မောင်သိန်းဆိုင်


ကြည်လင်ပြာလဲ့သော ကောင်းကင်ထဲမှ ကျဲကနဲ ပူချလိုက်သော နေရောင်ခြည်မှာ အရာရာကို လောင်ကျွမ်းပစ်လိုက်တော့မည့်နှယ် ရှိသည်။

တော်သလင်းနေ ပုစွန်သေ … တဲ့။

စာဆိုသည် အရှိသား မဟုတ်လား။

ကောင်းကင်မှာ တိမ်အသင့်အတင့်တော့ ရှိသည်။ သို့သော် မြူမှေးကင်းစင်နေသည်။ ဖြူလွင်သော တိမ်တစ်စုသည် ဂွမ်းစိုင်များနှယ် ဖြစ်သည်။

ပင်လယ်ပြာထဲမှာ ရွက်တိုက်လွင့်မျောသွားသော ရွက်ပြည့်ဖောင်းနေသည့် လှေကြီးများလို ဖြစ်သည်။ တောင်ကျောကုန်းစပ်ဆီမှ နိမ့်လှစွာ ဖြတ်သန်းသွားကြခြင်း ဖြစ်သည်။ သူ့အထက် ကောင်းကင်ပြင်ကျယ်မှာကား တိမ်ဟူ၍ ကြက်မတဝပ်စာပင် မရှိ။ ပကတိ ကြည်လင်နေသည်။

နေရောင်ခြည်မှာ ထွန်းလင်းတောက်ပလွန်းသည်။ ရဲတင်းစူးရှလွန်းသည်။ မျက်စိများပင် ကျိန်းစပ်ရခမန်း ဖြစ်သည်။

သည်ကနေ့မှာမှ ဘယ်အငြိုးဖြင့် မိုးကင်းစင်နေလေသည် မသိ။

အကယ်၍သာ တိမ်အုပ်စု တစ်စုတစ်လေ ခေါင်းပေါ်မှ ဖြတ်သန်းသွားလျှင် ခေတ္တခဏဆိုသလို အရိပ်ရမည်။ အပူရှိန်သက်သာမည်ကို အသိသားပင်။

သို့သော်လည်း မိုးမရွာနိုင်သည် တိမ်မဆိုင်းနိုင်သည် အပြစ်ပြော၍တော့ မရပါ။ မိုးမရွာ တိမ်မဆိုင်းသောကြောင့်သာလျှင် သည်ကနေ့ မြောင်းဖော်ဖို့ စိတ်ကူးရလာသည် မဟုတ်ပါလား။

သည်နှစ် ကောင်းလိုက်သည့်မိုး။

နေ့စဉ်လိုပင် ရေပြည့်အိုးကို မှောက်သွန်လိုက်သလို တရွာတည်း ရွာနေသည်။

မြောင်းတွေ ပြည့်လျှံနေသည်။ အိမ်၏ဝန်းကျင်တွင် ရေဝပ်ကာ အိုင်ငယ်ကလေးတွေလို ဖြစ်နေသည်။ ဘယ်သင်းက မြောင်း၊ ဘယ်သင်းက နောက်ဖေးလမ်းကြားဟူ၍ ခွဲခြား၍ မရနိုင်အောင်ပင် ဖြစ်သည်။

မနှစ်က သည်အချိန်လောက်ဆိုလျှင် မြောင်း လေးငါးမြောင်း ဖော်ပြီးပြီ။ အိုင် လေးငါးအိုင် ပက်ပြီးပြီ။ ရသည့်ငွေဖြင့် အဟောင်းဆိုင်က တပတ်ရစ်လုံချည် ဝယ်ဝတ်ခဲ့သည်ကို အမှတ်ရသေးသည်။

သည်နှစ်အနေနှင့် ပြောရလျှင်တော့ မိုးဦးကော မိုးလည်ပါ ကောင်းနေ၍ တွက်ချေမကိုက်လှချေဘူးပေါ့။

အချိန်က ဘာမျှရှိသေးသည်မဟုတ်။ ၉ နာရီခွဲ ၁ဝ နာရီ အလွန်ဆုံး။ သည်အချိန်လောက်နှင့် သည်မျှပူနေလျှင် မွန်းတည့်ချိန်မှာ ဘယ်သို့ရှိမည်မသိ။

ထွန်းမင်းလတ်၏ အဝတ်မဲ့ကျောပြင်ကလေးမှာ အညှာအတာကင်းသော နေရောင်ခြည်ကြောင့် စပ်ကျင်နေသည်။ အပ်ကလေးများနှင့် ဆွသလို စူးရှနေသည်။

ရေကို လက်ခုပ်ဖြင့်ခပ်ပြီး ကျောပြင်သို့ ပက်ဖျန်းလိုက်သည်။

“ဟယ် … ကလေးရယ်၊ မတော် အပူတွေဘာတွေ ရှပ်နေပါဦးမယ်ကွယ်”

လမ်းပေါ်မှ ဖြတ်သွားသော မိန်းမကြီးတစ်ယောက်၏ အသံကို ကြားရသည်။

ထွန်းမင်းလတ်သည် ကုန်းငုံ့နေသော အနေအထားဖြင့် ခြေထောက်များအကြားမှ လှမ်းကြည့်သည်။ သူ့အမြင်အရဆိုလျှင်တော့ ယင်းမိန်းမကြီး၏ ပုံရိပ်မှာ ဇောက်ထိုး ထင်နေသည်။

မိမိတို့လမ်းနှင့် တစ်လမ်းကျော်ရှိ တိုက်ခံအိမ်တွင် နေသူဖြစ်သည်။ သူမ၏ စိန်နားကပ်မှာ နေရောင်ဖြင့် ဖြတ်ကနဲ လက်သွားသည်ကို ထွန်းမင်းလတ် သတိပြုလိုက်မိသည်။

