သခင် (ဇလွန်မြေ)
အိပ်မက်ဝင်္ကပါ

တပို့တွဲလ မြောက်ပြန်လေကြမ်းကြမ်းတို့သည် နှာသီးဖျားတွင် သွေးခဲမတတ် တရိပ်ရိပ်တိုးဝှေ့ လာသည်။

အိမ်ရှေ့ရှိ သရက်ပင်အကိုင်းများတွင်တွဲခိုနေသော နှင်းရေစက်တို့ကား မြေပြင်ပေါ်ရှိ အရွက်ခြောက်များဆီသို့ စည်းချက်မှန်မှန် ခုန်ချလျက်ရှိ၏။

ဖိုးတုတ်သည် ဒူးနှစ်ဖက်ကြား လက်ကိုထိုးကာ ကွေးနေသည်။ သန်းခေါင်ယံအချိန် အအေးဓာတ်သည် ပို၍ စိမ့်လာ၏။ ကွေးနေသည့်တိုင် ကြက်သီးများတဖြန်းဖြန်းထ၍ လာသည်။

အေးစက်နေသော နားရွက်များကို ဖုံးရန် ထရံတွင် ညှပ်ထားသော စွပ်ကျယ်ချိုင်းပြတ်ကလေးကို လှမ်းဆွဲလိုက်သည်။

ထရံဘေးတွင် အမေက ညီမလေးကို ရင်ခွင်ထဲထည့်လျက် ထဘီကိုကိုယ်တစ်ပိုင်းခြုံ၍ ကွေးနေသည်။

ခြေရင်းဘက်တွင် အငယ်ကောင်ကလည်း ဒူးနှစ်ဖက်ကြား လက်ထိုးကွေးနေ၏။

အအေးဒဏ်ကြောင့် အမေတို့လည်း ကောင်းကောင်းအိပ်ပျော်မည်ဟု မထင်။

ဖိုးတုတ် အမေနှင့် ညီမလေးကိုကြည့်ရင်း ရင်ထဲဆို့နင့်နင့် ဖြစ်သွားသည်။ ဖိုးတုတ်တို့အိမ်တွင် စောင်မရှိသည်မှာ ကြာပြီဖြစ်သည်။

အဖေရှိစဉ်က နေကြာစောင်ကလေးနှစ်ထည်၊ အဖာများစွာနှင့် ဟောင်းနွမ်းနေသော ပိတ်ခြင်ထောင်လေးတစ်လုံး ရှိသည်။

ထို့ပြင် အဖေက မြွေမကြောက်၊ ကင်းမကြောက်နှင့် တောတိုးပြီး ခုတ်ထားသော ကျူပင်များကို မသေမသပ် ဖျာကြမ်းလေးတစ်ချပ် ယက်ပေးသည်။ ယခုမူ ထိုခြင်ထောင်ကလေးမှာ ဆွေးပြီး ပြဲသွားသလို ဖျာကလေးသည်လည်း အပိုင်းပိုင်းပြတ်ချေပြီ။

အနည်းငယ် တောက်တောက်ပြောင်ပြောင် ကျန်ရှိနေသော နေကြာစောင်ကလေး နှစ်ထည်မှာ အဖေဆုံးပြီး လပိုင်းအကြာတွင် စားစရာမရှိ၍ ပေါင်လိုက်ရာက မရွေးနိုင်တော့ပေ။ ယခုပင် အဖေဆုံးသည်မှာ ၂ နှစ်ပြည့်လုနီးပြီ။ ပြန်၍ မဝယ်နိုင်သေး။

ဖိုးတုတ်က သူ့အတွက်တော့ မပူ။ အမေတို့အတွက်ကိုသာ လိုချင်မိ၏။

အပေါင်ဆိုင်မှ ဒေါ်အေးစိန် က အပေါင်ဆုံးစောင်ကို ဈေးလျှော့ရောင်းမည်ဆိုသဖြင့် ဖိုးတုတ် ပိုက်ဆံစုနေသည်။ ငွေမကျေသေး၍ စောင်ကလည်း မရသေး။ ဒီနှစ် ဆောင်းမကုန်ခင်တော့ ကျေနိုင်မည်ဟု ဖိုးတုတ် ယုံသည်။

