ကိုပိုက်


ခြံတွင်းသို့ တဝုန်းဝုန်း တဒိုင်းဒိုင်းနှင့် တဝူးဝူး အော်မြည်ပြေးဝင်လာသော “ငတိုး”ကို တွေ့ လိုက်သည်ကြောင့်

“ဟိတ်ကောင်ကြီး၊ ဘာဖြစ်လာတာလဲ”

ရယ်လို့ မေးလိုက်သည့် ကျွန်တော့်အသံကို ကောင်းကောင်းယဉ်ပါးကျက်မိနေသည်ဖြစ်၍ တဝူးဝူးအော်နေပြန်တော့၏။

ခေါင်းကိုခါယမ်းလိုက်တိုင်း နှုတ်သီးဖျားရှိ ပြတ်ရှဒဏ်ရာမှ သွေးစက်တို့သည် လွင့်စင်ကာ ကျွန်တော့်ကိုပင် လာရောက်စွန်းပေတော့၏။

“ဘယ်လိုဖြစ်လာတာလဲ သားကြီးရယ်”

လို့ စုပ်သပ်ကာ ပြော၍ပင်မဆုံးသေး

“ကိုယ့်တိရစ္ဆာန်ကိုယ်ထိန်း၊ ဘယ့်နှယ်ဗျာ အရိုင်းအစိုင်းကောင်ကို မွေးရတယ်လို့၊ မှတ်ထား နောင်ဆိုရင် အသေလုပ်ပစ်မယ်”

ဟူ၍ ကြိမ်းဝါးသံကြီးက ခြံဝမှ ပျံ့လွင့်လာသည်ကြောင့် အသံရှင်ကို မမြင်ရခင်မှာပင် မည်သူဆိုသည်ကို သိလိုက်ပါသည်။ ဦးဘမောင်ပါကလား။

သူ့လက်တွင်းမှ ငှက်ကြီးတောင်ဓားကြီးက နေရောင်အောက်တွင် တဖျပ်ဖျပ်၊ တိရစ္ဆာန်တစ်ကောင်ထက် မိုက်မဲနေသူပါတကား။ အင်းပေါ့လေ သူပြောသ အရိုင်းအစိုင်းကောင်ကိုမှ ကျွန်တော်က သံယောဇဉ်ဖြစ်နေပြီ တယုတယ ကျွေးမွေးထားမိတာကိုး။

နို့ပေသော်လည်း ငတိုးသည် သူပြောသလို အရိုင်းအစိုင်းကောင်မှန်သော်လည်း လူနှင့်အနေနီး၍ ယဉ်ကျေးနေလေပြီပဲ။ အသိဉာဏ် ရှိနေချေပြီပဲ။

ဓားတဝင့်ဝင့်ဖြင့် လူမိုက်ဇာတ်ခင်းနေသည့် ဦးဘမောင်ကို ကျွန်တော် မည်သို့မျှမပြောချင်တော့ပေ။ ခုလို ဒေါသူပုန်ထချိန်တွင် ပြောလျှင်လည်း နားဝင်မည့်သူမဟုတ်ချေ။ သည်တော့ ငတိုးကိုချော့မော့ကာ နှုတ်သီးဖျားမှ ဓားဒဏ်ရာကို သစ်မွှေးခေါက်သွေး၍ သိပ်ထည့်ပေးလိုက်သည်။

ငတိုးနှင့်ပတ်သက်၍ ကျွန်တော် ဘာဆက်လုပ်ရမည်နည်း ဆိုသည်ကို စဉ်းစားနေမိသည်။

“ငတိုး”အပေါ် အတော်ကလေး သံယောဇဉ်ဖြစ်နေမိပါသည်။ သူ့ကို မစွန့်လွှတ်နိုင်၊ မပစ်ရက်နိုင်၊ ဆက်ပြီးမွေးထားမည် ဆိုပါလျှင်လည်း ဦးဘမောင်နှင့် မကြာခဏဆိုသလို ပဋိပက္ခတွေ ဖြစ်နေချေဦးတော့မည်။

