်လိုက်စဥ်မှာ…

“ခွပ်…ခွပ်…ခွပ်…”

“အမယ်လေး…အားးးးးးး”

ဒေါ်ခင်ဝင်း၏ခေါင်းအားဦးစိုးရွှေသည်ကိုင်ထားသော တုတ်ဖြင့် အဆက်မပြတ်ရိုက်ချလိုက်ရာ
ဒေါ်ခင်ဝင်းမှာ မြေပေါ်သို့မှောက်လျက်လဲကျသွားခဲ့၏။
အမယ်လေးဟုသာအော်လိုက်နိုင်ပြီး ဒေါ်ခင်ဝင်းတစ်ယောက် သွေးအိုင်ထဲ၌ ငြိမ်သက်သွားခဲ့ရှာသည်။

“ဒီဘက်ဝိုင်းကအော်တာဟ…
အရီး…အရီးခင်…အရီးခင်ဘာဖြစ်တာလဲဗျ…”

အော်ဟစ်သံကိုကြားလိုက်ရ၍ ဘေးဝိုင်းကလူများ
စု၍ရောက်လာခဲ့သည်။
ခြံထဲသို့ဝင်လာလာခြင်းမြင်လိုက်ရသောမြင်ကွင်းကြောင့်
အားလုံးမှာ’ဟာခနဲ…ဟင်ခနဲ’ပင်ဖြစ်ကုန်ကြရရှာသည်။

ဒေါ်ခင်ဝင်းမှာသွေးအိုင်ထဲ၌အသက်ပျောက်နေသကဲ့သို့
ဦးစိုးရွှေမှာလည်း ​ဒေါ်ခင်ဝင်း၏အလောင်းနံဘေး၌
ဇက်ကျိုး၍အသက်ပျောက်နေခဲ့လေသည်။
ဒေါ်ခင်ဝင်းနှင့်ဦးစိုးရွှေတို့လင်မယားတို့
သေဆုံးခဲ့ကြခြင်းမှာလည်း တစ်ရွာလုံးအတွက်
ထိတ်လန့်စရာဖြစ်ရပင်ဖြစ်ခဲ့ပေသည်။

“ကျုပ်တို့်လည်း အဲ့သည်တော့မှ ဒီလည်ဆွဲက
လူတွေကိုသတ်နေတဲ့အရာဆိုတာ
အသေချာအတည်ပြုနိုင်ခဲ့တာပဲအမေကြီးရဲ့…
လည်ဆွဲကိုလည်း ဦးစိုးရွှေတို့အိမ်ထဲကနေ
တွေ့ခဲ့ရတာလေ…ကျုပ်တို့ရွာကလူတွေ…
ဘယ်သူကမှ ဒီလည်ဆွဲကိုမတပ်မက်ကြတော့ဘူးဗျ…
ပြောရရင်သေရမှာကိုကြောက်ကြတာပေါ့ဗျာ…”

ဟု…သူကြီးဦးဖိုးမောင် ပြော​လေသည်။

“ဒါဆိုရင် ဆရာတွေဆိုတာကရော…”

“ကျုပ်တို့ရွာနဲ့နီးစပ်ရာက ဆရာတွေကိုပဲ
ခေါ်ပြီးရှင်းလင်းခိုင်းမိတာပေါ့အမေကြီးရယ်…
ဒါပေမယ့်လည်း ဒီသရဲမရဲ့လက်ချက်နဲ့ပဲ
သူတို့လည်းအသက်ဆုံးရှုံးခဲ့ကြရတယ်ဗျ
အဲ့သည်နောက်တော့ တခြားဘယ်သူကိုမှ ထပ်ပြီး
မခေါ်ဖြစ်တော့ပါဘူးဗျာ…”

“အင်း…လည်ဆွဲကရော အခုဘယ်သူ့ဆီမှာရှိနေတာလဲကွဲ့”

“ဘယ်သူ့ဆီမှာမှမရှိပါဘူးဗျာ…
သူ့ကို ရှာတွေ့တဲ့နေရာမှာပဲပြန်ပြီး
မြုပ်ထားလိုက်ပါတယ်…
ဒါပေမယ့် ညညဆို ဒီသရဲမက ရွာထဲကို လှည့်ပတ်ပြီး
သွားနေတာဗျ…ကျုပ်တို့တစ်ရွာလုံးလည်း
ဒီသရဲမကို ကြောက်ပြီး စိတ်ဖြောင့်ဖြောင့်ကို
မနေနိုင်ကြပါဘူးဗျာ….”