ထို့ကြောင့် မနက်စောစော လည်ညှပ်သိမ်းပြီးလျှင် အမေနှင့်အတူ ပဲကောက်သင်းကောက်လိုက်ချင်သည်။

အသက် ၁ဝ နှစ်ရှိပြီဖြစ်သော ဖိုးတုတ်ကို အမေက ယုံကြည်အားကိုးသည်။ အငယ်နှစ်ယောက်အတွက် ဖိုးတုတ် အိမ်မှာ ကျန်ခဲ့မှဖြစ်မည်ဟု ပြောကာ ချန်ထားလေ့ရှိသည်။ ဟုတ်တော့လည်း ဟုတ်သည်။ ညီမလေးက ၃ နှစ်ပင်မပြည့်တတ်သေး။

ဖိုးတုတ် အတွေးတို့နှင့် အိပ်မရတော့ပေ။ အချိန်ကား မိုးလင်းပိုင်းရောက်ပြီမို့ မနေ့ညနေက ထောင်ထားသော လည်ညှပ်များသိမ်းရန် ဝါးထမ်းပိုးကို ယူကာ လယ်ကွင်းများဆီသို့ ထွက်လာလိုက်သည်။

xxx xxx xxx

တဖြည်းဖြည်း နေမြင့်လာသည်နှင့် နှင်းများ ကွဲလာကာ လမ်းများကို မြင်ရလာသည်။

ဖိုးတုတ်သည် ဝါးထမ်းပိုးကို ထမ်းရင်း လက်တစ် ဖက်ကို ချိုင်းအောက်သို့ညှပ်ကာ အအေးဒဏ်ကို အန်တုနေရသည်။ တစ်ခါတစ်ခါ သံစဉ်မတည့်သောသီချင်းများကိုလည်း အော်ဆိုလိုက်သေးသည်။

ကိုင်းတောထဲအရောက်တွင် ဖိုးတုတ်မျက်လုံးများ အရောင်လက်သွားသည်။ မှိုရသည့်မျက်နှာဖြင့် …

“ဘယ်ရမလဲ၊ ဒီကျင်းမှာ ရှိကို ရှိရမယ်ဆိုတာ ဖိုးတုတ်သိတာပေါ့။ ဟင်း … ဟင်း”

ဖိုးတုတ်မှာ သုံးဆယ်သားခန့်ရှိ ကြွက်ကြီးတစ်ကောင် မိနေသော လည်ညှပ်ကို မြှောက်ကိုင်ရင်း ပျော် နေသည်။

ဒီနေ့ ကြွက် ၅ ကောင်ရသဖြင့် ဖိုးတုတ်၏ မျက်နှာတွင် စစ်ပွဲနိုင်ပြီး ပြန်လာသော စစ်သူကြီးတစ်ယောက်လို အပြုံးတို့ဖြင့် ဝေနေတော့သည်။

အိမ်ကိုရောက်သော်လည်း မနားနိုင်သေး။

အချိန်လေးရှိတုန်း ကြွက်လေးကောင်ကို ရွာထဲ လှည့်ရောင်းလိုက်ရာ သိပ်ကြာကြာမရောင်းလိုက်ရဘဲ ကုန်သွားတော့သည်။

ထို့နောက် ဒေါ်မြရင်ဆိုင်မှ ဆန်၊ ဆီ၊ ဆားအချို့ကိုဝယ်လာသည်။ ဆန်အချို့ကို ရေဆေးကာ ထမင်းအိုးကို မီးဖိုပေါ်တင်လိုက်၏။ ညီမလေးက ယောင်ပေပေနှင့် အနားလာထိုင်ပြီး ထမင်းအိုးကို ကြည့်နေသည်။

ဖိုးတုတ် စိတ်မကောင်း။ အငယ်လေးတွေ ဗိုက်ဆာနေတာကို သိသည်။

“ညီမလေး ခဏလေးစောင့်နော်၊ ကိုကြီး ချက်နေပြီ။ တော်ကြာ စားရတော့မယ်နော်”