ငတိုးကို လသားအရွယ်ကတည်းက နို့ဘူးတိုက်လကျွေးမွေးလာခဲ့သည်။

ငတိုးနှင့်ကျွန်တော် ဆုံစည်းပုံကလည်း အဆန်းတကြယ်တော့ သိပ်မဟုတ်လှပါ။

မုဆိုးလင်းမြင့်လှိုင်နှင့် တောပစ်သွားရင်း ပျားလပို့နှိုက်နေသော ဝံမကြီးတစ်ကောင်ကို တွေ့၍ မဆင်မခြင် ပစ်လိုက်မိသည်။

သေနတ်ဒဏ်ရာဖြင့်ပြေးသွားသော ဝံမကြီးနောက်လိုက်ရင်း ထိုဝံမကြီး လဲကျသေဆုံးသွားသည့် နေရာအနီးရှိ ကျောက်ဂူငယ်အတွင်းမှ ရက်သားသာလျှင်ရှိသေးသည့် ဝံငယ်လေးနှစ်ကောင်ကို တွေ့လိုက်ရသည်ကြောင့် စိတ်မကောင်းဖြစ်မိသည်။

မုဆိုးစည်းမစောင့်၊ သစ်တောဥပဒေကို ဥပေက္ခာပြုမိသည့် ကျွန်တော်ကြောင့် အမိမဲ့ဖြစ်ခဲ့ရသော ရက်သားအရွယ် ဝံကလေးနှစ်ကောင်ကို အိမ်သို့သယ်ယူ ကျွေးမွေးစောင့်ရှောက်ခဲ့ရတော့၏။

နှစ်ကောင်စလုံးကို တယုတယ ပြုစုကျွေးမွေးခဲ့ပါသော်လည်း သုံးလေးရက်အကြာတွင် ဝံငယ်တစ်ကောင်သည် ဆုံးပါးသွားခဲ့ပြီး ယခု ငတိုးမူကား အသက်ရှည်ခဲ့ရပါသည်။

တောရိုင်းတိရစ္ဆာန်ပင်ဖြစ်သော်ငြား လူသားတို့ဖြင့် အနေနီးခြင်း၊ လူသားတို့၏ ပြုပြင်သွန်သင်ဆုံးမခြင်းတို့ကြောင့် ယဉ်ကျေးသော အိမ်မွေးတိရစ္ဆာန်တစ်ကောင် ဖြစ်ခဲ့လေသည်။ ရွာထဲရှိကလေးများနှင့် ငတိုးသည် ကစားဖက်ဖြစ်၏။

ရွာထဲရှိကလေးများကလည်း “ငတိုး … ငတိုး”နှင့် ချစ်ခင်ကြ၏။

မည်သို့ပင်ဆိုစေကာမူ

“ဒကာကြီး ငယ်စဉ်တော့ကောင်းပါရဲ့။ ကြီးလာတော့ အရိုင်းစိတ်ဝင်လာရင် အန္တ ရာယ်ဖြစ်နိုင်တယ်နော်”

ရယ်လို့ ရွာဦးဘုန်းကြီးက သတိပေးသော်ငြား သားသမီးကဲ့သို့ သံယောဇဉ် ဖြစ်နေရသည်မို့ မစွန့်ပစ်ရက်နိုင်ပါချေ။

“ဒီမယ် ခင်ဗျားအကောင်ကို နိုင်အောင်ထိန်းပါ။ ကျုပ်အိမ်ကပစ္စည်းတွေလည်း ဟိုရောက် ဒီရောက်၊ ကျုပ်မွေးထားတဲ့ ကြက်တွေ ဘဲတွေဆိုလည်း ခင်ဗျားကောင်လာရင် ဟိုပြေး ဒီပြေး ကောင်းကောင်းမနေကြရရှာဘူး။ ကျုပ်ယာခင်းထဲလည်း ဝင်မွှေလေသေးရဲ့”

