စာမူ…၁၅၁

စဆုံး

ဒေါ်နော်ခမ်းသည် သူ၏ချည်လွယ်အိတ်ကြီးကို
လွယ်ကာ သောင်ထွန်းရွာထဲသို့ ခြေလှမ်းကျဲကြီးဖြင့်
ဝင်ရောက်လာခဲ့သည်။

“ဟော…အလည်လာတာလား”

ဒေါ်နော်ခမ်းကို သောင်ထွန်းတစ်ရွာလုံးက သိနေကြပြီဖြစ်၍ လမ်း၌တွေ့သူတိုင်းလိုလိုကပင် ဒေါ်နော်ခမ်းကို
နှုတ်ဆက်ကြလေသည်။
ဒေါ်နော်ခမ်းကတော့ပြုံး၍ပြလိုက်…ခေါင်းကို
ညိတ်ပြလိုက်ဖြင့် ဆက်၍လျှောက်လာခဲ့သည်။
ဘွားမယ်စိန်၏အိမ်ဆီသို့ ဒေါ်နော်ခမ်းတန်းမတ်စွာ
ရောက်လာခဲ့သည်။

“အမေကြီး…”

ထိုသို့ခေါ်ပြီး ခြံဝိုင်းထဲသို့ဒေါ်နော်ခမ်းဝင်လာခဲ့၏။
အိမ်၌လည်း ရှင်ညိုတစ်ယောက်ထဲသာရှိပေသည်။
ရှင်ညိုသည် ကွပ်ပျစ်ခင်း၌ထိုင်ကာ ဓားတစ်လက်ဖြင့်
ကြက်သွန်နီများကိုခွာယူနေခဲ့သည်။

“နင်ဘယ်သူလဲ…အမေကြီးတို့ကရော
ဘယ်သွားတာလဲ”

ဒေါ်နော်ခမ်းက ရှင်ညိုကို စိုက်ကြည့်၍မေးလေတော့
ရှင်ညိုကလည်းဒေါ်နော်ခမ်းကိုကြည့်၍…

“နေပါဦး…သူများခြံဝိုင်းထဲဝင်လာပြီး
ဘာတွေလာမေးနေတာလဲ…တော်ကရောဘယ်သူလဲ…”

ဟု…ခပ်စွာစွာပင်ပြန်မေးလိုက်သည်။
ဒေါ်နော်ခမ်းသည်ရှင်ညိုကိုစိုက်ကြည့်၍
အကဲခတ်နေခဲ့သည်။

“နင်ကလည်းသာမာန်လူမဟုတ်ပါလား…
ပြောစမ်းကောင်မလေး…နင်ဘယ်သူလဲ”

“တော်ကလည်း သမာန်လူမဟုတ်ပါဘူးကြီးတော်..
ပြောစမ်းပါဦး သူများခြံဝိုင်းထဲကျုးကျုးကျော်ကျော်ဝင်လာတဲ့ကိစ္စကို….”

ရှင်ညိုကလည်းဒေါ်နော်ခမ်းကိုနည်းနည်းလေးမှ
အကျောမခံဘဲ ပြန်ကာပြော၏။
ဒေါ်နော်ခမ်းမှာရှင်ညိုကိုကြည့်၍ စိတ်ဆိုးရမလိုလို…
ရယ်ရမလိုလိုဖြစ်နေရှာသည်။

“ငါက ဒီအိမ်ပိုင်ရှင်ဘွားမယ်စိန်ရဲ့ မွေးစားသမီး…
ဒေါ်နော်ခမ်းဆိုတာ ဟောသည်တစ်ရွာလုံးသိတယ်
ညည်းပဲမသိတာ…”

ဟု…ဒေါ်နော်ခမ်းကပြောလေတော့မှ ရှင်ညို၏အမူအရာပြောင်းလဲသွားပြီး…

“ဒါဆို…တောင်​ခြေရွာက အရီးနော်ခမ်းဆိုတာလား”

“အေး…ဟုတ်တယ်…”

“အရီး…လာ…လာထိုင်ပါဦးအရီးရယ်…
ကျုပ်မသိလို့ပါ…ခဏနော်…အဘွားတို့ကို
သွားခေါ်ပေးပါ့မယ်…”

ဟု…ပြောကာ ရှင်ညိုသည် ကွပ်ပျစ်ခင်းပေါ်မှဆင်း၍
ဒေါ်နော်ခမ်းရဲ့စကားကိုပင်မစောင့်တော့ဘဲ ခြံဝိုင်းအပြင်သို့ အပြေးထွက်သွားတော့သည်။
ဒေါ်နော်ခမ်းလည်း ကွပ်ပျစ်၌ရေနွေးကြမ်းသောက်ရင်း ထိုင်ကာစောင့်နေတော့၏။

ခဏမျှကြာတော့ ဘွားမယ်စိန်နှင့်ရှင်ညိုတို့ရောက်လာခဲ့ကြသည်။

“ရောက်တာကြာပြီလားသမီး”

“မကြာသေးပါဘူးအမေကြီးရယ်”

“အေး…ဘွားတို့လည်း အလှုအိမ်ရှိတာနဲ့စကားပြောရင်း
အလှူအိမ်မှာသွားထိုင်နေကြတာ…ညည်းအစ်မတို့လည်း
တော်နေဆိုပြန်လာတော့မယ်…”

“ဟုတ်ကဲ့အမေကြီး…သြော်…ဒါနဲ့ကျုပ်ကိုပြောပါဦး
သူကဘယ်သူလဲအမေကြီးရဲ့”

