————-
“ဆရာ”
“ဗျာ”
“ဆရာနဲ့ ကျွန်မ မွေးဘက်လုပ်ရအောင်”
ဆရာမ ဒေါ်ခင်ဝင်းချိုက ကျွန်တော့်ကို လာပြောနေခြင်းဖြစ်သည်။
“အို … ဆရာမ စကားကြီးကလဲဗျာ … ဘာကြီးလဲ”
“ကျွန်မက မွေးဘက်လိုက်ရှာနေတာ … အဲဒါ ဆရာလုပ်မလား”
ဟာ ပိုပြီးတော့ ဆိုးပြီ။ ယနေ့ ဆရာမ ခင်ဝင်းချို ဘာဖြစ်သည်မသိ။ စောစောစီးစီး ရုံးခန်းထဲတွင် စာစစ်နေသည့် ကျွန်တော့်ကို ညစ်ညစ်ပတ်ပတ်တွေ လာပြောနေသည်။
“ဘယ်လိုလဲဆရာ”
ခက်တော့နေပြီ။
“ဆရာမ … ကျွန်တော် စိတ်မဝင်စားဘူး”
“ဆရာ … စိတ်ကူးမလွဲနဲ့နော် … ကြီးလာလို့ကတော့ ပိုက်ဆံတွေ တအားကို ရမှာ”
“ဒေါ်ခင်ဝင်းချို”
“ရှင်”
“ခင်ဗျား … စောစောစီးစီး ဘာတွေ လာပြောနေတာလဲ”
“ဘာပြောလို့လဲ”
“ကျွန်တော် အိမ်ထောင်ရေးကိစ္စတွေ စိတ်မဝင်စားဘူး”
“ဆရာ့ကို ဘယ်သူက စိတ်ဝင်စားခိုင်းနေလို့လဲ”
“ခင်ဗျားပဲ ခု ကျွန်တော့်ကို လင်ယူ သားမွေးဖို့ အကြောင်းတွေ လာပြောနေတာ မဟုတ်လား”
“ဘယ်သူကပြောလို့လဲ”
“ခင်ဗျားလေ … ဘာမွေးဘက်လဲ … ခင်ဗျားဘာသာမွေးပါလား … ကျုပ်ကို လာမဆွနဲ့”
“ဆရာက ဘာကိုပြောတာလဲ”
“ခင်ဗျား အိမ်ထောင်သားမွေးဖို့အကြောင်း လာပြောနေတာ မဟုတ်လား”
“အလိုတော် တစ်သက်လုံး လင်မလိုချင်လို့ အပျိုကြီး လုပ်နေတာ။ ဆရာ့ကို ဘယ်သူက အိမ်ထောင်သားမွေး အကြောင်း ပြောနေလို့လဲ … ဝက်အတူတူ မွေးရအောင် လာပြောနေတာ”
“ဘာဝက်မွေးမှာလဲ”
“မွေးဘက်ပေးထားတာကိုပြောတာ”
“ဘာလဲဗျ … မွေးဘက်ပေးတယ်ဆိုတာ”
“မိကြည်ပြာတို့အိမ်မှာ ဝက်လေးတွေပေါက်တယ်။ အများကြီးပဲ။ အဲဒါ ဝက်ကို ဆရာနိုင်သလောက် ဝယ်ထားဖို့ ပြောတာ။ ကိုယ်လည်း မွေးစရာမလိုဘူး။ သူတို့ကို ပိုက်ဆံပေးထားလိုက်။ သူတို့ဘာသာ မွေးပေးလိမ့်မယ်။ အချိန်တန်လာတော့ ရောင်းစားရင် ပိုက်ဆံရတယ်လို့ပြောတာ”
“အဲဒါကို မွေးဘက်လို့ခေါ်တာလား”
“ဟုတ်တယ် … တကတဲ … သူ့ကိုများ အိမ်ထောင်သားမွေးဖို့ လာပြောရတယ်လို့”
“သိဘူးလေဗျာ”
“ကဲ … ပါမှာလား”
“ပိုက်ဆံဘယ်လောက် ပေးထားရမှာလဲ”
“တစ်ကောင် ၆၀ ပေးထားရမယ်။ နောက်ပြီးတော့ လိုတဲ့ ဖွဲတို့ ဆန်ကွဲတို့လည်း လစဉ်အချိုးကျ ထောက်ပံ့ရမယ်”
“ဘယ်လို အကျိုးအမြတ်ရှိမှာလဲဗျာ … မသိလို့ပါ”
“ဆရာရယ် … ဝက်တစ်ကောင်ကြီးလာလို့ ပြန်ပေါ်ရောင်းရင် ပိုက်ဆံ ဘယ်လောက်ရသလဲဆိုတာ ဆရာ မှန်းကြည့်ပါ။ မကြာခင် မင်္ဂလာဆောင်တွေ၊ ရှင်ပြုတွေ လာတော့မှာလေ။ အဲဒါ ခုကတည်းက ကြိုပြီး မွေးဘက် ပေးထားလိုက်ရင် ပြီးပြီ”
“ကျွန်တော်က ဘာမှ လုပ်စရာမလိုဘူးပေါ့”
“မလိုဘူး”
“အေးလေ … ကျွန်တော်က နားမလည်ဘူး။ ခင်ဗျားပဲ လုပ်လေ။ ကျွန်တော် ပိုက်ဆံ ဘယ်လောက် ထုတ် ပေးရမှာလဲ”
“နှစ်ကောင်ဆို ၁၂၀ ထုတ်ပေး … ကျွန်မက သုံးကောင်”