“ဒီလိုပဲ မင်းကတော်ရေ့၊ ဒီကလေးတွေက မအေမနိုင် အဖေမနိုင် အရပ်မနိုင်နဲ့ လက်ပိုက်ကြည့်နေရတာပဲ”

တူရူမှလာသော မိန်းမကြီးတစ်ယောက်က ဝင်ပြောသည်။

“ရေကလဲ ခန်းသေးတာ မဟုတ်ဘူး။ ပြီးတော့ ဈေးမှာလဲ ငါးပုစွန်က ပေါမှပေါ။ ပုစွန်ကျားတုပ်တွေ လေးဆယ်ဈေးတဲ့။ တစ်အိမ်သားလုံးစာတော့ မချက်နိုင်ဘူး။ အိမ်က အဖိုးကြီးအတွက် အစိတ်သားပဲ ဝယ်လာတယ်လေ။ အများစားကတော့ ငါးကြင်းပဲ၊ အစိတ်ဈေးတဲ့။ မင်းကတော် ကြည့်ပါဦး၊ လတ်လိုက်တာ အကြောကို စိမ်းနေတာပဲ။

ငါးမြစ်ချင်းက ဆယ့်ရှစ်ကျပ်တဲ့၊ ငါးသလောက်ဆို ကဝက်ကင်း နှစ်ဆယ့်နှစ်ကျပ်တဲ့။ အိမ်မှာတောင် ပြောနေရသေးတယ်။ ငါးကျည်း ငါးခူတွေလဲ ဈေးကျနေတာမို့ မုန့်ဟင်းခါးချက်စားရအောင်လို့”

“ဟုတ်တယ် မစိန်တင်၊ ငါးပုစွန်ပေါတုန်း ဖိစားမယ် အောက်မေ့တာ အိမ်ကလူက သွေးတက်သလေး ဘာလေနဲ့ စားရတယ်ကို မရှိပါဘူး။ သူက ကြက်သားမှ ကြက်သား၊ ငါးပုစွန် ပေါပေမယ့် ကြက် ဝက်ကတော့ ဈေးကျတယ် မရှိပါဘူးရှင်”

“ဒီကနေ့တော့ ဒင်းတို့ ဘယ်ခံနိုင်မလဲ။ ဟာမစ်တို့ဆိုင်မှာ ကြက်အရိုးလွတ် သုံးဆယ်တဲ့။ တစ်နေ့က ဆွမ်းဟင်းချိုင့် ထည့်မလိုဟာ ခြေထောက် တောင်ပံ မလွတ်ပဲနဲ့တောင် သုံးဆယ့်ငါးကျပ် ဝယ်ခဲ့ရတာရှင့်”

မြက်ပင်ဖြင့် တွယ်ညိနေသော မြေတစ်တုံးကို ယူကာ အတန်မြင့်တက်နေပြီဖြစ်သော တာပေါ် ပစ်တင်လိုက်သည်။

အမြင်တွင် ဈေးခြင်းတောင်းဆွဲထားသော မိန်းမကြီးနှစ်ယောက်၏ အသွင်သဏ္ဍာန် ဝေးလံသွားသည်။ ဈေးမှအပြန် ကြုံခိုက်ဆုံခိုက်ကလေးမှာ အမိအရ ဂုဏ်ပြိုင်သွားကြသည် ဆိုခြင်းကို ထွန်းမင်းလတ် အနေဖြင့် သိသည်မဟုတ်။ သူတို့ပြောသော သားဈေး ငါးဈေးကို စိတ်ဝင်စားနိုင်သည်လည်း မဟုတ်။

ထွန်းမင်းလတ်အဖို့ ရပ်ကွက်နှင့် မလှမ်းမကမ်းမှာ ရှိနေသည့် ဈေးဆိုသည်မှာလည်း အဓိပ္ပာယ် တစုံတရာကို ဆောင်မနေ။ နီးခြင်း၊ ဝေးခြင်းသည်လည်း အကြောင်းမဟုတ်။ ဈေးတက်ခြင်း၊ ကျခြင်းသည်လည်း သက်ဆိုင်လှသည်မထင်။

မိမိတို့က ဈေးကို အားကိုးသော လူစားမျိုး မဟုတ်သည်လည်း အမှန်။

အမေကိုယ်တိုင် ဈေးသို့ တစ်ပတ်တစ်ခါ မရောက်နိုင်။ ရောက်သည်ဆိုလျှင်လည်း ကိုယ်က ဝယ်ဖို့မဟုတ်။ ကိုယ်က ရောင်းဖို့သာ ဖြစ်သည်။

ဈေးတက်ခြင်း ကျခြင်း ဆိုသည်ထက် လက်ထဲမှာ ပိုက်ဆံရှိဖို့က အဓိက။

ဈေးဆိုသည်မှာလည်း နံနက်ပိုင်းတွင်သာ တည်ခင်းရောင်းချသည့် ပျံကျဈေး။
အမေသည် သည်ဈေးမှာ ဘယ်အခါမျှ ဈေးမဝယ်။ ညနေပိုင်းတွင် သည်လိုပဲ ပျံကျဈေးကလေး တစ်ဈေး ရှိသေးသည်။ သူ့ကိုတော့ ဘူတာရုံဈေးဟု ခေါ်သည်။ နံနက်ပိုင်းက ရောင်းမကုန်သည့် အကြွင်းအကျန်ကို ပြန်ချရောင်းသည့် ဈေး။ သည်ဈေးမှာက လျော့ဈေးရတတ်သည်။ ဈေးပေါင်ကျိုးဖြင့် ဝယ်၍ ရသည်။

ထွန်းမင်းလတ်၏ အမေသည် ဘယ်အခါမျှလည်း ငါးကြီး ငါးကောင်းကို ဝယ်တတ်သည်မဟုတ်။ တစ်ဆယ်သား ပြားငါးဆယ်ထက် တက်ဈေး ကျဈေး မရှိသော ဂျပန်ငါး သို့မဟုတ် ပင်လယ်ငါး၊ တလားပီးယားခေါ် မွေးမြူရေးငါး၊ သို့မဟုတ် ငါးမုတ်လို ငါးမျိုးကလွဲပြီး စားလေ့ရှိသည်လည်း မဟုတ်။