သူကြီးဦးဖိုးမောင်ပြောပြသောအကြောင်းအရာများကိုဘွားမယ်စိန်တို့စဥ်းစားရပြန်သည်။

ဘွားမယ်စိန်နဲ့ရှင်ညိုတို့ တိုင်ပင်နေကြစဥ်
သူကြီးဦးဖိုးမောင်မှာ မည်သည့်စကားမှဝင်မပြောလေဘဲ
အလိုက်သိစွာပင်ငြိမ်နေခဲ့သည်။
ခဏမျှကြတော့…

“ဘွားတို့ဘက်က ဒီညပဲ သရဲမကိုခေါ်ပြီး
ရွာကနေရှင်းထုတ်ပေးပါ့မယ်…
ဒါပေမယ့် မောင်ရင့်ဘက်ကလုပ်ပေးစရာတော့
ရှိသေးတယ်ကွဲ့…”

“ကျုပ်ဘက်ကဘာများလုပ်ပေးရမလဲအမေကြီး…”

“အဲ့တာက မောင်ရင့်အနေနဲ့ရွာသူ၊ရွာသားတွေကို
ညဘက်အိမ်အပြင်မထွက်ကြဖို့ ပြောပေးယုံတင်ပါ…
အိမ်အပြင်တင်မကဘူး…သူတို့ကိုခြံဝိုင်းထဲတွေ
ကိုတောင်မဆင်းခိုင်းပါနဲ့…
ဘွားတို့အနေနဲ့က ဒီသရဲမကို အထင်သေးလို့မရဘူးကွဲ့…
သူ့မှာကဘယ်လိုတန်ခိုးတွေရှိနေမလဲဆိုတာ
ဘွားတို့မသိရသေးဘူးလေ…
ဒါကြောင့် တခြားသူတွေကို ဒုက္ခပေးလာမှာ
စိုးရိမ်လို့ပါကွယ်…”

“ဒါကတော့စိတ်ချဗျ…
ကျုပ်အားလုံးကိုသတိပေးလိုက်ပါ့မယ်…
တစ်ရွာလုံးကတော့ အရင်ကတည်းက
ညနေဘက်ရောက်တာနဲ့ ရွာထဲကိုတောင်
မသွားလာရဲကြဘူးခင်ဗျ…”

“အေးကွယ်…သူတို့ကိုလည်းသနားမိပါတယ်…
ဘွားတို့ဘက်ကလည်းအတတ်နိုင်ဆုံးကြိုးစားပြီး
ရှင်းလင်းပေးပါ့မယ်”

“ဟုတ်ကဲ့ခင်ဗျ…”

“သြော်…ဒါနဲ့ လည်ဆွဲ…
အဲ့သည်လည်ဆွဲကို ဘွားတို့ လက်ထဲမှာထားချင်တယ်…
မောင်ရင်ဘက်က လည်ဆွဲမြုပ်ထားတဲ့နေရာကို
လိုက်ပြပေးနိုင်မလား…”

“ရတာပေါ့အမေကြီးရယ်…”

“အေး…ဒါဆိုရင် ဘွားရဲ့သားနှစ်ယောက်နဲ့
ဟောသည်ဘက်ကသမီးကိုခေါ်သွားလိုက်ကွဲ့…
သမီးရှင်ညို ဘွားစောစောကမှာထားသလိုပဲ…
လည်ဆွဲကိုအင်းစက္ကူနဲ့ပတ်ပြီးယူလာခဲ့လိုက်ကွဲ့…”

“ဟုတ်ကဲ့အဘွား”