ညီမလေးက မျက်လုံးလေးပေကလတ် ပေကလတ်နှင့် ခေါင်းညိတ်သည်။

ကျပ်ခိုးမှိုင်းများဖြင့် ညစ်ပေနေသော အိုးဖုံးကို ဆန်ဆေးရည်ဖြင့် ဆေးပြီး ဖုံးလိုက်သည်။ မြန်မြန်ဆူရန်အတွက် ရေလဝါပင်သား အခြောက်များကို များများထည့်လိုက်၏။

နောက်ရက်များအတွက် ထင်းရဖို့ ဝါးတောသွားတိုးရပေမည်။ ညနေစာအတွက် ချန်ထားသော ဆန်ကို ပလတ်စတစ်အိတ်ဖြင့် ပြန်ထုပ်သည်။

မီးဖိုနားတွင် ဖင်ချထိုင်ပြီး ဟင်းချက်ရန် ချန်ထားသော ကြွက်တစ်ကောင်ကို ပြာဖြင့်လူးကာ အမွေးနုတ်သည်။

ကြွက်ကိုင်ပြီးသည်နှင့် ရေစိမ်ထားသော ငရုတ်သီးတောင့်များကို ကြက်သွန်ဖြူ၊ ကြက်သွန်နီအချို့နှင့် ရောထောင်း၏။

“ကြွက်သားချက်မယ်ဆိုရင် ငရုတ်သီးက ညက် လွန်းရင် မကောင်းဘူး။ လုံးကွဲလုံးကြေလေးမှ ကောင်းတာ။ ကုလားနံနံလေး အုပ်လိုက်ရင် မွှေးမွှေးလေးနဲ့ စားလို့ကောင်းမှကောင်း”

ဆိုသော အဖေ့စကားကို ပြန်ကြားယောင်မိသည်။

အိမ်ဘေးတွင် ယခင်ကစိုက်ထားသော ကုလားနံနံအပင်လေးဆီ အပြေးအလွှားသွား ကြည့်မိသည်။ တစ်ခါမှ ရေမလောင်းမိသော အပင်လေးမှာ နှင်းရေကို သောက်ရင်း ရှင်သန်လန်းဆန်းနေ၏။
အရင်းပိုင်းမှ အရွက်သုံးရွက်ကို ခူးလိုက်သည်။ ထို့နောက် ကြွက်သားချက်ခြင်းကို စတင်လိုက်၏။

ကြွက်သားဟင်းအိုးမှာ ဆီပြန်ရေကျန်အနံ့ကလေး တသင်းသင်းနှင့် စားချင်စရာပင်။

xxx xxx xxx

ပဲကောက်သင်းသွားကောက်နေသော အမေက ပြန်ရောက်မလာသေး။ အငယ်တွေ ဗိုက်ဆာနေပြီမို့ အမေပြန်လာသည်အထိ စောင့်၍မဖြစ်။ အရင်ကျွေး ထားမှဖြစ်မည်။

“ဆွမ်းတော်ဗျို့ ….”

ဖိုးတုတ် ထမင်းခူးမည်အလုပ် အိမ်ရှေ့လမ်းဆီမှ ဆွမ်းတော်ဟစ်သံ ကြားရသည်။ လက်ထဲက ဝါးယောက်မကို ကပျာကယာချပြီး –

“ရပ်တော်မူပါအုံး”

အိမ်ပေါ်မှ အပြေးဆင်းကာ မရဲတရဲအော်လိုက် သည်။ တစ်ကြိမ်တစ်ခါမျှ ဆွမ်းမလောင်းဖူးသော ဖိုးတုတ်ရင်ထဲ အပျော်နှင့် ဝမ်းနည်းစိတ်တို့ ရောယှက်လို့ သွားသည်။

မျက်ရည်လေးလည်လည်နှင့် ပန်းကန်လုံးလေးထဲ ဆွမ်းထမင်းကိုခူးလိုက်ပြီး ကိုရင်လေး သပိတ်ထဲလောင်းလှူလိုက်သည်။ ကိုရင်လေးက ဆုပေးတော့ ခေါင်းလေးကုတ်ကာ အနေရခက်နေသော ဖိုးတုတ်ကို ဘုန်းကြီးကျောင်းသား ကိုကြီးငညိုက ကြည့်ရင်း ရယ်လိုက်သည်။