ငါးဆိုသည်က မိုးအခါ မြောင်းရေပြည့်နေချိန်မျိုးဆိုလျှင် ထွန်းမင်းလတ်တို့ လက်ထွက် ရေများနေလျှင် မျှားယူသည်။ ရေနည်းချိန်ဆိုလျှင် ပက်ယူသည်။ ရံခါ ငါးရှဉ့်ထိုးကြသေးသည်။

ငါးရဖို့ဆိုသည်က အကြောင်းမဟုတ်။ အဲ တစ်ခုပါပဲ။ ဆီ၊ ငရုတ်၊ ကြက်သွန် ဒါတွေလုံလောက်လျှင် အိမ်မှာ ဟင်းကောင်းတစ်ခွက်ဖြစ်လာဖို့ ဘာမျှ မခဲယဉ်း၊ ဟင်းစားအနေနှင့် မရှား။

မနက်ကပင် အမေ့ကို မှာရသေးသည်။

“အမေ … ရန်ကုန်ထဲရောက်ရင် အဖေ့ဆီက ငွေတောင်းခဲ့ဗျာ။ ဒီနေ့ ကျွန်တော် မြောင်းဖော်မလို့။ ဆီဖိုးရရင် ဆီပြန်ဟင်းချက်စားရအောင်။ ဘာလိုလိုနဲ့ ကျွန်တော်တို့ ဆီပြန်ဟင်း မစားရတာလဲ ကြာပြီ။

* * ***

ရေများနေသေးသည်တော့ အမှန်။

မြောင်းထဲမှာ ရေက ပေါင်လယ်လောက် ရှိနေသည်။ သည်က ပက်လိုက်လျှင် အခြားမြောင်းတွေက စိမ့်ဝင်လာကြဦးမှာ ရှိသေးသည်။

သို့ပေမယ့် မတတ်နိုင်။

ကိုယ်မပက်လျှင် သူတစ်ပါးတွေ ပက်ကြပေလိမ့်မည်။ ကိုယ်က လက်မဦးလျှင် သူတစ်ပါးတွေ လက်ဦးကုန်ကြလိမ့်မည်။

မည်သူ့ထံကမှ လိုင်စင်ယူထားသည် မဟုတ်။ မည်သူ့ထံကမျှ လေလံဆွဲထားသည် မဟုတ်။ ဦးရာသူ ယူစတမ်း၊ ဦးရာသူ ရစတမ်း ဘုံပိုင်ဆိုင်သော ရေမြောင်း။

မိုးမပြတ်လိုက်နှင့် ပြတ်ပြီဟေ့ဆိုသည်နှင့် မြောင်းတံငါတွေ အလျှို အလျှို ပေါ်လာတတ်သည်။

ကိုယ်လို ကလေးချင်းဆိုလျှင် ကိစ္စမရှိ။ ရံခါ လူကြီးတွေ ပါလာတတ်သည်။ ကလေးချင်းဆိုလျှင်တော့ လက်ကြားယိုကာ ငါးကျန်ရစ်တတ်သည်။ သူပက်ပြီး မကြာခင် ကိုယ်ပက်လျှင် ငါးရချင် ရတတ် သေးသည်။ လူကြီးတွေဆိုလျှင်တော့ ခွန်အားကလည်းကောင်းသည်၊ စေ့စပ်သည်၊ ငါးသန်သေးနုတ်ကလေးတွေပင် ကျန်ဖို့မလွယ်။

သည်တော့ နည်းနည်းပို၍ ပင်ပန်းမည်ကို သိလျက်နှင့် လက်ဦးမှုကို ရယူလိုက်ရခြင်း ဖြစ်သည်။

ထွန်းမင်းလတ်မှာ စိတ်ကူးတစ်ရပ်လည်း ရှိသည်လေ။

တမြန်နေ့ကပင် ဇော်ကြီး၏ ကိုယ်ပေါ်မှာ အင်္ကျီအဆင်ဆန်းကလေး တွေ့ရသည်။ အိတ်အစောင်းတွေ၊ ကြိုးတွေ၊ စတီးချိတ်တွေနှင့် ဖြစ်သည်။

မိုက်ကယ်ဂျက်ဆင် အင်္ကျီတဲ့။

သူတစ်ပါးတွေလို နေရာတကာမှာ မိုက်ကယ်ဂျက်ဆင် ရောဂါမထချင်သော်လည်း သည်အင်္ကျီပုံဆန်းကိုမူ စိတ်က သဘောကျနေသည်။

နေ့သွင်း သို့မဟုတ် လပေးယူလျှင် လေးဆယ့်ငါးကျပ်တဲ့။

မြောင်းသုံးမြောင်းလောက် ဖော်လိုက်လျှင် သည်ငွေလောက်တော့ ရမည်ထင်သည်။

အဖေအမေကို အားကိုးနေ၍ မဖြစ်။ ရံခါတော့ ကိုယ်ထူကိုယ်ထပါပဲ။

မိုးလေကင်းစင်ပြီး ပွဲလမ်းသဘင်တွေလည်း စတော့မည်ဆိုသောအခါ ကိုယ့်မှာ အဝတ်သစ်ကလေးများလည်း ရှိဖို့လိုလာပြီ မဟုတ်လား။

နေရောင်မြင့်တက်လာသည်နှင့်အမျှ ပို၍ပူလာသည်။ နေရာင်သည်သာမက ရေကပါ လိုက်၍ ပူလာသည်ဟု ထင်သည်။