ရယ်လို့ အကြိမ်ကြိမ်အလီလီ တိုင်တောမှုကို ခံနေရသည်။ အကြိမ်ကြိမ်ပင် ခယတောင်းပန်နေရ၏။

တကယ်တော့ ငတိုးသည် တိရစ္ဆာန်တစ်ကောင်နှင့် မတူ။ ကလေးဆိုးတစ်ယောက်နှင့် တူနေ၏။

ငတိုးသည် လူတွေကိုတော့ အန္တရာယ်မပေး။ ခြေဆော့ လက်ဆော့တော့ နိုင်သည်။

တခြားအိပ်တဲများသို့ လူလစ်လျှင်ဝင်ပြီး စားအိုးစားခွက်များကို ဝင်နှိုက်တတ်ခြင်း၊ လွှင့်ပစ်ခြင်း၊ ကြက် ဘဲ များကို ခြောက်လှန့်ခြင်း၊ ယာခင်းအတွင်း အသီးအနှံများကို စွတ်ခူးစားသောက်လွှင့်ပစ်တတ်ခြင်းတည်းဟူသော အကျင့်ဆိုးစရိုက်ကတော့ သူ့တွင်ရှိနေ၏။

သို့ကြောင့် ဦးဘမောင်က ငတိုးကို လုံးဝကြည့်မရခြင်းဖြစ်တော့၏။

ဦးဘမောင်တစ်ယောက် ငတိုးအပေါ် ပို၍ အမျက်ဒေါသထွက်ခဲ့ရခြင်းမှာ တစ်နေ့ ငတိုးသည် သူ့ယာခင်းတွင်းဝင်၍ ဖျက်ဆီးနေသည်ကြောင့် ခွေးဖြင့် ရှူးတိုက် ကိုက်ခဲစေခဲ့၏။

သည်တော့ ငတိုးက ပြန်လှန်တိုက်ခိုက်ခြင်းကြောင့် ဦးဘမောင်ခွေးသည် သွေးသံရဲရဲဖြင့် သေပွဲဝင်ခဲ့ရရှာ၏။

ဖြစ်ချင်တော့ ထိုခွေးသည် အမဲလိုက်အကောင်းဆုံးခွေး ဖြစ်နေသဖြင့် ကျွန်တော်သည် လျော်ကြေးပေးလိုက်ရ၏။ မတန်တဆ ပေးလိုက်ရခြင်းဖြစ်သည်။

သည်သို့နှင့် ငတိုးအပေါ် ဦးဘမောင် မကျေအေးနိုင်သေးချေ၊ သူ့ ခွေးအတွက် ကလဲ့စားချေရန် ချောင်းမြောင်းနေတော့၏။

သို့ကြောင့် ကျွန်တော်သည်လည်း ငတိုးကို အတတ်နိုင်ဆုံး ဂရုတစိုက် ထိန်းသိမ်းနေရတော့၏။ ထိုသည်ကြားမှ ယခု ငတိုးတစ်ကောင် ဦးဘမောင်လက်ချက်ဖြင့် သွေးသံရဲရဲ ဒဏ်ရာရခဲ့ချေပြီ။ မည်သို့တတ်နိုင်ပါမည်နည်း။

ငတိုးက သူ့ ပိုင်နက်တွင်း သွားရောက် သက်ဆင်းခဲ့သည်ကိုး။

ထိုညတစ်ညလုံး စဉ်းစားနေမိ၏။

ငတိုးကို သည်အတိုင်းလွှတ်ထား၍တော့ မဖြစ်တော့ချေ။ ကြာလျှင် ငတိုး ဒုက္ခရောက်ချေမည်။ သို့ကြောင့် ငတိုးရှေ့ရေး တွေးပူမိသည်ဖြစ်၍ ငတိုးအတွက် အကောင်းဆုံးလုပ်ဆောင်ပေးရန် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်တော့သည်။