ဘွားမယ်စိန်က သူကြီးဦးဖိုးမောင်နောက်သို့
မောင်တိုး၊မောင်အုန်းနဲ့ရှင်ညိုတို့ကိုလိုက်သွားစေသည်။
ရွာထဲကလူများကလည်း မျက်နှာစိမ်းများကိုမြင်တော့
စိတ်ဝင်စားနေကြ၏။
ရှင်ညိုတို့အနောက်မှလိုက်လာကြပြီး
လုပ်ကိုင်သမျှကို စိတ်ဝင်တစားပင်ကြည့်နေခဲ့ကြသည်။

“ဒီနေရာပဲကွဲ့”

သူကြီးဦးဖိုးမောင်ညွှန်ပြသောနေရာကိုမောင်တိုးနဲ့
မောင်အုန်းတို့တူးကြသည်။

“ရပြီ…ရပြီ…လက်နဲ့ပဲယက်ထုတ်လိုက်တော့ကွဲ့”

မောင်တိုးတို့လည်းသူကြီးဦးဖိုးမောင်ရဲ့စကားအတိုင်း
မြေကိုလက်ဖြင့်ယက်ထုတ်ကြတော့သည်။
​နောက်ဆုံး၌အိုးအသေးလေးဖြင့်ထည့်ထားသော
လည်ဆွဲ လေးကို တွေ့လိုက်ကြရ၏။
ရှင်ညိုက ထိုလည်ဆွဲ ကိုယူ၍ နှုတ်မှရွှတ်ဆိုစရာများကို
အဆက်မပြတ်ရွှတ်ဆိုကာ အသင့်ယူလာသော
အင်းစက္ကူဖြင့် ထုတ်ပိုးထားလိုက်တော့သည်။

“သူကြီး…ဘာတွေလုပ်နေတာလဲဗျ…”

“နေစမ်းပါကွာ…တော်နေကျမှ ငါမင်းတို့ကို
လာပြောမယ်…အခုတော့ သွားဦးမယ်ဟေ့”

မနေနိုင်သောရွာသားများက သူကြီးကိုလာမေးကြရာ
သူကြီးက ထိုသို့သာပြောထားခဲ့သည်။
ရှင်ညိုတို့လည်း လည်ဆွဲကိုယူ၍
ဘုန်းကြီးကျောင်းသို့ပြန်ရောက်လာခဲ့သည်။

“အမေကြီး…ကျုပ်အိမ်မှာပိလိုက်တည်းကြပါလားဗျာ…
ဒီမှာက ဘုန်းကြီးကျောင်းဆိုတော့ နေထိုင်ရတာ
မလွှတ်လပ်ဘူးခင်ဗျ…”

သူကြီးဦးဖိုးမောင်စကားကိုဘွားမယ်စိန်ခေါင်းညိတ်၍…

“အင်း…ကောင်းတာပေါ့ကွယ်…”

ဟု…ဖြေလိုက်သည်။
ထိုသို့ဖြင့်ဘွားမယ်စိန်တို့လည်း ဆရာတော်ဘုရားကို
လျှောက်ထား၍ သူကြီးဦးဖိုးမောင်အိမ်သို့သာ
တည်းဖြစ်ခဲ့ကြသည်။
သူကြီးဦးဖိုးမောင်ရဲ့မိန်းမနဲ့ သားသမီးများက…
ဘွားမယ်စိန်တို့ကို ဝမ်းပန်းတသာပင်ဧည့်ခံပေးကြ၏။
သူကြီးဦးဖိုးမောင်ကတော့ ဘွားမယ်စိန်ခိုင်းထား၍
ရွာကိုလှည့်ပတ်သွားလာကာရွာသူ၊ရွာသားများကို သတိပေးစကားပြောပြရှာသည်။

ညသို့ရောက်တော့ ဘွားမယ်စိန်ကတောင်ဝှေးကြီးထောက်၍ ရှေ့မှသွားသလို…
ရှင်ညိုနဲ့မောင်တိုး…မောင်အုန်းတို့ကလည်း အနောက်မှ
လိုက်လာခဲ့ကြ၏။
တိတ်ဆိတ်နေသောရွာလမ်းမကိုဖြတ်ကျော်လာပြီးနောက်
ရွာအပြင်ဘက်သို့ရောက်လာခဲ့ကြသည်။