ချွေးတပြိုက်ပြိုက် ကျလာသည်။ သုတ်၍ပင် မနိုင်။ ကျောမှလည်း စပ်လှပြီ။ ရေဆွတ်ပေးသော်လည်း စက္ကန့်ပိုင်းအတွင်းမှာပင် ခြောက်သွေ့သွားတတ်သည်။ တစ်ခု သေချာသည်မှာတော့ မြောင်းပက်ပြီးပြီဆိုလျှင် မိမိ၏ ပင်ကိုက ညိုသောအသားမှာ မည်းလာချေတော့မည် ဖြစ်သည်။

လမ်းမဘက်ဆီမှ စီကနဲ ညံကနဲ ကြားရသည်။

ထွန်းမင်းလတ် လှမ်းကြည့်သည်။ ကိုယ်ကို ဆန့်လိုက်သဖြင့် ခါးထဲက ကျိုးကျိုးကျွတ်ကျွတ် မြည်သွားသည်။

မိမိဘက်သို့ လျှောက်လာသော လူတစ်ယောက်ကို တွေ့ရသည်။

“ဟေ့ … ထွန်းမင်းလတ်၊ မင်းတို့ဟာ မင်းတို့ မြောင်းပက်တာတော့ ဘာမျှ မပြောချင်ပါဘူး၊ ဒါပေမယ့် …”

“ဒါပေမယ့် ဘာဖြစ်သလဲဗျ”

“မင့်ညီတွေလေ မြောင်းပိတ်ဖို့ မြေတူးတာ အလွတ်မတူးဘူး။ လမ်းက မြေနီတွေ တူးနေတယ်။ ဂဝံတွေတောင် ပါနေတယ် … ကြည့်ပြောဦး”

“ဒီကောင်တွေ လုပ်လိုက်ရင် သည်သောက်ချိုးပဲ”

ပြောရင်း မြောင်းထဲက တက်လိုက်သည်။

“ဟေ့ … မင်းသိုက်နဲ့ နေကျောက်ခဲ”

လှမ်းခေါ်လိုက်သည်။

ညီနှစ်ယောက်သည် သံပုံးတွေ ဂေါ်ပြားတွေနှင့် ရောက်လာသည်။

“မင်းတို့ လမ်းမြေတွေ သွားတူးတယ်ဆို”

“အလကားပါဗျာ … ဒီ ကိုသိန်းဝင်းဆိုတဲ့လူက သူပိုင်မြေကြီး ကျနေတာပဲ”

“ပြဿနာ မရှာနဲ့။ တစ်ခါကလဲ ဒီမြေတူးမှုနဲ့ ရုံးခန်းရောက်ပြီးပြီ မဟုတ်လား။ တော်ပြီ … ဆက်မတူးနဲ့တော့၊ ရေပက်မယ်။ မင်းသိုက်က ငါ့ကိုကူ၊ နေကျောက်ခဲက မြောင်းအထက်က စောင့်ပြီး တမံ မကျိုးအောင်ကြည့်”

သံပုံးကို ဆွဲယူကာ မြောင်းထဲသို့ ဆင်းလိုက်သည်။ ညီအစ်ကိုနှစ်ယောက်သား လက်ကိုင်းကို တစ်ယောက်တစ်ဘက်စီ ဆွဲကိုင်လျက် သံပုံးကို မနိုင့်တနိုင် မကာ ရေကို ပက်ထုတ်ရသည်။

လူကြီးတွေက “ဟယ်… မြောင်းရေ ရေပုပ် ရေသိုးတွေကို” ဟု နှာခေါင်းရှုံ့သည်။ ကလေးတွေကတော့ အားကျစိတ်ဖြင့် နေပူကျဲကျဲမှာပင် ဝိုင်း၍ ကြည့် နေကြသည်။

“ထွန်းမင်းလတ် … ငါ့ကို တစ်ဝက်ပေးမလား၊ ဝိုင်းကူမယ်လေ”
ပြောလိုက်သူက ငြိမ်းအောင်။ ထွန်းမင်းလတ်နှင့် ရွယ်တူ။ သို့ပေမယ့် သည်ကောင်က အားကောင်း မောင်းသန်သည်။ ထွန်းမင်းလတ်သည် အားကိုး ချင်သည်။ ကိုယ့်အထဲက ဖဲ့ပေးရမှာလည်း စိုးသည်။

“နေပလေ့စေ … တို့ဟာတို့ နိုင်တယ်”

“ဟင်းစားတော့ ပေးကွာ။ ငါ မြောင်းဖော်တော့လဲ မင်းကို ခေါ်ပါ့မယ်”

ငြိမ်းအောင်က ပြောပြောဆိုဆို ရေထဲဆင်းလာသည်။ သည်တော့လည်း မတားမြစ်သာ။

“အယ်မလေး … ကျောကွဲတော့မယ်ဗျ”

မင်းသိုက်က ကျောကို တွန့်ရင်း ဆိုလိုက်သည်။

စူးရှပူပြင်းလွန်းလှသော နေမင်းကို မုန်းတီးနာကျည်းသလို မော့ကြည့်မိသည်။

* * ***

“ဒီည တယ်လီဗီးရှင်းမှာ ရုပ်ရှင်ကား ကောင်းတယ်ကွ”

ရေပုံးကိုချထားပြီး ခဏနားခိုက် ငြိမ်းအောင်က ဆိုသည်။

“ဘာကားလဲကွ”

“စစ်ကား”

“ဂျာမန်တွေလား”

“ဂျာမန်တွေကတော့ စစ်ကားတိုင်းမှာ ပါတာပေါ့ကွ။ အခုကားက အခန်းဆက်။ ဟိုတစ်ပတ်က မီးပျက်သွားလို့ မကြည့်လိုက်ရတဲ့ ကားရဲ့ အဆက်”

“မီးမပျက်ပါစေနဲ့ ဆုတောင်းရမှာပဲကွာ။ ငါ စစ်ကား ကြည့်ချင်နေတာ ကြာပြီ။ ကဲ … နေမပူခင် ပက်ဦးစို့”