“ကိုရင် … ကြွက်သားဟင်းကော ဆွမ်းလောင်းလို့ ရလားဟင်”

“ဖိုးတုတ် … ကိုရင့်ကို ဆွမ်းလောင်းလို့ရလားလို့ မမေးရဘူး။ လောင်းလို့ရလားဘုရားလို့ မေးရတယ်။ ကဲ အခု ဆွမ်းလောင်းချင်တယ် မဟုတ်လား။ သွား ယူချေ ငါ့ညီ”

“ဟုတ် … ဟုတ်ကဲ့ … ကိုကြီးငညို”

ဆွမ်းလောင်းပြီးသည့်တိုင် ဖိုးတုတ်ရင်ထဲ ခံစားမှုတစ်ခု ကျန်နေသည်။ ပြန်တွေးတိုင်း ပြုံးမိသော်လည်း ထိုခံစားမှုအပေါ် ဖိုးတုတ် အဓိပ္ပာယ်မဖွင့်ဆိုတတ်။

ဗိုက်ကလည်းဆာ၊ ဟင်းကလည်းကောင်းသည် ကြောင့် ထင်၏။ အငယ်နှစ်ယောက် မြိန်ရှက်စွာ စားနေသည်ကို ကြည့်ရင်း ဖိုးတုတ် ကျေနပ်နေမိသည်။

စားပြီးသည်နှင့် အငယ်နှစ်ယောက် သရက်ပင်ခြေရင်းတွင် ကစားနေကြ၏။

ပန်းကန်များဆေးပြီးသည်နှင့် ကြွက်ရောင်း၍ ရသော ပိုက်ဆံအချို့ကို ဖြန့်ကြည့်လိုက်သည်။ လက်ထဲတွင် ငွေသားတစ်ထောင့်ရှစ်ရာကျော် ရှိသည်။ နောက်နေ့အတွက် ဆန်ဝယ်၊ ဈေးဝယ်လိုက်လျှင် ငွေတစ်ထောင်ကျော် ကုန်ဦးမည်။

မတတ်နိုင်ချေ။ စားဖို့ကလည်း အရေးကြီး၏။ ဒေါ်အေးစိန်ကို သုံးရာလောက် ထပ်ပေးထားရမည်။

“ကောက်သင်းက မကျ၊ ကောက်တဲ့လူတွေက ကွင်းထဲမှာ ဖွေးဖွေးလှုပ်နေတာ၊ နေပူခံရတာပဲ အဖတ် တင်တယ်ဟေ့”

အမေက ခေါင်းပေါ်မှ ပဲထုပ်ခပ်သေးသေးကို ပစ်ချရင်း ညည်းလိုက်သည်။ ဖိုးတုတ်က ထမင်းခူးရင်း အမေ့နဖူးစပ်က ချွေးစက်များကို ကြည့်လိုက်၏။

“စိတ်မပူပါနဲ့ အမေရယ်။ သား ကြွက်ထောင်မယ်၊ ပြန်လာရင် ကန်စွန်းရွက်ခူးမယ်၊ ပြီးရင် ချောင်းထဲမှာ ငါးမျှားမှာပေါ့”

အမေက ဖိုးတုတ်ကို ကြည့်ရင်း ပြုံး၏။

xxx xxx xxx

“အမေ … ဒီနေ့တော့ ကြွက်က မရဘူး။ လည်ညှပ်မှာ သွေးစတွေ့ပြီး ကြွက်မရှိဘူးဆိုတော့ သား လည်ညှပ်က ကြွက်ကို တစ်ယောက်ယောက်က ခိုးဖြုတ်သွားတာ ဖြစ်ရမယ်။ တောက် … ”

“ကဲပါ သားရယ်…ဘာတတ်နိုင်မလဲ။ လာ… ရှိတဲ့ ထမင်းကြမ်းခဲလေး မျှစားကြ”

“သား မစားတော့ဘူးအမေ၊ အငယ်လေးတွေ စားပါစေ။ နေပွင့်ပြီဆိုတော့ ဆင်သေအိုင်ဘက်မှာ ကန်စွန်းရွက် သွားခူးလိုက်အုံးမယ်”