တောထဲပြန်ပို့လွှတ်၍တော့ မဖြစ်နိုင်။ သို့ကြောင့် ရန်ကုန် ရှိ မိတ်ဆွေဖြစ်သူ မုဆိုးလင်းမြင့်လှိုင်ထံ အဆက်အသွယ်လုပ်၍ တိရစ္ဆာန်ဥယျာဉ်သို့ လှူဒါန်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်တော့၏။

ထိုသည်ကား အကောင်းဆုံးပင်ဖြစ်ချေသည်။

သို့ကြောင့် ဦးဘမောင်လက်ချက်ဖြင့် ရရှိထားသောဒဏ်ရာကို မြန်မြန်ပျောက်ကင်းအောင် ဂရုတစိုက် ပြုစုကုသပေးရလေတော့သည်။ ဒဏ်ရာကား ကြီးကြီးမားမားမဟုတ်သော်လည်း နှစ်ပတ်လောက် ကုယူရ၏။

အနာအကင်းသေလုနီးတွင် လင်းမြင့်လှိုင်ထံသို့ လှမ်းဆက်သွယ်လိုက်၏။ သည်တော့ လင်းမြင့်လှိုင်က သူလာခဲ့မည်၊ အားလုံးစီစဉ်လာခဲ့မည်ဟု အကြောင်းပြန်လာသည်ကြောင့် သူ့အလာကို စောင့်နေမိသည်။

ငတိုး၏ရှေ့ရေးအတွက်သာ စီစဉ်လိုက်ရသည်။ ရင်ထဲမှာတော့ သိပ်မကောင်း။ နေရင်း ဝမ်းနည်းမိ။ တွေးမိလိုက်တိုင်း ဆွေးနေမိ၏။

ငတိုးကတော့ ဘာမျှမသိရှာချေ။ ကျွန်တော့်မှာတော့ ကြိတ်ပြီးခံစားနေရ၏။

လင်းမြင့်လှိုင်အလာကို စောင့်မျှော်နေရသည့် ရက်များအတွင်း ရွာရှိကလေးများနှင့် ပျော်ပါးကစားနေသည့် ငတိုးကိုကြည့်ပြီး စိတ်မချမ်းမသာ ဖြစ်နေရ၏။ သူ့ မှာတော့ ဘာမျှမသိရှာ။ ပျော်ပါးကစားနေလေရဲ့။

သည်လိုနှင့် တစ်နေ့ ရွာထဲမှကလေးတစ်အုပ်သည် ကျွန်တော့်ထံသို့ အမောတကော ပြေးလွှားရောက်လာကြပြီး

“ဘကြီး … ဘကြီးရေ ငတိုး ဘာဖြစ်လဲမသိဘူး”

ဆိုလာ သည်ကြောင့်

“ဟေ ဘာဖြစ်တာလဲ၊ ဘယ်မလဲ”

မေးလိုက်တော့

“ဦးဘမောင်ရဲ့ယာခင်းအစပ်မှာ လဲပြီး တညည်းညည်း တညူညူဖြစ်နေလေရဲ့၊ ဘကြီး လိုက်ကြည့်စမ်းပါဦးဗျ”

ဟု ပြောကြသဖြင့် ကျွန်တော့်ရင်ထဲ ထိတ်ခနဲဖြစ်သွားကာ မျက်လုံးများ ပြာသွားရ၏။

ငတိုးအတွက် အတော်ကလေး စိုးရိမ်ပူပန်သွားမိသည်ကြောင့် ဦးဘမောင်ယာခင်းရှိရာသို့ အပြေးကလေး သွားလိုက်သည်။

ငတိုး အသက်မမီလိုက်ပါချေ။ သေနတ်ဒဏ်ရာဖြင့် ဆန့်ဆန့်ကြီးလဲ၍ သေဆုံးနေသည့် မြင်ကွင်းသည် ကျွန်တော့်နှလုံးသားကို ဆုပ်ကိုင်ချေမွလိုက်သည့် နှယ် ရှိနေလေတော့၏။