ရွံ့နှစ်ရောနှော ပါဝင်လာသော ချွဲပြစ်ပြစ်ရေများကို ခပ်ထုတ်ပစ်နေရင်းမှ နွေတုန်းက ဖောင်တော်ဦးဘုရားပွဲမှာ ကြည့်ခဲ့ရသော ဗွီဒီယိုထဲက “ဂျောစ်” ရုပ်ရှင်ကားကို အမှတ်ရနေသည်။ ငါးမန်းတွေပါသော ကားဖြစ်သည်။ ငါးဖမ်းသော ရုပ်ရှင်ကား ဖြစ်သည်။

မြို့ထဲက ရုပ်ရှင်ရုံတွေမှာ ပြသည့်ကားမဟုတ်ဆိုသော်လည်း ကြည့်၍ မဆိုးလှ။ ဘာပဲပြောပြော လူတကာတွေ ပါးစပ်ဖျားမှာ “ဂျောစ် … ဂျောစ်” နှင့် တဂျောတည်း ဂျောနေသောကာလမှာ ကိုယ်ကလည်း ဂျောဆိုတာ ငါးမန်းကို ခေါ်တာပဲ သိထားခွင့် ရလိုက်သည့်အတွက် ဝမ်းသာသည်။

သူတို့ ငါးဖမ်းကြပုံတွေကလည်း အားကျစရာကြီး ဖြစ်သည်။ မော်တော်တွေ၊ ပဲ့ချိတ်တွေနှင့်။ မိန်းကလေးတွေ၊ သေနတ်တွေနှင့်။

ငါးတွေကလည်း အကြီးကြီး။ ရပြီဆိုတော့လည်း သင်္ဘောတစ်စင်း တိုက်စာ။ သည်လိုမျိုးဆိုလျှင်တော့လည်း လုပ်ပျော်လှချည့်ပေါ့။

“နေကလဲကွာ ပူလိုက်တာ အရမ်းပဲ”

အတော်ချည်း ပေပေတေတေ နိုင်လှပါသည်ဆိုသည့် ငြိမ်းအောင်ပင် ထုတ်ဖော်ညည်းညူလာသည်အထိ ဖြစ်သည်။

“နေပဲကွ … ပူမှာပေါ့”

“လွန်လွန်းပါတယ်ကွာ”

ရေပုံးကို ချကာ နားလိုက်ကြသည်။ ငြိမ်းအောင်က မီးမရှိသော ဆေးလိပ်တိုကလေးကို အမောပြေ ရှိုက်လိုက်သည်။

ထွန်းမင်းလတ်သည် နည်းစပြုလာသော ရေထဲမှာ ငါးလိုက်နှိုက်နေသည့် ညီနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ သူတို့၏ ကျောဗလာကလေးများမှာ
တင်းပြောင်နေသည်။ အရောင်ထွက်နေသလို ဖြစ်သည်။ မဟူရာ ကျောက်တုံးကလေးများ အလားပင်။

“ငါးသိပ်များများ ရမယ့်ပုံ မပေါ်ပါဘူးကွာ”

ငြိမ်းအောင်က စိတ်ပျက်သလို ဆိုသည်။

“ငါလဲ မေ့သွားတယ်ကွာ၊ တစ်လောကပဲ ကွန်သမားတွေ ဝင်သွားတာကွ။ ဘာပဲဖြစ်ဖြစ်ကွာ၊ လက်စနဲ့ မထူးပါဘူး။ ပက်လိုက်ကြရအောင်”

မွန်းတည့်နေက တကယ်ပင် ပူသည်။ ကိုယ်အထက်ပိုင်းမှာ မီးကင်ထားသလို ပူခြစ်နေသည်။ အောက်ပိုင်းမှာကား ရေစိုနေသည်။ သာမန်လူတစ်ယောက်သာ ဆိုပါက ဖျားနာမည်မှာ သေချာသည်။

သို့သော် ထွန်းမင်းလတ်တို့ကတော့ ရေစိမ်ကျွဲလို ဖြစ်နေပြီ။

သည်ရေတွေ သည်နွံတွေ သည်မြောင်းတွေနှင့် ထိတွေ့နေကျ။ ကျွမ်းဝင်နေကျ။

ငယ်စဉ်ကတည်းက သည်မြောင်းတွေထဲမှာပဲ ဆော့ကစားလာခဲ့ကြသည်။ သည်မြောင်းတွေ၏ ကျေးဇူးတရားကလည်း မိမိတို့အပေါ် အများသား။ ငါး၊ ငါးရှဉ့် ပေးသည်။ ကန်စွန်းရွက်ကိုလည်း သည်မြောင်းတွေတည်းကပဲ ခူးရသည်။ ကနဖော့လို ထိကရုန်းလို တို့စရာများကို သည်မြောင်းတွေထဲကပဲ ခူးရသည်။ သိပ်ပြတ်လပ်နေချိန်ဆိုလျှင် ဈေးထုပ်ဖို့ ပိန်းရွက်ပင် ခူးရောင်းရသေးသည်။

ပင်လယ်ကမ်းစပ်မှ ရေလုပ်သားများသည် ပင်လယ်ကို သေသည်အထိ ဖက်တွယ်သည်။

အင်း… တံငါတို့သည်လည်း မြစ်ဘေး အင်းဘေးမှာပင် ခေါင်းချကြပေလိမ့်မည်။

ထွန်းမင်းလတ်တို့ အဖို့မှာလည်း မြောင်းသည်သာ အားထားရာ ဖြစ်သည်။

“ဟေ့ကောင် ထွန်းမင်းလတ်၊ ညကျရင် ငါ့ကို တယ်လီဗီးရှင်း ပြနော်”

“အံမာ … ဘာလို့ပြရမှာလဲ။ မင်းကို ဟင်းစားပေးပြီးသား ဥစ္စာ”

“မင်းကလဲ … ငါးမူးကလေးများ ဖြစ်နေလိုက်တာ။ မပြချင်နေကွာ”