“ဒီနေရာဆိုရင် သင့်တော်လောက်ပြီကွဲ့…
ကဲ…သမီး…လည်ဆွဲ ကိုထုတ်ပြီး အဲ့သည်ကောင်မကို
ခေါ်လိုက်တော့…”

ဘွားမယ်စိန်ကခိုင်းတော့ ရှင်ညိုလည်း လည်ဆွဲကို
ပတ်ထားသောအင်းစက္ကူများကိုဖယ်ရှားလိုက်သည်။
ပြီးနောက် လည်ဆွဲ အား ​မြေပေါ်သို့ ပစ်ချ၍ လည်ဆွဲတစ္ဆေအားအမိန့်ပေးကာခေါ်ယူလိုက်တော့သည်။

မီးခိုးငွေလေလား…မြူလေလားမသဲကွဲလှသော
အဖြူရောင်အငွေ့များထွက်ပေါ်၍လာသည်။

“တယ်…ဒီကောင်မက အတော်အစွမ်းပြချင်နေတာပါလား”

ဘွားမယ်စိန်က အဖြူရောင်အငွေ့များကိုကြည့်၍
သူ၏တောင်ဝှေးကိုမြေပေါ်သို့ဆောင့်ချလိုက်လေရာ
စောစောကထွက်ပေါ်နေသော အဖြူရောင်အငွေ့များ
ပျောက်ကွယ်သွားခဲ့တော့သည်။

“အဘွား…ကျုပ်ခေါ်တာကို ဒင်းကမလာဘူး…
ဘယ်လိုဆက်လုပ်ရမလဲ…”

“အနုနည်းနဲ့ခေါ်မရရင် အကြမ်းနည်းသာသုံး…
ဟုတ်ပြီလား”

ရှင်ညိုခေါင်းညိတ်လိုက်သည်။

ရှင်ညိုဖနောင့်တစ်ချက်ကိုမြေပေါ်သို့ ဆောင့်ခနဲ
ပေါက်ချလိုက်၏။

ဆွဲကြိုးကိုလက်ညိုးထိုးပြီး နှုတ်မှလည်း
ဂါထာများကိုရွတ်ဆိုပြန်သည်။

ထိုသို့လုပ်လေမှ…

“ဟားးး…ဟားး…ဟားး…ဟားးး…ဟားး..ဟားး….”

ဟူသောရယ်မောသံကြီးထွက်ပေါ်လာခဲ့၏။

“ဘွား…ဟိုရှေ့မှာ…”

မောင်တိုးကလက်ညိုးထိုးကာညွှန်ပြသည်။
မိန်းမကြီးတစ်ဦး ဆံပင်ကိုဖားလျားချအနေအထားဖြင့်
ဘွားမယ်စိန်တို့ကိုရပ်ကြည့်၍နေသည်။

“ဟဲ့ကောင်မ…ညည်းကဘာလဲ…
ဟောသည်တစ်ရွာလုံးကို ဒုက္ခပေးပြီး…
လူတွေကိုသတ်နေတာက ဘာကြောင့်လဲ…”

ဟု…ဘွားမယ်စိန်က မိန်းမကြီးကိုမေးလိုက်သည်။

“ကိုယ်နဲ့မဆိုင်ရင်ဝင်မပါကြနဲ့…
မဟုတ်ရင်ရှေ့ကအကောင်တွေလိုဖြစ်သွားမယ်မှတ်”

မိန်းမကြီးက ဘွားမယ်စိန်တို့ကို လက်ညိုးငေါက်ငေါက်ထိုး၍ ပြောလိုက်သည်။

“တောက်…နင်ကတော့ ထပ်သေချင်နေပြီထင်တယ်”

ရှင်ညိုတောက်တစ်ချက်ခေါက်၍ မိန်းမကြီးကို
ဒေါသတကြီးပင်ပြောလိုက်သည်။

“ဟားး…ဟားးး…ဟားး…ဟား…ဟားးး…ဟား..
ဟားးး…ဟားး…ဟဲ့ကလေးမ…နင့်လောက်ကတော့
မိစံတို့က အယားတောင်မပြေလှဘူး…
ငါ့နာမည်ကိုလည်းမှတ်ထား
မြို့စားကတော်…လှမိစံတဲ့…ဟင်း……”