ဖိုးတုတ်က ပြောပြောဆိုဆိုနှင့် အုန်းဆံကြိုးတစ်ချောင်းကို ယူကာ ဆင်သေအိုင်ဘက်သို့ ထွက်လာ လိုက်သည်။

မြင်လိုက်ရသော မြင်ကွင်းကြောင့် ဖိုးတုတ်မှာ လက်ခုပ်တီးကာ ပျော်သွားသည်။ အင်္ကျီကိုချွတ်ပြီး ဘောင်းဘီတိုနှင့် ရေထဲသို့ ခုန်ဆင်းလိုက်သည်။

စိတ်စောနေသဖြင့် ကြောက်ရကောင်းမှန်း မသိဘဲ ဖြာနေသော ကန်စွန်းညွန့်များကို ခူးလေ၏။

ဖိုးတုတ်၏ မျက်လုံးများ ဝင်းလက်လာသည်။ ကန်စွန်းညွန့်တစ်စည်းကို ၁၅ဝ အသာလေး ရသည်။

ခူးထားသော ကန်စွန်းညွန့်များမှာ တစ်ပွေ့ကြီး။

ဖိုးတုတ် ပျော်နေသည်။ ကန်စွန်းညွန့်များကို ပွေ့ပြီး ကုန်းပေါ်သို့တက်ကာ ပုံထားလိုက်သည်။

အေးစိမ့်စွာ တိုက်ခတ်လာသော လေ၏ အထိအတွေ့ကြောင့် ဖိုးတုတ် ခန္ဓာကိုယ်မှာ ဖျတ်ခနဲ တုန်သွားပြီး ကြက်သီးများ ထလာ၏။ ဖိုးတုတ် ရေထဲသို့ ခပ်မြန် မြန် ခုန်ဆင်းလိုက်သည်။ ဒီတော့မှ နွေးသွားတော့သည်။

ဖိုးတုတ်က ရေထဲမှဒိုက်ပင်များကို ခြေထောက်ဖြင့် တိုးဝှေ့ပြီး ကန်စွန်းများကို အဆက်မပြတ် ခူးနေသည်။

ဒီနေ့ ဖိုးတုတ် စောင်ဖိုးကျေပြီ။ ထိုအတွေးဖြင့် ဖိုးတုတ်ပျော်သည်။ သီချင်းကိုပင် ဟစ်လိုက်သေး၏။

တဖြည်းဖြည်းနှင့် ရေနက်ထဲ ရောက်လာသည်။

ခူးထားသည်မှာလည်း များနေပြီမို့ ဖိုးတုတ် နောက်ပြန်လှည့်လိုက်၏။ ခြေထောက်တွင် ပတ်နေသော ဒိုက်ပင်များကို တအားဆောင့်ဆွဲပစ်လိုက်သည် … မရ။

လက်ထဲက ကန်စွန်းညွန့်များကို ချပြီး လက်ဖြင့် ဖယ်ရင်း ရုန်းလိုက်သည်။

ချောနေသော မြေပြင်ကြောင့် ဖိုးတုတ် ခြေချော်သွား၏။ ခန္ဓာကိုယ်မှာ ရေနက်ထဲသို့ ရောက်သွားတော့သည်။

ဖိုးတုတ်ကူးခပ်ရင်း ပါးစပ်မှ “အမေ” လို့ အော်လိုက်သည်။

ရေများက ပါးစပ်မှတစ်ဆင့် ဝမ်းဗိုက်ထဲသို့ တိုးဝင်သွား၏။

အချိန်ကြာကြာ ရုန်းလိုက် ကူးလိုက်နှင့် ဖိုးတုတ် ခြေကုန်လက်ပန်းကျလာပြီ။ လှုပ်ဖို့ရန် အင်အားမရှိ တော့။