မြို့ပြမှာ နေသူတွေဆိုတော့ ခေတ်နောက်မကျလှပါဘူး။

အရပ်ထဲမှာ လမ်းထဲမှာပင် တယ်လီဗီးရှင်းတွေ ဟိုအိမ်တစ်လုံး သည်အိမ်တစ်လုံး ရှိနေသည်။ အချို့ကတော့ မိသားစုက လွဲပြီး မည်သူ့ကိုမှ ကြည့်ခွင့် မပြု။ အချို့တော့ မီတာဖိုးကလေးဖြစ်ဖြစ် ကာမိအောင်ဆိုကာ ငွေလက်ခံသည်။

ငြိမ်းအောင် စိတ်ဆိုးသွားသည်ကို တွေ့ရ၍ ထွန်းမင်းလတ် စကားပြေ ပြောသည်။

“ညကျတော့ လာခဲ့ကွာ။ ကြည့်လုပ်ကြတာပေါ့”

* * ***

တစ်ခါတစ်ရံတော့လည်း အမေပြောသလို မိမိတို့ဘဝတွေမှာ ဇာတ်သမားလို ဖြစ်နေလား ထွန်းမင်းလတ်တွေးသည်။

မိမိတို့ အရပ်ထဲမှာပင် ဆိုင်းသမား၊ ဇာတ်သမား အချို့ရှိသည်။ နွေအခါ အရပ်ထဲမှာ တွေ့ရခဲသည်။ နိုင်ငံအနှံ့အပြား လှည့်လည်ကပြနေရသည်ဟု ဆိုသည်။

မိုးကျပြီဆိုသည်နှင့် တစ်ပြိုင်နက် သူတို့ကို အရပ်ထဲမှာ ပြန်တွေ့ရသည်။ ဇာတ်ခေါင်းကွဲပြီး ပြန်လာသည်ဟု ဆိုလေ့ရှိသည်။ တစ်နွေရှာခဲ့သမျှ တစ်မိုးလုံး ထိုင်စားပေဦးတော့။

သည်လိုပါပဲ။

နွေအခါမှာဆိုလျှင်တော့ ထွန်းမင်းလတ်လည်း မျက်နှာမငယ်လှပါဘူး။
ရေရောင်းရသည်။ ရေရှားသောအရပ်ဖြစ်၍ တစ်ထမ်း သုံးဆယ့်ငါးပြား ရသည်။ တစ်ကျပ်ဖိုး သုံးထမ်း၊ တစ်စည် နှစ်ကျပ်။

တပေါင်း၊ တန်ခူးမှာဆို လက်ပင် မလည်နိုင်။

အမေ ရင်ကော့နိုင်သော၊ ခေါင်းမော့နိုင်သော ကာလပင် ဖြစ်သည်။

တစ်မြန်နှစ်ကဆိုလျှင် ဝင်ငွေ အတော်ကောင်းသည်။ အစ်ကို စံရွှေမြင့်က အမေ့ကို ရေကူထမ်းနိုင်သောကြောင့် ဖြစ်သည်။

မနှစ်ကတော့ အစ်ကို ရင်အောင့်သည်ဆိုကာ ဆရာဝန်ပြသည်။ ညှပ်ရိုး ငေါထွက်လာသည်။ ရေမထမ်းရန် ဆရာဝန်က တားမြစ်သည်။ သို့ဖြင့် အစ်ကိုလည်း လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုး သွားလုပ်သည်။

သည်နှစ် ထွန်းမင်းလတ် အမေ့ကို ရေထမ်းကူနိုင်မည် ထင်ရဲ့။

အဖေ အလုပ်ပြန်ရပါစေဟု ဆုတောင်းရသည်ကလည်း အမော။

ထွန်းမင်းလတ် လူမှန်းသိသောကာလမှာ အဖေ့ကို သုံးဘီးကားမောင်းသမားအဖြစ် သိနေရသည်။ ပိုင်ရှင်အိမ်မှာပင် အိပ်သည်။ တစ်ပတ်တွင် တစ်ရက်စ နှစ်ရက်စလောက်သာ အိမ်သို့ ပြန်လာသည်။ အဖေ ပြန်လာလျှင် ခေါက်ဆွဲထုပ်၊ ဒံပေါက်ထုပ်များ ပါလာတတ်သည်ကို အမှတ်ရမိပါသေးသည်။

ရံခါ အဖေ ပြန်မလာလျှင် အမေ လိုက်သွားလေ့ရှိသည်။ ငွေသိမ်းပြီး ပြန်လာတတ်သည်။

သည်အခြေအနေကနေ အဖေ ရုတ်တရက် အလုပ်ပြုတ်ခဲ့သည်။

အသက်ကလည်း ထောက်လာပြီ။ မျက်စိနှင့် ဆီးကလည်း မကောင်း။ သည်တော့ အလုပ်ရှင်က ခိုင်းချင်တော့ပုံ မရ။ ကျွဲလို နွားလို မြင်းလို တိရစ္ဆာန်သာ ဆိုလျှင် သားသတ်ရုံသို့ပင် ပို့လေမည်လားမသိ။

ကားပိုင်ရှင်က အချိုသတ်သည်။ ကားရောင်းပစ်တော့မည်ဟု၊ သို့သော် လက်တွေ့မှာ မရောင်းဖြစ်။

တစ်ခုခုတော့ အဆင်ပြေပါမှ။ သို့မဟုတ် နွေမြန်မြန်ပေါက်ပါမှ။

ထွန်းမင်းလတ်ကတော့ အဖေ့ကို အားမရဖြစ်နေသည်။ အဖေက အေးလွန်းသည်။ စကားနည်းသည်။ အမေကလည်း အဖေကို နိုင်လိုက်သည့် ဖြစ်ခြင်း။