“သြော်…သြော်…သြော်…မြို့စားကတော်လှမိစံက…
သရဲဘဝနဲ့လူတွေကိုဒုက္ခပေးနေတာပေါ့လေ…
ငါတို့သိရအောင်နင့်ရဲ့သမိုင်းကြောင်းကို
ပြောစမ်းပါဦးဟဲ့…”

ရှင်ညိုကပြောတော့ မိန်းမကြီး၏ဒေါသမျက်ဝန်းသည်
ဖျော့တော့လာကာ…

“ငါ့နာမည်က လှမိစံ…ငါ့လင်က မြို့ကိုပိုင်တဲ့
မြို့စားကြီးဦးသီဟ…ငါလက်ညိုးညွှန်ရာရေဖြစ်လောက်တဲ့အထိ ငါ့လင်ကငါ့အပေါ်ကိုအရမ်းချစ်ခင်ခဲ့တာ…
ဒါပေမယ့် အယုတ်တမာတွေကြောင့် ငါဘဝကအခု
လိုဖြစ်ခဲ့ရတာ….ဟင်း….ဒင်းတို့ကိုလည်းသတ်မယ်…
အကုန်လုံးကိုသတ်မယ်…”

ဟုပြောလာခဲ့သည်။
ဘွားမယ်စိန်နှင့်ရှင်ညိုတို့သည် မိန်းမကြီး၏
ပြောင်းလဲနေသောအမူအရာအပြောအဆိုများကို
အကဲခတ်နေကြသည်။

“ညည်းကိုကြည့်ရတာ မကျေနပ်မှုတွေနဲ့သေဆုံးခဲ့ရပြီး…
ချုပ်နှောင်ခံထားရပုံပဲအေ့… “

ဟု…ဘွားမယ်စိန်ကပြောတော့ မိန်းမကြီးသည်
မျက်လုံးများနီကာရဲလာပြီး…

“ဟုတ်တယ်…ငါ့လင်နဲ့ငါ့ကိုသတ်ပြီး….
နေရာလုခဲ့တဲ့ ဗညားမောင်မောင်ဆိုတဲ့ကောင်ကို
ပြန်သတ်ချင်နေတာ…ငါ့ဝိညာဥ်က ဒင်းက်ို
နှောက်ယှက်ပြန်တော့ ဒင်းကငါ့ဝိညာဥ်ကို
ငါ့ရဲ့လည်ဆွဲမှာချုပ်နှောင်ပြီး
မြေထဲမြုပ်ပြီးထားခဲ့ကြတာ…
ဒါပေမယ့် အခုတော့ငါလွှတ်လာပြီ…
ငါတို့ဘဝကိုဒုက္ခပေးခဲ့တဲ့လူတွေအားလုံးကိုသတ်ပစ်မယ်…သတ်ပစ်မယ်……..”

ဟုပြောကာ မောင်တိုးဆီသို့ပြေးဝင်လာသည်။
ရှင်ညိုကမောင်တိုးကိုတွန်းထုတ်ပြီး ကြမ်းတမ်းလှတဲ့တစ္ဆေမကို ရင်ဆိုင်လိုက်သည်။

ရှင်ညိုသည် ဖနောင့်တစ်ချက်ပေါက်ပြီး
တစ္ဆေမ၏ခြေများ…လက်များကို လှုပ်၍မရအောင် ချုပ်ထားလေသည်။

“အားးးးး”

သို့သော် တစ္ဆေမ၏အစွမ်းကလည်း မသေးလှပေ။
သူ၏အင်အားဖြင့် ရှင်ညိုချုပ်ထားသည်များကို
ဖျက်ဆီးပစ်လိုက်၏။
ရှင်ညိုအံ့သြ သွားချိန်မှာ တစ္ဆေမက ရှင်ညိုကို
သတ်ရန်ကြိုးစားလေသည်။

“တောက်…”