ရုတ်တရက် မမြင်ရက်စရာမြင်ကွင်းကြောင့် ဒေါသစိတ်သည်လည်း ဖြစ်ပေါ်လာရသဖြင့် ငတိုးအလောင်းကို ဒီအတိုင်းထားခဲ့ပြီး တဲရှိရာသို့ ပြန်ပြေးလာကာ နံရံတွင်ချိတ်ထားသည့် သေနတ်ကို ဆွဲဖြုတ်ယူလိုက်သည်တွင် လင်းမြင့်လှိုင်သည် ဘယ်အချိန်က ရောက်နေသည်မသိ၊ ပျာယာခတ် ဒေါသူပုန် နေသော ကျွန်တော့်ကို ဖမ်းချုပ်တားဆီးရင်း

“ဒေါသကို ရှေ့မထားပါနဲ့ ကိုပိုက်ရယ်၊ ငတိုးဟာ လူယဉ်ကျေး လူသားတစ်ယောက် မဟုတ်ဘူးလေ၊ တောရိုင်းတိရစ္ဆာန်တစ်ကောင်ပဲ။ အိမ်မွေးတိရစ္ဆာန်လည်း မဟုတ်ဘူးလေ။ သည်တော့ သူ့ကို သတ်လိုက်တဲ့သူမှာ ပြဿနာမဖြစ်ဘူး၊ ခင်ဗျားကသာ ဒေါသကြောင့် အဲဒီလူကို ပြန်သတ်လိုက်မိရင် လူသတ်မှုနဲ့ ခင်ဗျား ထောင်ထဲသွားရမှာပေါ့၊ စဉ်းစဉ်းစားစား လုပ်စမ်းပါဗျာ”

ဟုတ်တော့လည်းဟုတ်သည်။ ကျွန်တော်ကိုယ်နှိုက်ကပင် သူ့ဟာသူနေကြသည့် တိရစ္ဆာန်များကို သူတို့နေရာကိုပင် သွားရောက် ကျူးကျော် လိုက်လံသတ်ဖြတ်နေသည့် မုဆိုးတစ်ယောက်ပင်ဖြစ်၏။

ယခု ဦးဘမောင် ပစ်သတ်လိုက်သည်က သူ့ ယာခင်းအတွင်း ဝင်ရောက်ဖျက်ဆီးလေသည့် တောရိုင်းတိရစ္ဆာန်ကောင်ပေပဲလေ။

သို့ပေသော်လည်း တိရစ္ဆာန်တစ်ကောင်ပင်ဖြစ်သော်ငြား ယဉ်ကျေးသိမ်မွေ့ပြီး အထိုက်အလျောက် လူစကားနားလည်နေသည့် ငတိုးအား မပြောပလောက်သောစည်းလေး ဖောက်ဖျက်မိသည်ကို အ ကြောင်းပြုပြီး ကြီးမားသောအပြစ်ဟု သတ်မှတ်ကာ ဦးဘမောင်သည် လူသားတစ်ယောက်ဖြစ်သော်ငြား သူ့တွင် စာနာစိတ်၊ ကြင်နာသနားစိတ် လုံးဝကင်းမဲ့စွာဖြင့် အငြိုးအတေးထားကာ ရက်ရက်စက်စက် သတ်ရက်လိုက်သည်ကို ကျွန်တော် နားမလည်နိုင်ပါတော့ချေ။

ကရုဏာမဂ္ဂဇင်း၊ စက်တင်ဘာလ ၊ ၁၉၉၇

– ပြီး –

စာရေးသူ – ကိုပိုက်
စာစီစာရိုက် – မုဆိုးတံငါစာပေများ

မုဆိုးတံငါစာပေများပေ့ချ်မှကူးယူဖော်ပြသည်