တခြားမကြည့်နှင့်၊ မိမိတို့ ညီအစ်ကိုတစ်သိုက်ကို အဖေက အခြားအမည် ပေးချင်ခဲ့သည်။ သို့ပင်လျက် အမေက သူဖတ်မိ သိရှိထားသော ကာတွန်းရုပ်ပြတွေထဲက သူနှစ်သက်ရာ အမည်များ ပေးခဲ့သည်ကို အဖေ စောဒက မတက်ခဲ့။ အိမ်ထောင်ဦးစီး ယောက်ျားကြီးတစ်ယောက်အနေဖြင့် အဖေ ပျော့လွန်းသည်ဟု ထွန်းမင်းလတ် ထင်သည်။

* * ***

ထွန်းမင်းလတ်သည် လေးထောင့်သံပုံးကို ကိုင်ကာ ရွာဆီသို့ လျှောက်လာသည်။

စင်စစ် ရွာဆိုသည်မှာလည်း မိမိတို့ ရပ်ကွက်နှင့် တစ်စပ်တည်း ဖြစ်သည်။ မီးရထားသံလမ်းသာ ခြားသည်။

တစ်ခုပဲ ရှိသည်။ မိမိတို့ မြို့သစ်တွေ ပေါ်မလာမီကတည်းက ရှိနှင့်သည့်နေရာများ ဖြစ်သည်။ ကုန်းဆန်သည်၊ သစ်ကြီး ဝါးကြီးများ ရှိသည်။

အရပ်ထဲမှာ ဆိုလျှင်တော့ ငါးကို ရောင်း၍ မလွယ်။ အကြောင်းသိခြင်း ဖြစ်၍ ဖြစ်မည်။ သို့မဟုတ် မိမိတို့ အိမ်ကြိုအိမ်ကြားက ငါးများဖြစ်၍ မသတီ သောကြောင့်လည်း ဖြစ်မည်။

များသောအားဖြင့် မြောင်းထဲက ရလေ့ရှိသော ငါးရံ့ခေါင်းတိုကိုလည်း စားလေ့မရှိကြ။

ရွာထဲမှာဆိုတော့ မမြင်ကွယ်ရာ ဖြစ်သည်။ ကုန်းဆန်၍ မြောင်းများ အိုင်များလည်း မရှိ။ မိမိတို့လို လက်လုပ်လက်စားများကိုပင် ပြန်၍ ရောင်းရခြင်း ဖြစ်သည်။ သူတို့ ချက်စားကြလေမလား၊ ငါးပိလုပ်လေမလား ဆိုသည်ကိုလည်း ခေါင်းရှုပ်ခံ၍ စဉ်းစားနေရန် မလိုပါ။

“နင့်ဥစ္စာ အချိန်ဘယ်လောက် ရှိမယ်ထင်သလဲ ထွန်းမင်းလတ်”

ဝယ်နေကျ မိန်းမကြီးက ရေပုံးထဲက ငါးကို ဖြတ်ခနဲ လှမ်းကြည့်ပြီး မေးသည်။

အရပ်အနေနှင့် ပြောရလျှင်တော့ အတော်ကလေး ချောင်လည်သည် ဆိုရမည်။ အိမ်ဆိုင်ကလေး ဖွင့်ထားသည်။ ကက်ဆက်တစ်ခု ပိုင်သည်။

“ပုံးတစ်ဝက်နီးပါးပဲ၊ သုံးပိဿာတော့ ရှိမှာပေါ့”

“မထင်ပါဘူး၊ ရှိလှနှစ်ပိဿာပဲ။ ပြီးတော့ ဈေးကကော”

“ရှစ်ကျပ်လောက်တော့ လိုချင်တယ်။ တစ်ပိဿာကို ပြောတာနော်”

“အလိုလေးတော် … ဒီလောက် သားဈေးငါးဈေးတွေ ကျနေတဲ့ကြားက သူ့ငါး မှုန်စီနာကို ရှစ်ကျပ်တဲ့”

“အဒေါ်က ဘယ်လောက်ပေးချင်လို့လဲ”

“သုံးကျပ်ထက် ပိုမပေးနိုင်ပါဘူး”

“လေးကျပ်တော့ ထားဗျာ”

“ဟင့်အင်း”

“ကဲ… ကဲ… သုံးကျပ်ခွဲပဲပေး။ ချိန်လဲ မနေပါနဲ့တော့၊ သုံးပိဿာနဲ့ပဲ ဖြတ်လိုက်ပါ”

“နင့်ဥစ္စာ သုံးပိဿာ ဘယ်နည်းနဲ့မှ မရှိဘူး”

“ကဲဗျာ … နှစ်ပိဿာခွဲပဲထား၊ တစ်နေ့လုံး နေထဲ ရေထဲမှာ ခါးချိအောင် ပက်ခဲ့ရတာဗျ”

ငါးကျပ်တန် တစ်ရွက်၊ ကျပ်တန် သုံးရွက်နှင့် မတ်စိ သုံးစိ။

ထွန်းမင်းလတ်သည် ငွေကို လက်တွင် တင်းတင်းဆုပ်ကာ ပြန်ထွက်လာသည်။

ငါးကျပ်ကို စုရမည်။ နှစ်ကျပ်ကို အငယ်နှစ်ကောင်အတွက် မုန့်ဖိုးထား။ ညဘက် ငြိမ်းအောင်နှင့် တယ်လီဗီးရှင်းကြည့်ဖို့က တစ်ကျပ်။ မုန့်ဖိုး ခုနစ်ဆယ့် ငါးပြား ကျန်မည်။

ကိုယ့်တွက်ကိန်းနှင့်ကိုယ် ပျော်သွားသည်။

“ဒီလိုပဲပေဟေ့ ဈေးမထွက်နိုင်တော့လဲ လာတဲ့ အသယ်ဆီကပဲ ဝယ်လိုက်ရတယ်”

ကျောဘက်ဆီမှ ကုန်စုံဆိုင်ရှင် မိန်းမကြီး၏ ကျယ်လောင်လောင်အသံ ပေါ်လာသည်။

“ဪ… အရေးထဲ သူကလဲ အရပ်ထဲကို အယူခံဝင်နေရပြန်ပါပြီ”