သို့သော် ဘွားမယ်စိန်က တောက်တစ်ချက်ခေါက်လိုက်ရာတစ္ဆေမမှာ ခွေခနဲလဲကျလို့သွားခဲ့သည်။
ဘွားမယ်စိန်သည်ခွေခနဲလဲကျလို့သွားသော
တစ္ဆေမ၏ ပတ်ပတ်လည်အားတောင်ဝှေးဖြင့်ဝိုက်ကာ စည်းတစ်ခုတားလိုက်သည်။

“ဘွားကို… လည်ဆွဲပေး”

ရှင်ညို ဘွားမယ်စိန်အားလည်ဆွဲကိုကောက်ယူကာပေးလိုက်သည်။

“ဒီလိုမျိုး ရန်ငြိုးကြီးနေတဲ့တစ္ဆေတွေကို
ဘယ်တော့မှ အမှားမခံနဲ့…
ဒင်းတို့ရဲ့စိတ်ထဲမှာ လက်စားချေချင်တဲ့စိတ်တွေက
ပြင်းထန်နေကြတာ…”

ဟု…ပြောပြီးဘွားမယ်စိန်သည် လည်ဆွဲကို
သူ့လက်ဖဝါးပေါ်တင်၍ ဂါထာများရွတ်ဆိုတော့သည်။

“အမယ်လေး….အမယ်လေးးးးးးးးးး”

တစ္ဆေမ မှာ နာနာကျဥ်ကျဥ်အော်ဟစ်တော့သည်။

“အမယ်လေး…တော်…တော်ပါတော့….”

ဘွားမယ်စိန်သည် တစ္ဆေမ အား စိုက်၍ကြည့်ရင်း
နှုတ်မှလည်းဂါထာများကိုအဆက်မပြတ်ပင်ရွှတ်နေခဲ့သည်။

“အမယ်လေး…မရွှတ်ပါနဲ့တော့…
ကျုပ် ကြောက်ပါပြီ…ကျူပ်ကြောက်ပါပြီ…
နာလှပါပြီတော်…ပူလှပါပြီ……..”

ဟု….တစ္ဆေမကကြိမ်ဖန်များစွာအော်ဟစ်နေတော့သည်။

တစ္ဆေမခမျာလုံးဝမအော်နိုင်တော့ဘဲ မြေပေါ်၌
မောဟိုက်နေသောအခါမှ ဘွားမယ်စိန် ဂါထာရွှတ်တာကို
ရပ်တန့်ပေးလိုက်သည်။

“ကဲ…ညည်းကိုငါပြောမယ်…
ဒီလည်ဆွဲနဲ့အတူ ညည်း ကိုဖျက်ဆီးပစ်ရမလား…
ဒါမှမဟုတ် ညည်းရဲ့အမှားကိုဝန်ခံမလားဆိုတာ…
ညည်းအသေအချာရွှေးပေတော့”

ဟု…ဘွားမယ်စိန်ကပြောတော့ တစ္ဆေမသည်
မျက်ရည်များဖြင့်…

“ကျုပ်ကို ဒီလည်ဆွဲကနေချုပ်နှောင်ထားတာက်ို
ဖြည်ပေးပါ…ကျုပ်လွှတ်လပ်ချင်ပါတယ်…”

“လွှတ်လပ်ချင်တယ်ဟုတ်လား…
ညည်းလွှတ်လပ်ရင် တစ်ပါးသူတွေကိုဒုက္ခပေးဦးမှာပဲ
မဟုတ်လား…ညည်းလက်စားချေချင်တဲ့လူတွေကတော့
အရိုးဖြစ်လို့ဆွေးမြေ့နေလောက်ပေမယ့်
ညည်းကတော့မဆိုင်တဲ့လူတွေကို
သတ်ဖြတ်နေဦးမှာပဲမဟုတ်လား…”

“ကျုပ်…ကျုပ်ဘယ်သူ့ကိုမှမသတ်တော့ပါဘူးတော်…
ကျုပ်ကိုလွှတ်လပ်အောင်ပဲလုပ်ပေးပါနော်…”

တစ္ဆေမက အသည်းအသန်တောင်းဆိုနေသည်။
ဘွားမယ်စိန်သည် တစ္ဆေမကိုသေချာကြည့်နေ၏။
ခဏမျှကြာမှ…

“အေး…ဒီလိုဆိုငါညည်းကိုလွတ်လပ်အောင်လုပ်ပေးမယ်
ညည်းလွတ်လပ်တာနဲ့ ဟောသည် လည်ဆွဲကိုရောင်းချပြီး
ညည်းအတွက်အမျှအတန်းပေးဝေမယ်ဆိုရင်ကော
ညည်းလက်ခံမှာလား”

“ရှင်….”