ဟု…ဒေါ်နော်ခမ်းကမေးတော့ ရှင်ညိုငြိမ်နေလိုက်သည်။

“သူကလား…ဘွားရဲ့သမီးလိုဖြစ်နေပါပြီအေ…
နာမည်က ရှင်ညိုတဲ့…သူ့ခမျာလည်း ညည်းအကြောင်းတွေကိုပြောပြထားတော့ တွေ့ချင်နေရှာတာ…”

ဒေါ်နော်ခမ်းကအကြမ်းရေသောက်ရင်း
ခေါင်းညိတ်ပြသည်။

“အဘွား…ကျုပ်အရီးတို့ဆီသွားလိုက်ဦးမယ်…”

“ဘာသွားလုပ်မလို့လဲသမီးရဲ့…သူတို့လည်းတော်နေဆို
ပြန်လာကြတော့မှာပါ…”

“ခဏပါပဲအဘွားရယ်…”

ရှင်ညိုကထိုသို့ပြောပြီး ခြံဝိုင်းထဲမှထွက်သွားတော့သည်။

“အမေကြီးရဲ့မွေးစားသမီးက
သာမာန်တော့မဟုတ်ဘူးနော်…”

“သာမာန်မဟုတ်လို့ ဘွားကအနားခေါ်ပြီး
သင်စရာရှိတာသင်နေရတော့ပေါ့သမီးရယ်…
အခုလည်းကြည့်ရတာသူ့အကြောင်းကိုငါ့သမီးသိအောင်
လွတ်လွတ်လပ်လပ်ပြောနိုင်ဖို့
ထွက်သွားပေးတာနေမှာပါ”

“သူ့အကြောင်းကဘာတွေထူးနေလို့လဲအမေကြီးရဲ့”

ဒေါ်နော်ခမ်းကထိုသို့ပြောလာတော့
ဘွားမယ်စိန်လည်းရှင်ညို၏ဘဝအကြောင်းအား
ဒေါ်နော်ခမ်းသိစေရန်ပြန်လည်ကာပြောပြရှာသည်။
ဘွားမယ်စိန်ပြောပြသော အကြောင်းအရာများကို
နားထောင်ပြီးနောက် ဒေါ်နော်ခမ်းသည်ရှင်ညို၏
ဘဝကိုသနား၍လာခဲ့သည်။
ရှင်ညိုအပေါ်၌လည်း အတွေးအမြင်များပြောင်းလဲလာခဲ့တော့သည်။

“ဟယ်…နော်ခမ်း…
နေကောင်းတယ်နော်…မိညှပ်…
မိညှပ်ကောမပါဘူးလားအေ့”

ဒေါ်ဝင်းတို့ပြန်ရောက်လာခဲ့သည်။

“မပါဘူးမမဝင်း…ကျုပ်လည်း
အရေးကြီးကိစ္စရှိလို့ထွက်လာခဲ့ရတာ…”

“သြော်…အေး…အေး…
ထမင်းစားမလားအစ်မပြင်လိုက်မယ်လေ”

“မစားသေးဘူးမမဝင်း…ကျုပ်အမေကြီးနဲ့
စကားအရင်ပြောလိုက်ပါဦးမယ်”

ရှင်ညိုနဲ့နန်းကြိုင်တို့ကတော့ ထန်းလက်ခုံ၌
ဝင်ထိုင်နေကြသည်။
ဒေါ်ဝင်းတစ်ယောက် အကြမ်းရေအိုးကိုယူ၍
မီးဖိုထဲသို့ဝင်သွားတော့သည်။

“ဘွားဆီကိုလာတာ အရေးကြီးကိစ္စရှိလို့လားသမီး”

ဘွားမယ်စိန်ကမေးတော့ ဒေါ်နော်ခမ်းမှာ
ခေါင်းကိုညိတ်လိုက်သည်။

“အရေးကြီးတယ်လို့ပဲပြောရတော့မယ်အမေကြီး…
ကျုပ်လည်းသတင်းတစ်ခုကြားကြားခြင်း
အမေကြီးတို့ဆီကိုအပြေးလာခဲ့ရတာ…”

“ဘာသတင်းများလဲကွဲ့”

“အောက်စုရွာမှာ ပညာသည် ညီအစ်မနှစ်ယောက်
ရှိတယ်လို့ ကျုပ်သတင်းရတယ်အမေကြီး…
ပညာသည်ညီအစ်မကအတော်လေးလည်း
ထက်မြတ်ကြတယ်…
ကျုပ်တို့အတွက်အရေးကြီးတာက အောက်လမ်းဆရာတစ်ယောက်က ဒီညီအစ်မကိုအနိုင်ယူပြီး
သူတို့ရဲ့ပညာတွေနဲ့မကောင်းတာတစ်ခုခုလုပ်တော့မယ်လို့
ကြိုပြီးသတင်းရခဲ့တယ်အမေကြီး…ဒါကြောင့်
ဒီဆရာရောက်မလာခင်ကျုပ်တို့အရင်သွားပြီး
ဒီညီအစ်မကိုအနိုင်ယူထားရမယ်…”

“အင်း…ကြည့်ရတာ ကဝေမတွေက
အတော်လေးပညာထက်ပုံပဲ…”

“ဟုတ်တယ်အမေကြီး…သူတို့ကိုသာ
အောက်လမ်းကောင်က အနိုင်ရသွားခဲ့ရင်
ကျုပ်တို့တတွေရင်ဆိုင်ဖို့အခက်တွေ့လာနိုင်တယ်…”

ဒေါ်နော်ခမ်းကထိုသို့ပြောလေသောအခါ
ဘွားမယ်စိန်စဥ်းစားနေသည်။
ခဏကြာမှ…

“ဘွားတို့အချိန်ဘယ်နရက်ရသေးလဲသမီး”.