“ကောင်းပြီလေ”
ဤသို့ဖြင့် ဆရာမ အပျိုကြီး ဒေါ်ခင်ဝင်းချိုနှင့်ကျွန်တော် မွေးဘက်အတူဖြစ်သွားသည်။
“ဆရာရေ … ဝက်လေးတွေက ထွားလိုက်တာ … လိုက်ကြည့်ပါလား”
“နေပါစေဗျာ … ဆရာမကြည့်ရင် ပြီးတာပဲ”
“ဆရာရေ … ဆရာ့ ဆန်ခွဲတမ်း ဒီလပေးပါလား … ဝက်လေးတွေကို ပြုတ်တိုက်ချင်လို့”
“ယူလေ”
“ဆရာရေ … ရှင်ပြုက ဝက်တွေ လာဝယ်နေပြီ … ရောင်းလိုက်တော့မယ်”
“ခင်ဗျား သဘော”
ဤသို့ဖြင့် ဆရာမ လာပေးသည့် ငွေ ၂၀၀၀ ကျပ်ကို ရလိုက်သည်။
“ဘာလဲဗျ”
“ဆရာ့ဝက်တွေကို ရောင်းလိုက်တာလေ”
“ဒီလောက်တောင်ရတယ် ဟုတ်လား”
“ဟုတ်တယ်”
စီးပွားတွက် တွက်မည်ဆိုလျှင်မဆိုး။ ကိုယ်တိုင်လည်း မမွေးရ။ မွေးဘက်ပေးပြီး ဝက်မွေးထားလိုက်သည်မှာ ၁၂၀ ရင်းပြီး ၂၀၀၀ ပြန်ရသည်။ သို့သော် ရှင်ပြုပွဲ ထမင်းစားမဏ္ဍပ်တွင် ဆရာမ ဒေါ်ခင်ဝင်းချိုက
“ဆရာ ခုစားနေတာ … ဆရာ့ဝက်လေ”
ကျွန်တော် မျိုမကျတော့။ စိတ်မကောင်းစွာဖြင့် မဏ္ဍပ်ထဲက ပြန်ထွက်လာသည်။
“ဆရာကြီး ဘယ်လို ဖြစ်သလဲ … စားမကောင်းဘူးလား”
“နေမကောင်းချင်လို့ဗျာ”
ကျွန်တော်နေသည့်တဲကို ပြန်ရောက်ပြီး တဲရှေ့တွင် ပက်လက်ကုလားထိုင်ချကာ စာဖတ်နေမိသည်။
“ဆရာ … ဝင်ခဲ့မယ်နော်”
ဒေါ်ခင်ဝင်းချို ရောက်လာခြင်းဖြစ်သည်။
“လာလေဗျာ … ထိုင်”
ဆရာမက ကျွန်တော့်ရှေ့မှ ကွပ်ပျစ်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး
“ဆရာ”
“ဗျာ”
“ကျွန်မ တစ်ခု တိုင်ပင်ချင်လို့”
“ပြောဗျာ”
“ဆရာနဲ့ ကျွန်မ ကံစပ်တယ် သိလား”
“ဘာလဲဗျာ”
“ဝက်မွေးဘက်က တစ်ကောင်မှလည်း မသေ၊ အသားလည်းတိုး၊ ပိုက်ဆံလည်း အများကြီးရတယ်နော်”
“တော်ပါဗျာ … ဒီနေ့ မျိုလို့တောင် မကျပါဘူး”
“ဆရာ”
“ခင်ဗျာ”
“ဆရာနဲ့ကျွန်မ ဝက်အတူတူ မွေးရအောင်လေ”
“တော်ပါပြီဗျာ … ကျွန်တော်က ဘာမှ မလုပ်တတ် မကိုင်တတ် … နားလည်းမလည်”
“ကျွန်မ မွေးပေးမှာပေါ့ဆရာရယ်။ ကျွန်မအိမ်မှာ မွေးပေးမှာပေါ့”
“ဘာလဲ မွေးဘက်ပေးရမှာလား”
“ဟုတ်ဘူးဆရာ … ဒီတစ်ခါတော့ ကိုယ်ပိုင် … ဆရာနဲ့ ကျွန်မ ဝက်နှစ်ကောင်ဝယ်မယ် … အတူမွေးမယ်”
“ဘယ်သူက အစာကျွေးမလဲ”
“ကျွန်မကျွေးမယ်လေ”
“အကျိုးအမြတ်က”
“ဆရာရယ် … ဆရာနဲ့ ကျွန်မ ပြောနေရမှာလား”
“ပြောရမယ်လေ … သေသွားရင်ရော”
“ဆရာရယ် … ကောင်းစံ … ဆိုးခံ … အတူတူပေါ့ မဟုတ်ဘူးလား”
“တော်ပါပြီဗျာ … စိတ်မချမ်းသာပါဘူး … မမွေးတော့ပါဘူး”
“ဆရာနဲ့ကျွန်မက ကံစပ်လို့ပါ”
“နေပါစေ ဆရာမရယ်”
ဆရာမ ဒေါ်ခင်ဝင်းချို မတ်တတ်ထရပ်လိုက်သည်
“ဘာမှန်းလဲ မသိဘူး … ပြန်မယ်”
“ဟုတ်ကဲ့”
ကျွန်တော် နောက်ဘယ်တော့မှ ဝက်မမွေး။ ဆရာမကလည်း ကျွန်တော့်ကို နောက်ဘယ်တော့မှ စကားလာမစပ်။ ဤသို့ဖြင့် မွေးဘက်ကိစ္စ ပြတ်ခဲ့ရသည်။
တင်ညွန့်