တစ္ဆေမ အံ့သြသွားသည်။

“ညည်းကဒီဘဝကြီးနဲ့ပဲဆက်ပြီးနေချင်သေးတာလား…
ဘဝသစ်ကိုညည်းမလိုချင်တော့ဘူးလား”

“လို…လိုချင်ပါတယ်…”

“အေး…ငါပြောတာလက်ခံရင်…
ညည်းကိုဒီဘဝကနေ
ကျွတ်လွတ်နိုင်အောင်ငါလုပ်ပေးမယ်…”

တစ္ဆေမ မျက်ရည်များပင်ကျလာသည်။
ခေါင်းကိုအဆက်မပြတ်ညိတ်၍…

“ကျုပ်လက်ခံပါတယ်…ကျုပ်ကို အခုလိုမျိုး
ပြောပေးလို့ကျေးဇူးတင်ပါတယ်”

ဟုပြော​လေသည်။
ဘွားမယ်စိန်လည်းပြုံးသွားခဲ့သည်။
ရှင်ညိုလည်း တစ္ဆေမကိုကြည့်ရင်း သက်ပြင်းချရှာ၏။
ထို့နောက်ဘွားမယ်စိန်လည်းလည်ဆွဲဆီမှ အချုပ်အနှောင်များကို တစ္ဆေမအားဖယ်ရှားပေးလိုက်လေသည်။

“ညည်းရဲ့အချုပ်အနှောင်တွေကို ဖယ်ပေးပြီးပြီဆိုတော့
ညည်းဘယ်သူ့ကိုမှဒုက္ခမပေးလေနဲ့တော့…
နောက်ပြီး ညည်းအတွက်ကုသိုလ်ပြုအမျှအတန်းပေးဝေမှာမလို့ ဟောသည်အပင်မှာနေပြီး လာခေါ်တာကိုပဲ
စောင့်ပါ”

တစ္ဆေမခေါင်းညိတ်လေသည်။

တစ္ဆေမကိစ္စပြီးလေတော့မှ ဘွားမယ်စိန်တို့လည်း
ရွာထဲသို့ပြန်ဝင်လာခဲ့ကြ၏။
မအိပ်နိုင်ဘဲစောင့်နေသော သူကြီးဦးဖိုးမောင်တို့ကို
အကြောင်းစုံပြောပြတော့…

“ဒီလည်ဆွဲကိုကျုပ်ယူပါ့မယ်အမေကြီး…
နောက်ပြီး မလှမိစံအတွက် အလှုအတန်းကို
ကျုပ်လုပ်ပေးပါ့မယ်…လိုအပ်တာရှိရင်လည်း​ပြောပါ
အမေကြီးရယ်…”

ဟု…ပြောရှာသည်။

ထိုသို့ သရက်ခြံတစ်ရွာလုံးလည်း လည်ဆွဲတစ္ဆေ၏
ဒုက္ခပေးမှုမှ ကင်းလွှတ်သွားခဲ့ရသည်။
တစ္ဆေမအတွက်လည်း ကုသိုလ်ကောင်းမှုလုပ်ရာ၌
တစ်ရွာလုံးကပင်ပါဝင်ကူညီခဲ့ကြရှာသည်။

ထိုမျှလုပ်ကိုင်ပေးလေတော့ လည်ဆွဲတစ္ဆေမလည်း
ဘဝသစ်သို့ကူးပြောင်းသွားနိုင်ခဲ့ပါသည်။
ဘွားမယ်စိန်နှင့်ရှင်ညိုတို့ကိုလည်း
သရက်ခြံရွာသူ၊ရွာသားများမှာကျေးဇူးတင်၍
မဆုံးကြရှာ။

ထိုသို့ဖြင့်ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)