“အချိန်ကနှစ်ရက်ပဲရတယ်အမေကြီး…
ကျုပ်သိရသလောက်တော့ ဟိုအကောင်လည်း
ရောက်လာတော့မယ့်ပုံပဲ”

“ဒါဆိုရင်တော့ ဘွားတို့ဘက်က လက်ဦးမှတော်လိမ့်မယ်”

“ဟုတ်တယ်အမေကြီး”

“အင်း…ဒါဆိုရင် ဒီညနေပဲသွားကြတာပေါ့…
သမီးနန်းကြိုင်…ညည်းအစ်ကိုများကိုသွားခေါ်ချေကွဲ့…
မိဝင်း…ညည်းလည်းလာခဲ့ဦး”

ဘွားမယ်စိန်သည် နန်းကြိုင်နဲ့ဒေါ်ဝင်းတို့ကို
လုပ်စရာရှိသည်များအားခိုင်းတော့သည်။
နန်းကြိုင်အား မောင်တိုးတို့ကိုသွားခေါ်စေသလို…
ဒေါ်ဝင်းကိုလည်း လမ်းခရီး၌စားဖို့ အစားအသောက်
အစို…အခြောက်များကို ပြင်ဆင်ခိုင်းလေသည်။

မောင်တိုးနဲ့မောင်အုန်းတို့ရောက်လာတော့လည်း
ခရီးသွားရမည့်ကိစ္စနှင့် ဒီကနေ့ညနေမှာပင်ခရီး
ထွက်ကြမည့်ဖြစ်ကြောင်းများကိုပြောပြလေသည်။
မောင်တိုးနဲ့မောင်အုန်းတို့ပြန်သွားလေတော့
မည်သည့်စကားကိုမှဝင်မပြောဘဲ ထိုင်နေခဲ့သော
ရှင်ညိုသည်…

“အဘွား.. ကျုပ်ကောအဘွားတို့အတူတူ
လိုက်ခဲ့လို့ရမလား”

ဟု…မေးလေတော့ ဘွားမယ်စိန်သည်
ဒေါ်နော်ခမ်းကိုကြည့်၏။
ဒေါ်နော်ခမ်းကလည်းဘွားမယ်စိန်အမူအရာကိုသဘောပေါက်၍…

“အမေကြီးခေါ်ခဲ့ချင်ရင်ခေါ်ခဲ့လိုက်ပါ…
သူတစ်ယောက်ပိုသွားလို့ ကျုပ်တို့အတွက်
အခက်အခဲမရှိပါဘူး…”

ဟု…ဒေါ်နော်ခမ်းကပြောလိုက်လေသည်။

“ကဲ…ညည်းရဲ့အရီးက လိုက်ခဲ့တဲ့…
သမီးလည်းပြင်ဆင်စရာရှိတာပြင်ဆင်ထားတော့ပေါ့”

“ဟုတ်ကဲ့အဘွား”

ရှင်ညိုဝမ်းသာအားရဖြင့် အိမ်ပေါ်သို့
တက်သွားတော့သည်။

ညနေရောက်တော့ ဘွားမယ်စိန်တို့ခရီးထွက်ဖို့အသင့်ဖြစ်နေကြပြီး မောင်တိုးတို့အလာကိုစောင့်နေခဲ့ကြသည်။

“မမ…လမ်းမှာဂရုစိုက်နော်”

“အေးပါညီမလေးရယ်…မမဂရုစိုက်မယ်နော်…”

နန်းကြိုင်မှာ ရှင်ညိုအနားကပ်၍တတွတ်တွတ်
မှာကြားနေရှာသည်။

“မိဝင်းညည်းတို့သားအမိအမေတို့ကိုစိတ်မပူကြနဲ့…
ညည်းတို့သာဂရုစိုက်ကြ…အိမ်မှာပဲနေကြနော်ကြားလား”

“ဟုတ်ကဲ့အမေ…”

“ဘွားရေ…ကျုပ်တို့လာပြီဗျို့…”

မောင်တိုးနဲ့မောင်အုန်းတို့ရောက်လာကြသည်။
ဘွားမယ်စိန်တို့လည်းလွယ်အိတ်ကိုယ်စီဖြင့်
လွယ်လို့ထားကြ၏။
တခြားသူများထက်ထူးသော ဘွားမယ်စိန်က
သူ၏မပါမဖြစ်လက်ဆွဲတော်တောင်ဝှေးကြီးကိုထောက်၍
ခြံဝိုင်းအပြင်ဆီကိုထွက်လာခဲ့တော့သည်။

ဘွားမယ်စိန်ကိုမောင်တိုးတို့က လှည်းအထက်သို့
တွဲကူ၍တင်ပေးကြ၏။
ဒေါ်နော်ခမ်းနဲ့ရှင်ညိုတို့လည်း နွားလှည်းပေါ်သို့
ရောက်ကြလေတော့…

“အရီး…ကျုပ်တို့သွားပြီနော်…”

“မမ…သွားတော့နော်…”