စိတ်ထဲမှ ပြောလိုက်မိကာ မီးရထားသံလမ်းကို ဖြတ်ကျော်လိုက်သည်။

* * ***

အိမ်ပြန်ရောက်တော့ အမေ ရောက်နှင့်နေသည်ကို တွေ့ရသည်။

ဒူးတစ်ချောင်းထောင် တစ်ချောင်းလှဲ ရင်ထဲမှာလည်း နို့စို့ဆဲကလေးငယ်ကို တွေ့ရသည်။

အစီခံနီးပါးအထိ လောင်နေသော ဆေးပေါ့လိပ်တိုကို အမေ ဟန်ပါပါ ဖွာနေသည်။

“ဘယ့်နှယ်လဲ အမေ … အဆင်ချောရဲ့လား”

ထွန်းမင်းလတ် လှမ်းမေးသည်။
“မချောဘူးတော်ရေ့၊ သူ့ဆီက ပိုက်ဆံမရတဲ့အပြင် ကိုယ့်မှာ ပါသွားတာကလေးတောင် ထောက်ပံ့ခဲ့ရသေး”

“အမေတို့ဟာကလဲဗျာ”

“အုံနာက ဝပ်ရှော့ကို မလာတာ နှစ်ရက်ရှိပြီတဲ့။ ဆေးလိပ်တောင် သောက်စရာ မရှိတော့ဘူးတဲ့။ ဒါနဲ့ ပါတဲ့ တစ်ကျပ်ခွဲထဲက တစ်ကျပ်ပေးခဲ့တယ်။ ပြားလေးဆယ်ကားနဲ့ ပြန်လာတာ ရုံးလွှတ်ချိန်မို့လားမသိဘူး၊ တကတည်း ကျပ်ညပ်နေတာပဲ ငါးပိသိပ် ငါးချဉ်သိပ် ကျနေတာပဲ။ ခုမှပဲ အသက်ဝဝ ရှူရတာ”

ထွန်းမင်းလတ် သက်ပြင်းရှိုက်ရင်း ကပြင်တွင် ဝင်ထိုင်လိုက်သည်။

တကယ်တန်း မျက်ခုံးတာ့ မလှုပ်ပါ။ သို့သော် မျက်ခုံးလှုပ်သည်ဟုပင် ဆိုရခြိမ့်မည်။

အမေ အဆင်မပြေလာဘူးဆိုလျှင် ကူကယ်စရာဟူ၍ မိမိမှတစ်ပါး ရှိသည်မဟုတ်ကြောင်း ထွန်းမင်းလတ် အသိ။

“မင်းကလဲကွယ် … ထမင်းအိုးကလေး တစ်အိုးတောင် တည်မထားဘူး”

“ဆန်မှ မရှိပဲဗျ”

“ဪ… ဆန်ဆိုလို့ ခုမှ သတိရတယ်။ ဒီနေ့ ဆန်နောက်ဆုံး ထုတ်ရမယ့် နေ့။ အဲဒါ သွားထုတ်ချေဦး”

“ပိုက်ဆံပေးလေ”

“သားပဲ စိုက်လိုက်ပါကွယ်။ သားတို့ ဒီနေ့ မြောင်းဖော်တယ် မဟုတ်လား”

တစ်ထိုင်တည်းနှင့် ငိုချင်စိတ် ပေါက်သွားသည်။ အမေ့ မမြင်ကွယ်ရာသို့သာ ပြေးထွက်သွားလိုက်ချင်သည်။

“အမေတို့ကလဲဗျာ … ဒီအချိုးချည်းပဲ။ ကျွန်တော့်ဘာသာ ပိုက်ဆံစုပြီး မိုက်ကယ်ဂျက်ဆင်အင်္ကျီ ဝယ်ဝတ်မလို့ဟာ”

“အို… မိုက်ကယ်ဂျက်ဆင်က ထမင်းဖြစ်လာမှာ မဟုတ်ဘူး၊ ဆန်ကမှ ထမင်းဖြစ်လာမှာ။ တကတည်း မောရတဲ့အထဲ၊ သူတို့ ပြောရတာ တစ်မှောင့်”

ထိုနေ့ တယ်လီဗီးရှင်းပြသောအခါ ထွန်းမင်းလတ် ရောက်မလာပါ။

ငြိမ်းအောင်လည်း ရောက်မလာပါ။

ငြိမ်းအောင်က အဘယ်သို့သော အကြောင်းကြောင့် ရောက်မလာသည်မသိ။

ထွန်းမင်းလတ်မှာကား ဆန် ခုနစ်ကျပ်ခွဲဖိုး ထုတ်ပေးလိုက်သည်။ အမေက ဆေးလိပ်ဖိုး တစ်မတ် တောင်းသွားသည်။ တယ်လီဗီးရှင်းကြည့်ဖို့ တစ်ကျပ်တော့ ချန်ထားသည်။

သို့သော် မိုးချုပ်လာပြီဆိုသည်နှင့် တစ်ပြိုင်နက် နေ့လယ်က ပင်ပန်းခဲ့သော အရှိန်ဖြင့် ငိုက်လာသည်။

တယ်လီဗီးရှင်းပြသော အချိန်မှာ ထွန်းမင်းလတ်သည် ကျပ်တန်နွမ်းကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း တရှူးရှူးနှင့် အိပ်ပျော်နေပြီ ဖြစ်သည်။

အိပ်မက်ထဲမှာကား ငါးမန်းများနှင့် တွေ့နေလေသည်။

စပယ်ဦး မြန်မာဝတ္ထုတိုမဂ္ဂဇင်း
စာအုပ်အမှတ် (၂၁)
၁၉၈၆ ခုနှစ် ၊ မေလ

– ပြီး –

စာရေးသူ – မောင်သိန်းဆိုင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0