ပို၍ ဆိုးသည်က စိတ်ဓာတ်ကျလာခြင်းပင်။

အမေ မကြားနိုင်ပေမဲ့ စိတ်ထဲမှ အမေ့ကိုသာ အဆက်မပြတ် တနေမိသည်။
ရေများသည် နှာခေါင်း၊ ပါးစပ်မှတစ်ဆင့် ဝင်ကာ ခန္ဓာကိုယ်ထဲတွင် ပိုပိုများလာသည်။ မည်သူမှ မကြားလိုက် မသိလိုက်ရပါဘဲ ဖိုးတုတ်၏ခန္ဓာကိုယ် လေးမှာလည်း ရေအောက်သို့ တဖြည်းဖြည်းချင်း နစ်မြုပ်သွားလေသည်။

xxx xxx xxx

မျက်လုံးတစ်ချက်အဖွင့်တွင် အမေ့ကို မျက်ဝါး ထင်ထင် တွေ့လိုက်ရသည်။ ဖိုးတုတ် ကြောက်စိတ်တို့ ဝင်လာကာ အမေ့ကို အားကုန်ဖက်လိုက်သည်။

အမေကလည်း ဖိုးတုတ်ကို ပွေ့ဖက်လျက်။

“သားလေးရယ် … မသေကောင်း မပျောက်ကောင်း ကံကြီးပေလို့သာ။ ငါ့သားလေးကို ကိုကြီးအောင်ပု တွေ့လို့သာပေါ့။ မဟုတ်ရင် အမေလေ … ရင်ကျိုးရပြီ”

အမေက မချိတင်ကဲပြောရင်း ရှိုက်ကြီးတငင်ငို တော့သည်။

ဖိုးတုတ်လည်း အမေ့ကို မျက်ရည်သုတ်ပေးပြီး ဦးလေးအောင်ပုကို လက်အုပ်ချီကန်တော့ကာ ကျေးဇူးတင်၍မဆုံး။

“ကဲ… ဖိုးတုတ်၊ သား စိတ်မပူနဲ့။ သားရဲ့ကန်စွန်း ရွက်တွေ ဦးလေး အကုန်ဝယ်လိုက်တယ်။ ဦးလေးလဲ ကန်စွန်းရွက်ခူးထွက်ရင်း သား ရေနစ်သွားတာ မြင်လို့ အခုလို ကံကောင်းတာ။ မဟုတ်ရင်တော့ မင်းအမေပြောသလို မတွေးရဲစရာ”

ထို့နောက် ဦးလေးအောင်ပုက ကန်စွန်းရွက်ဖိုးဟုဆိုကာ ပိုက်ဆံအချို့ကို ကမ်းပေးသည်။ ဖိုးတုတ် ငြင်းလိုက်သည်။

ဦးလေးအောင်ပု ကယ်လို့သာ ဖိုးတုတ် အသက်ဘေးက လွတ်ခဲ့သည် မဟုတ်လား။ သို့သော် ငြင်းလို့မရ။

“သား… ဖိုးတုတ်၊ မင်းအမေကို စောင်လေးဝယ်ပေးမယ် မဟုတ်လား … သွားဝယ်ချေ။ ဒါက သားအသက်နဲ့ရင်းပြီး ခူးထားရတဲ့ ကန်စွန်းရွက်ဖိုးတွေလေ”

ဖိုးတုတ် သက်သာသည်နှင့် ဦးလေးအောင်ပု ပေးခဲ့သော ပိုက်ဆံကို လက်ထဲတွင်ဆုပ်ကာ ဒေါ်အေးစိန် အပေါင်ဆိုင်သို့ သွားလိုက်သည်။ မျက်နှာပေါ်မှာတော့ အပြုံးတွေ ဝေလျက်။

နောက်ဆုံးတွင်တော့ ဖိုးတုတ် စောင်လေးတစ်ထည် ပိုင်ဆိုင်ခဲ့ပြီ။

ဒီနှစ် ဆောင်းမကုန်ခင် အမေ့ကို စောင်လေးပေးနိုင်ပြီမို့ ဖိုးတုတ်မှာ အပျော်ကြီးပျော်ကာ တပြုံးပြုံးနှင့် ဖြစ်နေလေပြီ။ ။

ငွေတာရီမဂ္ဂဇင်း
အမှတ် ၇၂၂
စက်တင်ဘာလ ၊ ၂၀၂၀

– ပြီး –

စာရေးသူ – သခင် (ဇလွန်မြေ)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ 2.0