အချင်းချင်းနှုတ်ဆက်ပြီး​လေတော့မှ
နွားလှည်းလေးကိုမောင်းထွက်လာခဲ့ကြသည်။
လမ်းခရီး၌လည်း ဒေါ်နော်ခမ်းက အောက်စုရွာမှ
ကဝေညီအစ်မ၏အကြောင်းများကိုဘွားမယ်စိန်တို့
သိစေရန် ပြောပြပေးရှာသည်။

အောက်စုရွာ၌ အသက်အားဖြင့်
သုံးဆယ်ကျော်အရွယ်ရှိသော ပန်းလှနဲ့ပန်းမြဆိုသည့်
ညီအစ်မနှစ်ယောက်ရှိသည်။
ပန်းလှနှင့်ပန်းမြက အသက်ကွာခြားကြသော်လည်း
ရုပ်အဆင်းက တူလှသည်။
အောက်စုရွာ၌ ပညာသည်တချို့ရှိပါသော်လည်း
ပန်းလှနှင့်ပန်းမြကဲ့သို့ ပညာမထက်မြက်သောကြပေ။
ပန်းလှနှင့်ပန်းမြကတော့ ကဝေမတွေသာဖြစ်ကြ၏။
တစ်ရွာလုံးကလည်း ပန်းလှနှင့်ပန်းမြကို နာမည်ပင်မခေါ်ရဲကြဘဲ မမလေးတို့ဟုသာခေါ်ကြသည်။

“မမလေး…ရွာအပြင်မှာ ဆရာဆိုတဲ့သူရောက်နေတယ်”

ပန်းလှနှင့်ပန်းမြတို့၏ပညာကိုသိထား၍
အောက်လမ်းဆရာများကလည်း ရောက်လာတတ်သည်။
ပန်းလှနှင့်ပန်းမြတို့မှာ ထိုသူတို့အား ရွာသို့မကပ်နိုင်ရန်
သူတို့ပညာဖြင့် သတ်ဖြတ်ပစ်တတ်ကြသည်။

“ဟဲ့…မိညို…သွားချေ…ဒီဆရာရဲ့အရိပ်အ​ခြေကို
ကြည့်ပြီးတိုက်သင့်ရင်တိုက်ခဲ့…
ညည်းအနောက်မှာ ငါတို့ရှိနေမယ်…”

“ဟုတ်ကဲ့မမလေး”

သူတို့၏တပည့်ဖြစ်သော ရွာခံစုန်းမကို လွှတ်၍
အောက်လမ်းဆရာကို တိုက်ခိုင်းလေသည်။
စုန်းမကလည်း ထဘီကို ဖြည်၍ ငုတ်တုတ်အနေအထားထိုင်ကာချလိုက်ပြီး ထဘီကိုလက်ဖြင့်
ဘေးသို့ဖြန့်လိုက်ရာ ငှက်အတောင်ကြီးကဲ့သို့
ပြောင်းလဲသွားခဲ့သည်။
အသွင်ပြောင်းသွားသော လင်းတငှက်ကြီးသည်
ရွာပြင်သိို့ပျံထွက်သွားတော့၏။
ရွာပြင်ဘက်ရှိအောက်လမ်းဆရာအား
စုန်းမက သွား၍ပညာပြိုင်လေသည်။
အောက်လမ်းဆရာ၏ပညာများကို ရွာထဲမှ
ကဝေညီအစ်မကလည်း သူတို့တပည့်ကို
ကာကွယ်၍ပြန်တိုက်ထုတ်ပေးကြ၏။
နောက်ဆုံး ပညာနှိမ့်သော အောက်လမ်းဆရာသည်လည်း
ကဝေညီအစ်မလက်ချက်ဖြင့်ပင် သေဆုံးခဲ့ရရှာသည်။
ထိုသို့ပညာထက်လှသော ကဝေညီအစ်မအား
တစ်ရွာလုံးကကြောက်ရ၏။
သို့သော်ပန်းလှနှင့်ပန်းမြတို့မှာ
တစ်ပါးသူအပေါ်၌အကြောင်းမဲ့သက်သက်
ရန်မူခြင်းမရှိခဲ့ပေ။
အောက်စုရွာသူတချို့ကတော့

“ဟိုကဝေမတွေကို ကျုပ်တို့ရွာကနေဘယ်လို
နှင်ထုတ်ရမလဲ မသိပါဘူးတော်…
ဒင်းတို့တစ်ခုခုလုပ်မှာကိုပဲ
ကျူပ်တို့ကကြောက်နေရတာ…”

မပန်းလှတို့ကို မကျေမနပ်ဖြစ်နေသူများကလည်း
ရှိနေပြန်သည်။

“ဟဲ့ကောင်မတွေ…ညည်းတို့ပါးစပ်တွေကိုပိတ်ထားကြ…
ပန်းလှတို့ညီအစ်မက ညည်းတို့ကိုဘာလုပ်နေလို့တုန်း…
ဒီရွာမှာသူ့တပည့်တွေကလည်းပေါပါဘိနဲ့အေ…
တော်နေ…မြွေနဲ့ပေါက်ခိုင်းမှသေနေပါ့မယ်…”

“အို…ကြီးတော်ရယ်…
ကျုပ်ကတော့ဒင်းတို့ညီအစ်မရွာထဲမှာ
ထောင်လွှားနေကြတာကိုနည်းနည်းလေးမှကြည့်မရဘူး…
ဒင်းတို့ကိုနိုင်တဲ့သူပေါ်လာပါစေလို့ကို
ဆုတောင်းတယ်တော်…”

“အေး…ညည်းနဲ့တော့ခက်တယ်အေ…
မထိသင့်တာမထိနဲ့…မပြောသင့်တာမပြောနဲ့…
အသက်ရှည်ရှည်နေချင်ရင်ဒါတွေကိုသိထားကြ…”

မပန်းလှနဲ့မပန်းမြတို့မှာ ရွာထဲကလူများအမြင်မကြည်ကြတာကို သိကြသော်လည်း နည်းနည်းလေးမှ
ဂရုမစိုက်ကြပေ။
သူတို့၏နေအိမ်သို့လည်း အရေးအကြောင်းမရှိဘဲ
မည်သူမှမသွားရဲကြသလို…
ရွာထဲရှိခွေးများပင် မပန်းလှတို့အိမ်အရှေ့မှ
မဖြတ်ရဲကြပေ။

ဒေါ်နော်ခမ်းပြောပြသော ကဝေညီအစ်မ၏အကြောင်းများကို နားထောင်အပြီး ဘွားမယ်စိန်တို့လည်း
ခရီးတစ်ထောက်နားကြလေသည်။

နောက်တစ်ရက်မနက်သို့ရောက်လေတော့မှ
အောက်စုရွာသို့ရောက်လာခဲ့ကြသည်။
အောက်စုရွာရှိဘုန်းကြီးကျောင်း၌ ဘွားမယ်စိန်တို့
ခွင့်တောင်း၍တည်းခိုကြရာ တစ်ယောက်စကားတစ်ယောက်ကြားပြီး ရွာထဲမှသူများလည်း ဘွားမယ်စိန်တို့ကို
လာကြည့်ကြလေသည်။

“ဒီကကောင်လေးတွေက အထက်လမ်းဆရာတွေ
များလားတော့်”

မောင်တိုးနဲ့မောင်အုန်းတို့ကိုကြည့်ပြီး ရွာသူတွေက
မေးကြသည်။

“ဘယ်သူများပြောလိုက်တာလဲအေ…
ဘွားတို့က ဒီအတိုင်းခရီးသွားတွေပါအေ့…
ခရီးသွားရင်းပင်ပန်းလာလို့ လာပြီး တည်းခိုတာပါ”

“ဟုတ်ပါ့တော်…ဒီကောင်လေးတွေကလေ…
တော်တို့ပြောတဲ့ဆရာဆိုတာနဲ့ အတော်လေးဝေးပါရဲ့…”

“အို…မသိပါဘူး ကိုရင်ကြီးပြောတာတော့
တော်တို့က သရဲတွေစုန်းတွေကို နှိမ်နင်းနိုင်တယ်ဆို…”

“မဟုတ်တာကွယ်…”

ဘွားမယ်စိန်တို့…ကျောင်းထိုင်ဆရာတော်အားလျှောက်ထားရာမှကျောင်းရှိကိုရင်များ
ကြားသွားပုံရသည်။
ဒါ့ကြောင့်ဘွားမယ်စိန်တို့ကို လာ၍
မေးမြန်းကြခြင်းပင်ဖြစ်သည်။
ဘွားမယ်စိန်နဲ့ဒေါ်နော်ခမ်းမှာ မပြောသင့်သောအချိန်ဖြစ်တာကြောင့် ရွာသူများကိုငြင်း၍လွှတ်လိုက်ရာ
ရွာသူများမှာလည်း လက်လျော့၍အိမ်သို့
ပြန်သွားကြလေသည်။

“မမလေး… ဘုန်းကြီးကျောင်းမှာ မိန်းမကြီးတွေ
ရောက်နေတယ်…”

“မိန်းမကြီးတွေဟုတ်လား…သူတို့ကဘာတွေလဲ”

မပန်းလှတို့ထံရွာထဲမှ စုန်းမရောက်လာခဲ့သည်။
ထိုရွာသူစုန်းမပြောတာကို မပန်းလှတို့
စိတ်ဝင်စားနေကြ၏။

“ကျုပ်ကြားမိတာကတော့ အထက်ဆရာတွေတဲ့
မမလေးရဲ့…ဒါပေမယ့်ကျုပ်သွားကြည့်ခိုင်းတဲ့ကောင်မလေးပြောတာကတော့ သူတို့ကမဟုတ်ဘူးလို့
အတင်းငြင်းနေတယ်လို့ ပြောတယ်မမလေး”

မပန်းလှနဲ့မပန်းမြတို့မှာလည်း စဥ်းစားနေကြသည်။

“ကျုပ်တို့ထင်ထားတဲ့ အန္တရာယ်ကတော့
ရောက်လာပြီနဲ့တူတယ်…
သူတို့တကယ်အထက်ဆရာဟုတ်မဟုတ်
ဒီညနေပဲ ကျုပ်တို့ စစ်ကြည့်ရတော့မှာပဲ…
ဒေါ်ညို…ကျုပ်တို့ခေါ်ရင်လာခဲ့ပါ…
တော့်အောက်က ကောင်မတွေလည်းပြောထား”

“ဟုတ်ကဲ့မမလေး”

ရွာသူစုန်းမ ဒေါ်ညိုလည်း ပြန်သွားတော့သည်။
မပန်းလှနဲ့မပန်းမြတို့မှာခေါင်းချင်းဆိုင်၍
တိုင်ပင်နေကြတော့၏။

ဘွားမယ်စိန်တို့မှာလည်းဘုန်းကြီးကျောင်း၌
ရှိနေစဥ်…

“ရွာကသူတွေ​တောင်လာမေးနေကြပြီဆိုတော့
ကဝေမတွေလည်းသိမှာပဲ…
ဒီတော့ငါ့သမီးတို့ သတိတစ်ချက်မလစ်စေဘဲ…
သေချာဂရုစိုက်ကြတော့ကွဲ့…”

“ဟုတ်ကဲ့အမေကြီး…”

ဘွားမယ်စိန်ကလည်း ဒေါ်နော်ခမ်းတို့ကို သတိပေးထားတော့သည်။
ညနေသို့ရောက်တော့…

“အဘွား…လင်းတတွေရွာကိုပတ်ပြီးပျံနေကြပြီ…”

“ဒါဆိုသူတို့အနောက်ကိုလိုက်ရတော့မယ်သမီး…
ဒင်းတို့က ဘွားတို့ကို သူတို့နဲ့ရင်ဆိုင်ဖို့ခေါ်နေကြပြီ”

ဘွားမယ်စိန်တို့လည်း လင်းတငှက်များအနောက်သို့
လိုက်လာကြရာ ရွာအပြင်သို့ရောက်လာခဲ့ကြသည်။

လင်းတငှက်သုံးကောင်မှာ ကောင်းကင်၌ ပျံဝဲနေရင်းမှ
တစ်ကောင်သည် မြေပေါ်သို့ ဆင်းလာပြီး
စုန်းမကြီးဒေါ်ညိုအသွင်သို့ပြောင်းလဲသွားလေသည်။

“နင်တို့ ဒီရွာကိုဘာလာလုပ်ကြတာလဲ”

ဘွားမယ်စိန်တို့ကိုလက်ညိုးထိုးပြီးပြောလိုက်သည်။

“နင့်လိုအဆင့်နိမ့်တဲ့ဟာနဲ့မပြောချင်ဘူး…
နင့်အထက်ကဟာတွေကိုအရင်ခေါ်လိုက်…”

ဟုဒေါ်နော်ခမ်းကလည်းပြန်ကာပြောလိုက်သည်။

ဒေါ်ညိုကခေါင်းမာ၏။ သူ့ဘက်ကအရင်
ဒေါ်နော်ခမ်းကိုတိုက်ခိုက်လေရာ ဒေါ်နော်ခမ်းကလည်း
မညှာတာနိုင်တော့ဘဲ ဒေါ်ညိုကိုပြန်လည်တိုက်ခိုက်တော့သည်။

“အား….”

ဒေါ်နော်ခမ်းလက်ချက်ဖြင့် ဒေါ်ညိုမှာ
မြေပေါ်သိုဆန့်တငင်ငင်ဖြစ်လို့သွားလေသည်။

ကောင်းကင်၌ ပျံဝဲနေကြသော
လင်းတငှက်နှစ်ကောင်သည်လည်း မြေပြင်သို့ဆင်းလာကာ မပန်းလှနဲ့မပန်းမြအသွင်သို့ပြောင်းလဲသွားလေသည်။

“ဒေါ်ညို…တော်ကတယ်ပေါ့တယ်…
ဒင်းခေါင်းကိုသာ စက်နဲ့ပစ်ပြီး သတ်လိုက်သင့်တယ်”

“စိတ်ထိန်းပါညီမလေးရယ်…
ဒေါ်ညိုလည်း ဘယ်နိုင်မလဲ…ကဲဒေါ်ညို…
လာ…လာ…”

မပန်းမြက ဒေါ်ညိုခံလိုက်ရ၍ဒေါသထွက်နေသည်။
မပန်းလှကတော့ မပန်းမြကိုနှစ်သိမ့်ရင်း ဒေါ်ညိုကို
ကုသပေး၏။
ဒေါ်ညိုလည်း တစ်ကိုယ်လုံးနာကျဥ်၍
ငြီးတွားနေရှာသည်။

“ဒီမှာ…တော်တို့ကဘာတွေလဲ…
ဘာကိစ္စဒီရွာကို​ရောက်လာကြတာလဲ”

“ဒီမှာကလေးမ…ဘွားတို့လာတာကတော့
ညည်းတို့ညီအစ်မနဲ့တွေ့ချင်ယုံတင်ပဲ…
ဒါပေမယ့်အလွယ်တကူတွေ့လို့ရမယ်လို့
မထင်လို့ ညည်းတို့အခေါ်ကိုဘွားတို့ကိုစောင့်နေကြတာ…”

“အို…ဒင်းတို့ဘာကိစ္စနဲ့ပဲလာလာ…ကျုပ်မသိချင်ဘူး..
ကျုပ်တို့ပိုင်နက်ကိုကျုးကျော်လာတဲ့ဒင်းတို့ကို
ကျုပ်ပညာနဲ့သတ်ပစ်ချင်တယ်…”

မပန်းမြက ဘွားမယ်စိန်တို့ကိုဒေါသထွက်နေသည်။
မပန်းလှကလည်း…

“ကဲတော်တို့နိုင်သလိုခုခံချင်လည်းခုခံပေါ့…
ကျုပ်တို့ဘက်ကလည်း ကျုပ်တို့အကြောင်းပြရသေးတာပေါ့လေ…”

လို့ပြောပြီး ညီအစ်မနှစ်ယောက်လုံး၏နှုတ်မှ
ဂါထာရွှတ်သံများထွက်ပေါ်လာသည်။

“မောင်ရင်တို့လွတ်ရာမှာသွားနေကြတော့”

ဘွားမယ်စိန်ကမောင်တိုးတို့ကိုပြောတော့မောင်တိုးတို့မှာလည်း အနောက်သို့အပြေးဆုတ်သွားလေသည်။
သစ်ပင်ကြီးတစ်ပင်အကွယ်သို့မောင်တိုးတို့
ရောက်စဥ် မလှမ်းမကမ်း၌လည်း
ရွာကလူများရောက်နေတာကို တွေ့လိုက်ကြရ၏။

ထိုအချိန်မပန်းလှနဲ့မပန်းမြတို့၏ လက်များသည်
ဘွားမယ်စိန်တို့၏အရှေ့သို့ဆန့်တန်းထုတ်လိုက်ရာ
မပန်းလှတို့၏လက်အတွင်းမှ မီးပန်း…မီးညွှန့်များ
တဖွားဖွားထွက်လာပြီး…ဘွားမယ်စိန်တို့ထံသို့
တဟုန်ထိုးပြေးသွားခဲ့လေသည်။
ဒေါ်နော်ခမ်းနဲ့ ရှင်ညိုတို့က ထိုမီးတန်းကြီးကို
အရှေ့မှ ကာဆီး၍တားထားကြလေသည်။
ဒေါ်နော်ခမ်းမှာ ရှင်ညိုကိုကြည့်ပြီးအံ့သြနေခဲ့၏။

ရှင်ညိုတို့နဲ့ မပန်းလှတို့မှာ အပြိုင်အဆိုင် မီးတန်းကြီးအား
တွန်းကန်နေကြစဥ် ဘွားမယ်စိန်သည် သူ၏တောင်ဝှေးကိုမြေပေါ်သို့တစ်ချက်စောင့်ချလိုက်လေတော့ ထိုမီးတန်းကြီးသည် တဖြေးဖြေးဖြင့် အပေါ်သို့
ထောင်ကာတက်သွားတော့သည်။
သို့သော် မပန်းလှသည် သူ၏လက်ကိုဝှေ့ရမ်းလိုက်ပြန်တော့ မီးတန်းကြီးသည် ဘွားမယ်စိန်တို့အား
ရစ်ဝိုင်းလို့ထားပြန်သည်။
မီးကွင်းကြီးတစ်ခုကဲ့သို့ ဘွားမယ်စိန်တို့ကိုရစ်ဝိုင်းထားသည်မှာ အဝေးကမြင်နေရသောမောင်တိုးတို့ပင်
အထိတ်တလန့်ဖြစ်နေခဲ့ကြသည်။
သို့သော် ဘွားမယ်စိန်သည် သူ၏တောင်ဝှေးကို
ထိုမီးတန်းဆီသို့ညွှန်၍ တောင်ဝှေးမှထွက်လာသော
အဖြူရောင်စက်တန်းများသည် မီးတန်းကြီးကိုတဖြေးဖြေးဝါးမြိုကာ ဖျက်ဆီးပစ်လိုက်​လေသည်။
မီးတန်းများပျောက်ကွယ်သွားလေတော့ မပန်းလှနဲ့
မပန်းမြတို့မှာမျက်နှာများပျက်ယွင်းနေကြသည်။

“ကဲ ကလေးမတွေ…ညည်းတို့ထွက်ပြေးမယ်တော့
မကြံကြနဲ့အေ့…”

ဘွားမယ်စိန်ကထိုသို့ပြောလေတော့ လင်းတငှက်ပုံစံ​ပြောင်း၍ ပြေးဖို့လုပ်နေကြသော မပန်းလှတို့မှာ ငြိမ်သွားကြတော့သည်။

“ဒီအနားကို လာကြပါဦး…
ညည်းတို့ဆီကိုဘွားတို့လာရတာက…
ညည်းတို့နဲ့ပညာပြိုင်ပြီး ညည်းတို့​ရဲ့
အ​သက်ကိုရန်မူချင်လို့မဟုတ်ပါဘူးအေ…
ညည်းတို့ထက် တတ်ကျွမ်းတဲ့အောက်လမ်းကောင်ရောက်လာမှာဆိုးတာကြောင့်ပါအေ့…
ဒင်းက ညည်းတို့ကိုအနိုင်ယူပြီး ညည်းတို့ရဲ့ပညာနဲ့
မကောင်းတဲ့ကိစ္စတွေကိုလုပ်လာမှာဆိုးလို့ ဘွားတို့
ဘက်ကလက်ဦးမှုယူထားရတာပါ”

“ရှင်…”

မပန်းလှနဲ့မပန်းမြတို့ အံ့သြသွားသည်။

“ဒါဆို.အမေကြီးတို့က ကျုပ်တို့ကို သတ်ချင်နေတာမဟုတ်ဖူးပေါ့”

“မဟုတ်ရပါဘူးအေ”

မပန်းလှနဲ့မပန်းမြတို့လည်း ဘွားမယ်စိန်တို့ လာရသည့်အကြောင်းကိုသိသွားခဲ့ကြသည်။

“ဒီလိုဆိုရင်တော့ ကျုပ်တို့အိမ်ကိုလိုက်ခဲ့ကြပါ…
အိမ်ရောက်မှ ဆက်ပြောကြတာပေါ့အမေကြီး”

ဘွားမယ်စိန်တို့ကို မပန်းလှတို့က သူတို့၏
အိမ်သို့ခေါ်သွားလေသည်။

“ကျုပ်တို့က အမေကြီးတို့ကို အရင်လာနေကြ
အောက်လမ်း…အထက်လမ်းဆရာတွေလိုထင်ပြီး
ရန်ပြုမိတာပါတော်…”

“ရပါတယ်အေ…ဒါပေမယ့် ညည်းတို့ရဲ့​ပညာကို
တလွဲမသုံးနိုင်အောင်တော့ ဘွားဘက်က
လုပ်စရာရှိတာလုပ်မှရလိမ့်မယ်အေ့”

“ရှင်…”

မပန်းလှနဲ့မပန်းမြတို့ အံ့သြသွားသည်။
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက်
မပန်းလှက…

“ကျုပ်တို့အနေနဲ့အမေကြီးတို့ကို
မယှဥ်နိုင်တာတော့လက်ခံပါတယ်…
ဒါပေမယ့် အမေကြီးဘက်က ကျုပ်တို့ညီအစ်မကို ဘယ်လိုများလုပ်ချင်နေတာလဲရှင်…”

“တခြားမဟုတ်ပါဘူးအေ…
ညည်းတို့ရဲ့ပညာကို မကောင်းတဲ့နည်းတွေသုံးပြီး
မကောင်းတဲ့စိတ်နဲ့လူတွေကိုဒုက္ခမပေးပါဘူးလို့
သစ္စာရေလေးသောက်ပေးယုံတင်ပါအေ့…”

ဘွားမယ်စိန်ပြောသောအခါ မပန်းလှတို့မှာ
စဥ်းစားနေကြသည်။
ခဏမျှကြာတော့ ညီအစ်မနှစ်ယောက်လုံးခေါင်းညိတ်၍…

“ကျုပ်တို့သစ္စာပြုပါ့မယ်…”

ဟုပြောကြလေသည်။
ထိုအခါမှဘွားမယ်စိန်လည်းမပန်းလှတို့ကို
သစ္စာရေတိုက်တော့၏။

“ကဲ…လိုက်ဆိုကြပေတော့…
ရှိရှိသမျှအရာခပ်သိမ်းတို့နှင့်သက်သေတည်ပါတယ်…
ကျုပ်တို့ရဲ့ပညာကိုမကောင်းတဲ့နည်း…
မကောင်းတဲ့စိတ်များဖြင့် ၇ရက်သားသမီးတို့အပေါ်
အသုံးချမိခဲ့ပါလျှင် မိမိအတတ်ဖြင့်မိမိပြန်၍ခံစားရပါစေ”

ဟု…ဘွားမယ်စိန်ကပြော၍သစ္စာရေသောက်စေသည်။
သစ္စာရေသောက်ပြီးနောက်…

“အမေကြီးတို့ ကျုပ်တို့အိမ်မှာပဲတည်းကြပါတော့လား…
ကျုပ်တို့ဧည့်ခံချင်လို့ပါ”

မပန်းလှကပြောတော့ဘွားမယ်စိန်တို့လည်း
လက်ခံလိုက်သည်။

“ဟိုအိမ်ရှေ့က လူတွေကအမေကြီးတို့ရဲ့
လူတွေမဟုတ်လား”

မပန်းမြကပြောတော့ ဘွားမယ်စိန်တို့လှမ်းကြည့်လိုက်ရာ
မောင်တိုးတို့ဖြစ်နေတာကိုသိလိုက်ရ၏။

“ဟုတ်တယ်ကွဲ့…ဘွားရဲ့သားတွေပါ…”

ရှင်ညိုကမောင်တိုးကိုသွားခေါ်လေသည်။
မပန်းလှတို့နှင့် အချင်းချင်းမိတ်ဆက်ကြပြီးနောက်
ဘုန်းကြီးကျောင်း၌ထားခဲ့သည်များကိုပြန်ယူ၍
မပန်းလှတို့အိမ်၌သာတည်းခိုခဲ့ကြသည်။
အောက်စုရွာထဲရှိလူများကလည်းဘွားမယ်စိန်နှင့်
မပန်းလှတို့ညီအစ်မအကြောင်းများကိုသိပြီးနောက်
ဝမ်းသာနေကြ​လေသည်။

အောက်လမ်းဆရာသည်လည်းမပန်းလှတို့အကြောင်းကိိုသိပြီးနောက် ရွာသို့ရောက်လာတော့မည်မဟုတ်ပေ။
အဘယ့်ကြောင့်ဆို ဘွားမယ်စိန်သည်.မပန်းလှတို့ကို အနိုင်ယူနိုင်ခဲ့သောကြောင့်ဖြစ်၏။

ဘွားမယ်စိန်တို့မပြန်ခင်၌ အောက်စုရွာသူ၊ရွာသားများအား…

“ပန်းလှတို့ညီအစ်မကိုသူတို့ရဲ့အတတ်တွေတလွဲမသုံးနိုင်အောင်ဘွားကလုပ်ပေးခဲ့တယ်…
ဒါပေမယ့်သူတို့အပေါ်မကောင်းတဲ့သူ…
ကိုယ်ထိလက်ရောက်လုပ်မယ့်သူဆိုရင်တော့
သူတို့ရဲ့ပညာတွေကို သုံးနိုင်ကြတယ်ဆိုတာ
မမေ့ကြပါနဲ့ကွယ်…”

ဟု…မှာထားခဲ့လေသည်။

ဘွားမယ်စိန်တို့လည်း မပန်းလှ…မပန်းမြတို့နဲ့ရင်းနှီးသွားပြီးသောင်ထွန်းရွာသို့အလည်လာဖို့ရန်ပင် မှာ
ထားခဲ့လေသည်။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)